နိုင်ငံစီးပွားကြီးထွားစေရေး ဖြည့်ဆည်းပေးမည့်အစီအမံတစ်ခု   

နိုင်ငံစီးပွားကြီးထွားစေရေး ဖြည့်ဆည်းပေးမည့်အစီအမံတစ်ခု   

မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးဖွံ့ဖြိုးမှုကို  ပြန်လည်မြှင့်တင်နိုင်ရန်၊ နိုင်ငံတကာတွင်  ကြုံတွေ့နေရသော ငွေကြေးမတည်ငြိမ်မှုများမှ ရိုက်ခတ်လျက်ရှိသည့်

အကျိုးဆက်များမှကာကွယ်နိုင်ရန်၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက်  ဈေးကွက်လိုအပ်ချက်နှင့်    ပြည်တွင်းထုတ်လုပ်မှုဟန်ချက်ညီစေရန်တို့အတွက်  နိုင်ငံ၏လယ်ယာစီးပွားမြှင့်တင်ရေးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ စီးပွားရေးမြှင့်တင်ရေးကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက အလေးပေးဆောင်ရွက်လျက်ရှိသည်။

လယ်ယာထွက်ကုန်များအား  အဓိက ထုတ်လုပ်တင်ပို့သည့်   နိုင်ငံဖြစ်သည့်အားလျော်စွာ  စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်   ကုန်ထုတ်လုပ်မှုကို မြှင့်တင်ဆောင်ရွက်နိုင်ရန် လိုအပ်သည့် အရင်းအနှီးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုရန်ပုံငွေမှကျပ်ဘီလီယံ  ၄၀၀ ကို    သီးသန့်ရန်ပုံငွေတစ်ရပ်   ထူထောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်ဘီလီယံ ၄၀၀ မှ စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့   ၁၇၀ ဘီလီယံ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့ ၆၀ ဘီလီယံ၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် မြစိမ်းရောင်စီမံကိန်းများဆောင်ရွက်နိုင်ရန် ပြည်နယ်တစ်ခုလျှင်  ကျပ်  ၁၀ ဘီလီယံ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊  မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့အတွက်  ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခုလျှင် ကျပ် ၈ ဘီလီယံ၊ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့အတွက် ဒေသတစ်ခုလျှင် ကျပ် ၅ ဘီလီယံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး  ကျန်ရှိငွေများကို အခြားသင့်လျော်မည့် လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့    ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများအနေဖြင့် သီးနှံကဏ္ဍတွင် နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူး၊  မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးများရှိ နွေစပါး ဧက ၈ ဒသမ ၅  သိန်း၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးများရှိ  ဆောင်းပဲတီစိမ်းဧက ၅ သိန်းတို့ကို ပုဂ္ဂလိကနှင့် တောင်သူများပူးပေါင်း၍  အကျိုးတူလယ်ယာစနစ် လုပ်ကိုင်နိုင်ကြရန် ဝန်ကြီးဌာနများက ဆက်စပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

ယင်းသို့ အကျိုးတူလယ်ယာစနစ်ဆောင်ရွက်ခြင်းဖြင့် လုပ်ကွက်ငယ်တောင်သူများ၊ အသေးစားနှင့်အလတ်စား စိုက်ပျိုးထုတ်လုပ်သူများ  ရင်းနှီးမြှုပ်နှံမှုပမာဏ  လျော့ကျသက်သာခြင်း၊ ထုတ်လုပ်မှုစွမ်းအားမြင့်မားလာစေရန် လိုအပ်သော  သွင်းအားစုများဖြစ်သည့် မျိုး၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့်နည်းပညာများရရှိခြင်းနှင့်  ထွက်ကုန်သီးနှံများအတွက် သေချာသောဈေးကွက်ရရှိစေခြင်း စသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။

အကျိုးတူလယ်ယာစနစ်အရ  ပုဂ္ဂလိကလုပ်ငန်းရှင်က  မျိုးနှင့်  ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးစသည့်   သွင်းအားစုများ ကြိုတင်ထုတ်ပေးမည်ဖြစ်ပြီး  ထွက်ရှိလာမည့်သီးနှံများကိုလည်း   ကုန်ချောထုတ်လုပ်မည့်   လုပ်ငန်းရှင်လက်ဝယ်အရောက် ပေါက်ဈေးအတိုင်း ရောင်းချခွင့် ရမည်ဖြစ်၍ ထိုက်သင့်သည့် ဈေးနှုန်း ရရှိမည်ဖြစ်ပြီး ဈေးကွက်လည်း  သေချာမှုရှိရာ လယ်ယာစီးပွားမြှင့်တင်ရေးအတွက် ထိရောက်သည့် အစီအမံတစ်ခုပင်ဖြစ်သည်။

အလားတူ ပြည်နယ်နှင့်တိုင်းဒေသကြီး ရှစ်ခုနှင့်   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသခြောက်ခုရှိ  ကျေးရွာပေါင်း ၂၅၀၀ ခန့်တွင်  စိုက်ပျိုးမွေးမြူရေးမြစိမ်းရောင် ကျေးရွာစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးမည် ဖြစ်ရာ ကျေးလက်နေပြည်သူများအနေဖြင့်   စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ပိုမိုတိုးချဲ့ဆောင်ရွက် နိုင်ကြမည်ဖြစ်၍ မိသားစုဝင်ငွေများ တိုးပွားလာကြမည်ဖြစ်သည်။ ထို့ပြင် ကျေးရွာအရင်းမပျောက်    လည်ပတ်ရန်ပုံငွေထူထောင်ဆောင်ရွက်မှုမှ တိုးပွားလာသော  ရန်ပုံငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း  ကျေးရွာနေပြည်သူများကိုယ်တိုင် စီမံဆောင်ရွက်နိုင်ကြမည်ဖြစ်ရာ ယင်းဒေသ နေပြည်သူများ၏   လူနေမှုအဆင့်အတန်းလည်း မြင့်မားလာပေမည်။

ထို့ပြင်   ပြည်နယ်/တိုင်းဒေသကြီးများ၊  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ စီးပွားရေးမြှင့်တင်မှုကို များစွာအထောက်အကူဖြစ်စေမည်ဖြစ်သည်။

အဆိုပါ စိုက်ပျိုးမွေးမြူရေးမြစိမ်းရောင် ကျေးရွာစီမံကိန်းအရ စိုက်ပျိုးရေးကဏ္ဍတွင် ဒေသ၊ ရေ၊  မြေ၊ ရာသီဥတုနှင့် ကိုက်ညီသည့် ကော်ဖီ၊ လက်ဖက်၊ ဝဥနှင့် အခြားနှစ်ရှည်သီးနှံပင်များအပါအဝင် ဝင်ငွေကောင်းသီးနှံများ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက်    အရင်းမပျောက်   လည်ပတ်ရန်ပုံငွေ ထူထောင်ပေးသွားမည်ဖြစ်သည်။

ထိုနည်းတူ    မွေးမြူရေးကဏ္ဍတွင် ကျွဲ၊ နွား၊ နွားနောက်အပါအဝင် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ  လုပ်ကိုင် နိုင်ရေးအတွက် ကျေးရွာအရင်းမပျောက်လည်ပတ်ရန်ပုံငွေထူထောင်ပေးမည်ဖြစ်ပြီး  သီးနှံကဏ္ဍနှင့် မွေးမြူရေး ကဏ္ဍဆိုင်ရာ နည်းပညာနှင့် လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများက  စဉ်ဆက်မပြတ် ကူညီဖြည့်ဆည်းပေးရန် စီမံဆောင်ရွက်ထားရှိကြောင်း သိရသည်။

ထို့ပြင်  စိုက်ပျိုးမွေးမြူရေး  မြစိမ်းရောင်ကျေးရွာစီမံကိန်းအရ ငါးလုပ်ငန်းကဏ္ဍလုပ်ကိုင်နိုင်ရေးအတွက် ကျေးလက်အိမ်ထောင်စုများအနေဖြင့် ကျေးရွာသို့ မတည်ထူထောင်ပေးထားသော  အရင်းမပျောက်လည်ပတ် ရန်ပုံငွေအားရယူ၍ ငါးလုပ်ငန်းကိုဆောင်ရွက်နိုင်ရန်   ရခိုင်ပြည်နယ်၊   တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊  ကရင်ပြည်နယ်နှင့်   ရှမ်းပြည်နယ်တို့ရှိ    ကျေးရွာများအတွက်  ထောက်ပံ့ပေးနိုင်ရန်စီစဉ်လျက်ရှိကြောင်း သိရှိရသည်။   ထိုသို့ဆောင်ရွက်ရာတွင် အိမ်ထောင်စုတစ်စုချင်း  သို့မဟုတ် နီးစပ်ရာဒေသများရှိ ကျေးရွာများမှ  အစုအဖွဲ့များဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ယခင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သော မြစိမ်းရောင်စီမံကိန်းများ ဆောင်ရွက် အောင်မြင်ခဲ့သည့် အစဉ်အလာများပေါ် အခြေခံ၍ ယနေ့အခြေအနေများနှင့်  လိုက်လျောညီထွေရှိစေမည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် သင့်တော်သည့်     လုပ်ငန်းစဉ်များကို သတ်မှတ်ဆောင်ရွက်သွားမည် ဖြစ်သည်။

စိုက်ပျိုးမွေးမြူရေး မြစိမ်းရောင်ကျေးရွာစီမံကိန်းအား စိုက်ပျိုးရေး၊  မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာနမှ    တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ  စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်     ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် နိုင်ငံနှင့်အဝန်း နယ်စပ်ဒေသမကျန် ပြည်သူများ၏ စားဝတ်နေရေး တိုးတက်စေရေး၊   ဒေသအသီးသီး၏  ကုန်ထုတ်စွမ်းအားတိုးတက်စေရေး၊ ပြည်တွင်း၏  စားနပ်ရိက္ခာဖူလုံပိုလျှံရေးနှင့် ပို့ကုန်တိုးမြှင့်ရေး၊    နိုင်ငံ့စီးပွားရေးမြှင့်တင်နိုင်ရေးတို့အတွက်  နိုင်ငံတော်အစိုးရက   သီးသန့်ရန်ပုံငွေတစ်ရပ် ထူထောင် ဆောင်ရွက်ပေးမှုအပေါ်  ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများနှင့်  ပြည်သူတစ်ရပ်လုံးက လုပ်ငန်းများ  အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး မိမိတို့ကျရာ အခန်းကဏ္ဍမှ   တစ်ခဲနက်  ကြိုးပမ်းကြရန်   တိုက်တွန်းလိုက်ရပါသည်။   ။

လယ်သူကြီး