နိုင်ငံတကာရေတပ်မှာ ရေပန်းစားလာတဲ့ အဝေးထိန်း လက်နက်စနစ်-၂
ယမန်နေ့မှအဆက်
အဝေးထိန်းလက်နက်စနစ်များမှာ တပ်ဆင်ထားတဲ့ သေနတ်တွေက သမားရိုးကျအားဖြင့် ၅ ဒသမ ၅၆ မီလီမီတာ ဒါမှမဟုတ် ၇ ဒသမ ၆၂ မီလီမီတာ ကျည်ဆန်သုံး သေနတ်များဖြစ်ပါတယ်။
ဒါပေမဲ့ အဝေးထိန်း လက်နက်စနစ်များကို ပိုမိုထိရောက်မှု ရှိတဲ့ပုံစံမျိုးနဲ့ ပစ်မှတ်များကို ပစ်ခတ်နိုင်ရေးအတွက် အရွယ်အစား အမျိုးမျိုးသော စစ်ရေယာဉ်များမှာ ကျည်ဆန်များကို ၁၂ ဒသမ ၇ မီလီမီတာမှ သည် ၄၀ မီလီမီတာအထိ တိုးမြှင့် သုံးစွဲလာနေတာပါ။
“အသေးစား စစ်ရေယာဉ်တွေမှာဆိုရင် အဝေးထိန်း လက်နက်စနစ်များရဲ့ စွမ်းဆောင်ရည်များက အားသာချက် ပိုရှိပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် အသေးစား စစ်ရေယာဉ်တွေမှာ အဝေးထိန်း လက်နက်စနစ်ကသာ တစ်ခုတည်းသော လက်နက်ဖြစ်ပြီး ပတ်ဝန်းကျင် အခြေအနေကလည်း စစ်ရေယာဉ်ကြီးထက် ပိုဆိုးတဲ့၊ ပိုခက်ခဲတဲ့ အခြေအနေကို ရင်ဆိုင်နေရတာကြောင့် ဖြစ်ပါတယ်။ အသေးစား စစ်ရေယာဉ်မှာ တပ်ဆင်ထားတဲ့ ခေတ်မီအဝေးထိန်း လက်နက်စနစ်က ရွေ့လျားနေစဉ် ပစ်ခတ်မှုကို ကောင်းစွာ လုပ်နိုင်ရုံသာမကဘဲ လေကြောင်း ပစ်မှတ်များကိုလည်း ထိရောက်စွာ ပစ်ခတ်နိုင်ဦးမှာပါ” ဟု ဆွီဒင် ကာကွယ်ရေးပစ္စည်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ Saab မှ အကြီးတန်း ညွှန်ကြားရေးမှူး မီကေးဟန်ဆန်က ပြောပါတယ်။
ယနေ့အချိန်အခါမှာ ကမ္ဘာတစ်ဝန်းရှိ တပ်မတော်များက ပြောင်းအချင်း ပိုကြီးတဲ့ လက်နက်များကို ပိုမိုစိတ်ဝင်စား လာတာတွေ့ရပါတယ်။ အကြောင်းရင်းက ပစ်မှတ်အပေါ် သက်ရောက်မှုကောင်းစွာ ဖြစ်ပေါ်စေဖို့နဲ့ အဝေးပစ်မှတ်များကို ကောင်းစွာ ပစ်ခတ်နိုင်စေဖို့ လိုအပ်လာတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။
ဒီလို အဝေးထိန်း လက်နက်စနစ် ဈေးကွက်ဖြစ်ပေါ်လာခြင်းက လူပါဆုံလည် ဒါမှမဟုတ် လူမဲ့ဆုံလည်ပါ လက်နက်စနစ်များကြား ကွာဟမှုကို ကျဉ်းမြောင်းလာစေပါတယ်။ ဒီအတွက် အဝေးထိန်း လက်နက်စနစ် ထုတ်လုပ်သူများက တွန်းကန်အားနည်းပြီး ပစ်မှတ်အပေါ်ထိချက်ကောင်းစေမယ့် ပြောင်းအချင်းပိုကြီးတဲ့ လက်နက်စနစ်များကို အဓိကထား ထုတ်လုပ်လာကြတာပါ။
စစ်ရေယာဉ်ကြီးများ အနေနဲ့လည်း သူ့မှာပါဝင်တဲ့ လက်နက်ကြီးများ အသုံးမပြုသင့်တဲ့ အခြေအနေမျိုး ဒါမှမဟုတ် အသေးစားပစ်မှတ်များကို ပစ်ခတ်ဖို့လိုအပ်တဲ့ အခြေအနေမျိုးတို့မှာ အဝေးထိန်း လက်နက်စနစ်ကို တပ်ဆင် အသုံးပြုနိုင်ပါတယ်။
လက်နက်ကြီးများနဲ့ တာဝေးပစ် လက်နက်များက အနီးရှိပစ်မှတ်ကို ကောင်းစွာချေမှုန်းနိုင်ခြင်း မရှိတဲ့အခါ သင်္ဘောမှ မီတာ ၅၀ အတွင်းရှိ အသေးစား ပစ်မှတ်များကို ကောင်းစွာ ထိမှန်နိုင်စွမ်းရှိတဲ့ အဝေးထိန်းလက်နက် စနစ်ကို အသုံးပြုရခြင်းမျိုးဖြစ်ပါတယ်။
ပုံမှန်အားဖြင့် ပြောင်းအချင်း ၁၂ ဒသမ ၇ မီလီမီတာ အထိရှိတဲ့ အသေးစားအဝေးထိန်း လက်နက်စနစ်များကို အသေးစားနဲ့ အလတ်စား စစ်ရေယာဉ်များတွင်သာ တပ်ဆင် အသုံးပြုကြတာပါ။ အဲဒီစစ်ရေယာဉ်တွေထဲမှာ တန်ချိန် ၄၅ တန်ကနေ တန် ၃၀၀ ကြားရှိ အမြန်သွားကင်းလှည့်ရေယာဉ်များ၊ ဒုံးကျည်တင် ယာဉ်များနဲ့ အသေးစား ကော်ဗက်စစ်ရေယာဉ်များ ပါဝင်ပါတယ်။ ဒီစစ်ရေယာဉ်များကိုတော့ များသောအားဖြင့် ကမ်းရိုးတန်း အစောင့်နဲ့ အသေးစားခြိမ်းခြောက်မှုများကို ဟန့်တားနိုင်စေရေးအတွက် အသုံးပြုကြပါတယ်။
ပြောင်းအချင်း ၂၀ မီလီမီတာကနေ ၃၀ မီလီမီတာ အသုံးပြုထားတဲ့ အဝေးထိန်း လက်နက်စနစ်များကိုတော့ တန်ချိန် ၃၀၀ မှ ၄၀၀၀ ကြားရှိ အကြီးစား စစ်ရေယာဉ်များမှာ အဲဒီစစ်ရေယာဉ်ရဲ့ မူလရည်မှန်းချက် တာဝန်များနဲ့ ရည်ရွယ်ချက်တို့အပေါ် မူတည်ပြီး ပင်မ သို့မဟုတ် အရန်လက်နက် စနစ်အဖြစ် အသုံးပြုပါတယ်။
ပြောင်းအချင်း ၄၀ မီလီမီတာရှိတဲ့ ကျည်ဆန်များက တာဝေးပိုရောက်ပြီး ထိရောက်မှုအား ပြင်းထန်ပေမယ့် ဝေဟင်ပစ်မှတ်များကို ပစ်ခတ်ရတဲ့ အခါမျိုးမှာတော့ ရေတပ်သုံးအဝေးထိန်း လက်နက်စနစ်က ၃၀ မီလီမီတာ လေကွဲကျည်များကိုသာ အသုံးပြုလေ့ရှိပါတယ်။
အဲဒီအဝေးထိန်း လက်နက်စနစ်များကို မောင်းသူမဲ့ ရေယာဉ်တွေမှာလည်း တပ်ဆင်အသုံးပြုနိုင်ပါတယ်။ မောင်းသူမဲ့ရေယာဉ်များမှာ အဝေးထိန်း လက်နက်စနစ်များကို တပ်ဆင်လိုက်တဲ့အခါ ပစ်မှတ်များကိုတိုက်ခိုက်ဖို့ အတွက် ချဉ်းကပ်ရာမှာ လည်းကောင်း၊ ရေနံတွင်းကဲ့သို့ ပင်လယ်ပြင်ရှိ အခြေခံအဆောက်အဦကို ကာကွယ်ရာမှာ လည်းကောင်း၊ စစ်သင်္ဘောကြီးများကို အကာအကွယ်ပေးရေး အခန်းကဏ္ဍမှာ လည်းကောင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဒီလိုနည်းနဲ့ တပ်ဆင်အသုံးပြုမယ် ဆိုရင်တော့ အဆင့်မြင့် လူတူအသိဉာဏ် (AI) စနစ်ကောင်းတစ်ခုနဲ့ ရုပ်ပုံဖန်တီးရေး စနစ်တစ်ခုလိုအပ်ပါတယ်။ ဒါမှသာ မောင်းသူမဲ့ရေယာဉ်က လူလိုက်ပါသော ရေယာဉ်ကဲ့သို့ လုပ်ငန်းဆောင်တာများကို အပြည့်အဝ ထမ်းဆောင်နိုင်မှာပါ။
စင်ကာပူရေတပ်ဆိုရင် ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် မောင်းသူမဲ့ရေယာဉ်များကို တပ်တော်ဝင် အသုံးပြုနိုင်ရေး ဆောင်ရွက်နေပါတယ်။ အဲဒီရေယာဉ်တွေမှာ အဝေးထိန်း လက်နက်စနစ်များကို တပ်ဆင်သွားမှာဖြစ်ပြီး ၁၂ ဒသမ ၇ မီလီမီတာသေနတ်နဲ့ လေဆာအလင်းတန်း တစ်ခုတို့ကို ပေါင်းစပ် အသုံးပြုသွားမှာဖြစ်ပါတယ်။
ဖိလစ်ပိုင်ရေတပ်က Project BUHAWI ဆိုတဲ့ စီမံကိန်းအောက်မှာ ဒသမ ၅၀ စက်သေနတ်ကြီးနဲ့တွဲဖက် အသုံးပြုမယ့် ကိုယ်ပိုင်အဝေးထိန်း လက်နက်စနစ်ကို ထုတ်လုပ်နိုင်ရေး စတင် လုပ်ဆောင်နေပါတယ်။
ဒီစီမံကိန်းက ဖိလစ်ပိုင် တပ်မတော်က လိုအပ်တဲ့ စစ်လက်နက်ပစ္စည်းများကို ပြည်တွင်းမှာသာ ဖူလုံအောင် ထုတ်လုပ်နိုင်ရေး လုပ်ဆောင်မှုအဖြစ် ရည်ရွယ်ထားကြောင်း ဖိလစ်ပိုင်ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။
လတ်တလော အဝေးထိန်း လက်နက်စနစ် ဈေးကွက်ထဲ ရောက်ရှိထားတဲ့ လက်နက်အမျိုးအစားက အီတလီ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု ကုမ္ပဏီဖြစ်တဲ့ လီယိုနာဒို ကုမ္ပဏီထုတ် လိုင်းယွန်းဖစ် အမျိုးအစားဖြစ်ပါတယ်။
အဲဒီအမျိုးအစားကို ၂၀၂၀ ပြည့်နှစ်ကတည်းက စတင် ထုတ်လုပ်လာတာပါ။
အဓိကအားဖြင့် အမြန်သွား ရေယာဉ်များ၊ အမြန်သွား ကမ်းနီးတိုက်ခိုက်ရေးယာဉ်များ၊ ရဟတ်ယာဉ်များနဲ့ မောင်းသူမဲ့လေယာဉ်များကို တန်ပြန်ပစ်ခတ်နိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ လိုင်းယွန်းဖစ်ကို အမျိုးအစား သုံးမျိုးဖြင့် ရရှိနိုင်ကာ ထိုအမျိုးအစားအားလုံး က ၁၂ ဒသမ ၇ မီလီမီတာ ကျည်ဆန်ကို အသုံးပြုထားပါတယ်။
အဲဒီအမျိုးအစား သုံးမျိုးကတော့ ပေါင် ၄၀၀ရှိ အလွန်ပေါ့အမျိုးအစား၊ ကုန်းပတ်အောက်ကနေ ကျည်ဆန်ပြန်ဖြည့်ပေးနိုင်တဲ့ ပေါင် ၄၈၀ ရှိ အမျိုးအစားနဲ့ ကျည်ဆန်အတောင့် ၄၀၀ ဆံ့ ကျည်အိမ်ပါဝင်ကာ အဆင့်မြင့်လမ်းညွှန်စနစ်၊ ရာသီဥတုဒဏ်ခံ အဖုံးနဲ့ ကိုယ်ပျောက်စွမ်းဆောင်ရည်များ ပါဝင်တဲ့ ပေါင် ၆၆၀ ရှိ ထိပ်တန်းအမျိုးအစား တို့ဖြစ်ပါတယ်။
ပြင်သစ်စစ်လက်နက်ပစ္စည်း ဝယ်ယူရေးအဖွဲ့က ပြင်သစ်ရေတပ်ရှိ စစ်ရေယာဉ်များ အားလုံးမှာ တပ်ဆင်အသုံးပြုနေတဲ့ 20B Narwhal အဝေးထိန်း လက်နက်စနစ်များ အားလုံးကို အဆင့်မြှင့်တင်ဖို့ ၂၀၂၀ ပြည့်နှစ်မှာ နက်စတာကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒီလိုအဆင့်မြှင့်တင်ခြင်းက ရေတပ်စစ်သင်္ဘော တစ်စင်းရဲ့ ကာကွယ်ရေးစွမ်းဆောင်ရည်မှာ အဝေးထိန်း လက်နက်စနစ်ရဲ့ အရေးပါပုံကို မီးမောင်းထိုးပြနေခြင်း ဖြစ်ပါတယ်။
နက်စတာကုမ္ပဏီ အနေနဲ့ ပြင်သစ်ရေတပ်အတွက် V1 အမျိုးအစား အဝေးထိန်း လက်နက်စနစ်များကို တပ်ဆင်ပေးနေပြီး ပြင်သစ်ရေတပ် တစ်ခုလုံးစာအတွက် အဆင့်မြင့် ြမေတ့ေူ အဝေးထိန်း လက်နက်စနစ်များ လွှဲပြောင်း တပ်ဆင်ပေးမှုကိုတော့ ဒီနှစ်အကုန်မှာ အပြီးသတ် လုပ်ဆောင်သွားမှာပါ။
Kongsberg ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ RS4 အမျိုးအစား ရေတပ်သုံး အဝေးထိန်း လက်နက်စနစ်က မြေပြင်အခြေစိုက် Protector အမျိုးအစား အဝေးထိန်း လက်နက်စနစ်ကို အခြေခံထုတ်လုပ်ထားတာပါ။ သူတို့ရဲ့လက်နက်စနစ်မှာ တစ်ကမ္ဘာလုံး အသုံးပြုမှု အများဆုံးဖြစ်ကြောင်းနဲ့ အလက်ရေ ၂၀၀၀၀ အထိ အသုံးပြုနေကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။
ယနေ့အချိန်အခါမှာ တစ်ဖက်က ထိရောက်မှု အရှိဆုံးသော ပစ်ခတ်မှုကို ဆောင်ကြဉ်းပေးသလို တစ်ဖက်မှာလည်း စစ်သည်ကို ဘေးကင်းအောင် ကာကွယ်ပေးထားနိုင်တာကြောင့် အဝေးထိန်းလက်နက် စနစ်ဈေးကွက်က ပိုမိုကျယ်ပြန့်လာပါပြီ။
ဒါ့အပြင် ကုန်ကျစရိတ်နည်းနည်းနဲ့ စွမ်းဆောင်ရည် မြင့်မားတဲ့ အာရုံခံကိရိယာများကို ဖန်တီးထုတ်လုပ်နိုင်ခြင်းကြောင့် လည်းကောင်း၊ ယခင်တုန်းက အလွန်ရှုပ်ထွေးတဲ့ စနစ်များမှာသာ အသုံးပြုနိုင်ခဲ့တဲ့ ဆော့ဝဲကို ယခုအခါ အလွယ်တကူ အသုံးပြုလာနိုင်ခြင်းကြောင့် လည်းကောင်း အဝေးထိန်း လက်နက်စနစ်များရဲ့ စွမ်းဆောင်ရည်များကလည်း ပိုမိုတိုးတက်လာခြင်း ဖြစ်ပါတယ်။
ဒါကြောင့် အနာဂတ်မှာ နည်းပညာ ကဏ္ဍဖွံ့ဖြိုး တိုးတက်လာတာနဲ့အမျှ အဝေးထိန်း လက်နက်စနစ်များ အတွက် နည်းပညာများသည်လည်း ဆန်းသစ်လာမှာဖြစ်ပြီး ထိုမှတစ်ဆင့် အဝေးထိန်း လက်နက်စနစ်များရဲ့ စွမ်းဆောင်ရည်များ ယခုထက်ပိုမို တိုးတက်လာဖွယ်ရာသာ ရှိနေပါတော့တယ်။
Ref: AMR
ကိုထက်