ဆယ်စုနှစ်ငါးခုအတွင်း အဆိုးရွားဆုံး မိုးခေါင်မှုနှင့် ရင်ဆိုင်နေရသည့် ဗြိတိန်နိုင်ငံ
ဗြိတိန်နိုင်ငံသည် ယခုနှစ်သြဂုတ်လတွင် ဆယ်စုနှစ်ငါးခုအတွင်း အဆိုးရွား ဆုံးမိုးခေါင်မှုနှင့် ရင်ဆိုင်နေရသောကြောင့် ကောက်ပဲသီးနှံစိုက်ပျိုးမှုတွင် ဆုံးရှုံးမှုများဖ ြစ်ပေါ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေး ပြောကြားထား သည်။ နိုင်ငံအတွင်း ရာသီဥတုပူပြင်း ခြောက်သွေ့မှုများ ထူးထူးခြားခြားဖြစ်ပေါ် လာပြီးနောက် ကျွမ်းကျင်သူများက သတိပေးလိုက်ခြင်းဖြစ်သည်။
ရာသီဥတုပူပြင်း ခြောက်သွေ့မှုများသည် များသောအားဖြင့် နိုင်ငံ၏အနောက်တောင် ပိုင်း၊ တောင်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်း၊လန်ဒန်မြို့တော်၏ မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် ဖြစ်ပွားလျက်ရှိပြီး လန်ဒန်မြို့တော်၌ အပူချိန်သည် ၃၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာခဲ့ သည်။ထို့ကြောင့် မိုးခေါင်မှုနှင့် ရာသီဥတုပူပြင်းခြောက်သွေ့မှုကို တုံ့ပြန်နိုင်ရေး အတွက် အစိုးရက တားမြစ်ချက်များ ထုတ်ပြန်ခဲ့ရသည်။
ထို့ပြင် နိုင်ငံအတွင်းရှိ ပြည်သူများ အနေဖြင့် ၎င်းတို့၏ ဥယျာဉ်အတွင်းရှိ ပန်း နှင့်အပင်များအား ရေပိုက်အသုံးပြု၍ ရေလောင်းခြင်း၊ လယ်ယာလုပ်ကိုင်သူများ အနေဖြင့်လည်း ၎င်းတို့၏ ကောက်ပဲသီးနှံများကို ရေသွင်း၍စိုက်ပျိုးခြင်းမျိုး မပြုလုပ်ကြရန် အစိုးရက တားမြစ်ထားသည်။
လက်ရှိတွင် နိုင်ငံအတွင်းဖြစ်ပွားနေသည့် ရာသီဥတု ပူပြင်းခြောက်သွေ့မှုကို ပိုမိုထိရောက်စွာ တုံ့ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များကြား တွေ့ဆုံဆွေးနွေးပွဲများကို လာမည့်ရက် သတ္တပတ်အတွင်း ထပ်မံကျင်းပမည်ဖြစ် သည်။
နိုင်ငံအတွင်း ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက မကြုံစဖူးထူးခြားသည့် အပူလှိုင်း ဖြတ်သန်းမှု ဖြစ်ပွားခဲ့သောကြောင့် ရေကန်၊ မြစ်နှင့် ချောင်းများမှ ရေများ၏အငွေ့ပြန် နှုန်းမှာပိုမိုမြန်ဆန်လာမည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ ကျွမ်းကျင်သူများက စိုးရိမ် လျက်ရှိသည်။ ထို့ပြင် အပူချိန်မြင့်တက်ပြီး မိုးခေါင်ခြင်းကြောင့် နိုင်ငံအတွင်း စိုက်ပျိုးထားသည့် အာလူးကဲ့သို့သော ကောက်ပဲသီးနှံများမှာ ပျက်စီးရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။
တစ်ချိန်တည်းမှာပင် စိုက်ပျိုးရေးသမားများ အနေဖြင့်လည်း ၎င်းတို့စိုက်ပျိုးထားသည့် ကောက်ပဲသီးနှံများ ရေရရှိရေးအတွက် မြစ်၊ ချောင်းများမှ ရေကိုစုပ်ယူ၍ အသုံးပြုနိုင်ခြင်း မရှိသောကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုထားသည်။ ပိုဆိုးသည့်အချက်မှာ စိုက်ပျိုးရေးသမား အများအပြားသည် ၎င်းတို့စိုက်ပျိုးထားသည့် ကောက်ပဲသီးနှံများကို စူပါမားကက်နှင့် ကုန်တိုက်ကြီးများထံ ပေးပို့မည်ဟု သဘောတူစာချုပ်များ ချုပ်ဆိုထားသည့် အချက်ပင်ဖြစ်သည်။
အကယ်၍ အဆိုပါ ဈေးဆိုင်ကြီးများသို့ လိုအပ်သည့် ကောက်ပဲသီးနှံပမာဏ အပြည့် အဝပေးပို့နိုင်ခြင်းမရှိပါက ပိုမိုကြီးမားသည့် ဆုံးရှုံးမှုများနှင့် တွေ့ကြုံရနိုင်သည်။ အစိုးရ ၏ထုတ်ပြန်ချက်များ ထွက်ပေါ်လာပြီးနောက် နိုင်ငံအတွင်းရှိ ဈေးဆိုင်တချို့သည် ရေသန့်ဘူးများကို အကန့်အသတ်ဖြင့်သာ စတင်ရောင်းချနေပြီဖြစ်သည်။
အလားတူ စကော့တလန်၌လည်း အပူချိန် စံချိန်တင်မြင့်တက်လာပြီးနောက် ရေရှားပါးမည့် အန္တရာယ်နှင့် တွေ့ကြုံရဖွယ်ရှိသည်။ တခြားဥရောပ နိုင်ငံများဖြစ်သည့် အီတလီ၊ စပိန်နှင့် ပေါ်တူဂီတို့၌လည်း အလားတူ အခြေအနေမျိုးနှင့် ရင်ဆိုင်နေရပြီး အထူးသဖြင့် အီတလီနိုင်ငံသည် သောက်သုံးရေဖူလုံရေး ဆိုင်ရာ အရေးပေါ် ကြေညာချက်ကို အစိုးရက ထုတ်ပြန်ထား ပြီးဖြစ်သည်။
ဗြိတိန်နိုင်ငံ၌ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် မိုးခေါင်ရေရှားမှု နှစ်ကြိမ်ဖြစ် ပွားခဲ့သော်လည်း ယခုလောက် ဆိုးရွားခြင်း မရှိပေ။ သို့ရာတွင် နိုင်ငံအတွင်း ယခုထပ်မံ ဖြစ်ပွားသည့် မိုးခေါင်ရေရှားမှုသည် အစိုးရ၏ ကြိုတင်ပြင်ဆင်မှု အားနည်းနေခြင်းကို ပြသလျက်ရှိသည်။
လက်ရှိတွင် အပူချိန်မြင့်တက်မှုကြောင့် နိုင်ငံအတွင်းရှိ မြစ်များနှင့် ရေလှောင် ကန်များရှိ ရေပမာဏမှာ လျော့ကျလာသောကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့များက အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ရေအရင်း အမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင် ရေးအတွက် သက်ဆိုင်ရာရေကုမ္ပဏီများ နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
ဗြိတိန်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကြောင့် နွေရာသီကာလအတွင်း ယခင် ကထက် ပိုမိုပူနွေးခြောက်သွေ့လာပြီး ဆောင်းရာသီများတွင် ရာသီဥတုပိုမို စိုစွတ်လာလျက်ရှိသည်။ သို့ရာတွင် အပူချိန်မြင့်တက်လာမှုကြောင့် နွေရာသီအတွင်း ဖြစ်ပွားလေ့ရှိသော အပူလှိုင်းဖြတ်သန်းမှုနှင့် မိုးခေါင်မှုများသည် ပိုမိုရှည်ကြာမည့် အခြေအနေနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။
ထို့ကြောင့် အစိုးရသည် သောက်သုံးရေ အလေအလွင့် မရှိစေရန်နှင့် ရေအရင်းအမြစ်များကို ထိန်းသိမ်းနိုင်ရန်အတွက် နိုင်ငံအတွင်း ကြေညာချက်များ ထုတ်ပြန် ခဲ့ရခြင်းဖြစ်သည်။ အစိုးရက ချမှတ်ထားသည့် တားမြစ်ချက်များကို လိုက်နာခြင်း မရှိဘဲ ဖောက်ဖျက်မည်ဆိုပါက ငွေဒဏ် ချမှတ်မည်ဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်သည် လူဦးရေအားဖြင့် ပြည်သူ ၃၂ သန်းအပေါ် အကျုံး ဝင်မည်ဖြစ်သည်။ ထို့ပြင် ပြည်သူများ အနေဖြင့် ရေချိုးရာတွင် ရေကိုချွေတာ၍ အသုံးပြုကြရန် ရေကုမ္ပဏီများက တောင်း ဆိုခဲ့ရသည်။ အလားတူ ပြည်သူများအနေဖြင့် မိမိတို့၏ မော်တော်ယာဉ်ကို ရေဆေးရာတွင် ရေပိုက်ကို အသုံးပြု၍ ဆေးကြော ခြင်းကိုလည်း တားမြစ်ထားသည်။
တစ်ချိန်တည်းမှာပင် မိုးလေဝသဌာနမှ ကျွမ်းကျင်သူများသည် ယခုနွေရာသီတွင် အပူလှိုင်းများ ထပ်မံဖြတ်သန်းမှုကို ကာကွယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိသည်။ အဘယ်ကြောင့် ဆိုသော် လောလောဆယ်တွင် ဥရောပ ဒေသ၌ အပူချိန် ဆက်လက်မြင့်တက်နေပြီး အဆိုပါ အပူချိန်မြင့်တက်မှုသည် ဗြိတိန်နိုင်ငံသို့ ကူးစက်လာမည်ကို စိုးရိမ်နေခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ဥရောပဒေသရှိ နိုင်ငံတချို့တွင် တောမီးလောင်မှုများ ဖြစ်ပွားနေခြင်းလည်းဖြစ်သည်။
အကယ်၍ ဥရောပမှ အပူချိန်မြင့်တက်မှုသည် ဗြိတိန်နိုင်ငံသို့ ကူးစက်လာမည် ဆိုပါက အခြေအနေမှာ လက်ရှိထက် များစွာ ဆိုးရွားလာနိုင်သည့်အပြင် တော မီးလောင်မှုများကိုပါ ထပ်မံဖြစ်ပွားလာစေနိုင်သောကြောင့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့များအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့များနှင့် ထိရောက်စွာ ပူးပေါင်း လုပ်ဆောင်ရန် လိုအပ်လာပြီဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။ ။