စက်သုံးဆီနှင့် ပတ်သက်ပြီး လတ်တလောဖြစ်ပေါ်နေသည့် ကောလာဟလ သတင်းများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်
စက်သုံးဆီနှင့် ပတ်သက်ပြီး လတ်တလောဖြစ်ပေါ်နေသည့် ကောလာဟလ သတင်းများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အောက်ပါအတိုင်း ဖြေကြားထားပါသည်-
“အခုလ ၁၃ ရက်နေ့လောက်ကနေ စပြီးတော့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ စက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ ကောလာဟလတွေကို တွေ့ရှိခဲ့ပါတယ်။ အဓိကဖြစ်ပေါ်ခဲ့တာကတော့ မန္တလေးမြို့မှာဖြစ်ပါတယ်။
မန္တလေးမြို့မှာ သြဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်းလောက်နဲ့ ညပိုင်းလောက်မှာ ပုံမှန်ရောင်းချပေးနေတဲ့ ကုမ္ပဏီကြီးတွေရဲ့ ဆီဆိုင်တွေမှာတောင်မှ ကောလာဟလတွေ ကြောင့် စက်သုံးဆီကို စုပြုံပြီး ဝယ်ယူကြတဲ့ အခြေအနေမျိုးတွေဖြစ်ခဲ့ပါတယ်။ သတင်းမရတဲ့ စက်သုံးဆီဆိုင်တချို့မှာလည်း စက်သုံးဆီကို ချွေပြီးရောင်းတာတို့ ဆီကုန်သွားပြီလို့ ပြောတာမျိုးတွေ ရှိခဲ့ပါတယ်။
အဲဒါကြောင့် ကုမ္ပဏီကြီးတွေရဲ့ ဆီဆိုင်တချို့မှာ စုပြုံပြီးတော့ ဝယ်ယူကြတယ်။ အဲဒီလိုစုပြုံပြီး ဝယ်ယူကြတဲ့အတွက် စက်သုံးဆီ ပြတ်လပ်တဲ့ ပုံစံမျိုးဖြစ်တာဖြစ်ပါတယ်။ ကျွန်တော်တို့မှာ အရန်စက်သုံးဆီတွေရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ချက်ချင်းပြန်လည် ဖြည့်ဆည်းပေးနေပါတယ်။
ဒါပေမဲ့ကြားထဲမှာ အနည်းငယ်ပြတ်လပ် သွားတာတော့ ရှိပါတယ်။ ကောလာဟလ သတင်းတွေ ထုတ်လွှင့်ပြီးတဲ့နောက်မှာ ဒီလိုကိစ္စတွေ ဖြစ်လာတာဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ စက်သုံးဆီကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်မှုမရှိဖို့ ကျွန်တော့်အနေနဲ့ပြောချင်ပါတယ်။ သြဂုတ် ၁၄ ရက်နေ့က သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီတင်သင်္ဘော တစ်စင်း ဆိုက်ကပ်ပြီးတော့ စက်သုံးဆီတွေ ချခဲ့ပါတယ်။ သြဂုတ် ၁၅ ရက်နေ့မှာဆိုရင်လည်း စက်သုံးဆီတင်သင်္ဘော လေးစင်းဆိုက်ကပ်ပြီးတော့ စက်သုံးဆီတွေ ချနေပါတယ်။
92, 95 , Dieselနဲ့ Premium Diesel စုစုပေါင်းတန်ချိန် ၆၀၀၀၀ လောက် ဒီနေ့ ချနေပါတယ်။ ဂါလန် ၁၃ သိန်းလောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ 92 တန်ချိန် ၂၇၀၀၀ ကျော်၊ 95 တန်ချိန် ၃၀၀၀ ကျော်၊ Diesel တန်ချိန် ၆၀၀၀ ကျော်နဲ့ Premium Diesel တန်ချိန် ၂၂၀၀၀ ကျော်ကို ဒီနေ့ဆိပ်ကမ်းမှာ တစ်ပြိုင်တည်း ချနေပါတယ်။ အခုလ ၁၈ ရက်နေ့မှာ စက်သုံး ဆီတန်ချိန် ၂၀၀၀၀ လောက် ထပ်ပြီး ဝင်လာဖို့ရှိပါတယ်။ ၁၉ ရက်နေ့မှာဆိုရင်လည်း စက်သုံးဆီ တန်ချိန် ၂၃၀၀၀ လောက် ထပ်ပြီး ဝင်ရောက်လာဖို့ ရှိပါတယ်။ အဲဒီ နောက်ပိုင်းမှာလည်း စက်သုံးဆီတင် သင်္ဘော ၁၂ စင်းလောက် ထပ်ပြီးဝင်ရောက်လာဖို့ ရှိပါတယ်။
အခုလတ်တလော ဆိပ်ကမ်းမှာ စက်သုံးဆီ ဂါလန် ၁၃ သိန်းလောက် ချနေတာဖြစ်တဲ့ အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်စရာမရှိဘူးလို့ပဲ ပြောချင်ပါတယ်။ ကောလာဟလတွေ ထုတ်လွှင့်ပြီး ပြည်သူလူထုကို စိုးရိမ်တကြီးနဲ့ စက်သုံးဆီဆိုင်တွေမှာ သိုလှောင်နိုင်တဲ့ ပမာဏထက် စုပြုံဝယ်ယူမှုဖြစ်အောင် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ပြောလိုပါတယ်။ ပြည်သူလူထုကို ထပ်မံအသိပေးလိုတာကတော့ ကမ္ဘာတစ်ဝန်းလုံးမှာလည်း စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေပါတယ်။ အဲဒါကိုတော့ ကျွန်တော်တို့လည်း သွားပြီးထိန်းချုပ်လို့ မရပါဘူး။ နိုင်ငံတော်အစိုးရ အနေနဲ့ စက်သုံးဆီနဲ့ပတ်သက်ပြီး အခွန်တွေကို လျှော့ပေါ့ ပေးနေပါတယ်။ ဒါ့အပြင် စက်သုံးဆီ ဝယ်ယူ တင်သွင်းနိုင်ဖို့အတွက် နိုင်ငံခြားငွေရောင်းချ ပေးတာတွေကိုလည်း ဆောင်ရွက်ပေးနေပါတယ်။
အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံတွေမှာ ရောင်းချပေးနေတဲ့ စက်သုံးဆီ ဈေးနှုန်းက ကျွန်တော်တို့နိုင်ငံအထဲမှာ ရောင်းချနေတဲ့ ဈေးနှုန်းထက် ပိုပြီးမြင့်တက်နေတာကို နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။ အကျဉ်းချုပ် ပြောရမယ်ဆိုရင် စက်သုံးဆီ ပမာဏတန်ချိန် ၆၀၀၀၀ လောက် သီလဝါဆိပ်ကမ်းမှာ ဒီနေ့ချနေပါတယ်။ ဂါလန်နဲ့ တွက်မယ်ဆိုရင် ဂါလန် ၁၃ သိန်းလောက် ရှိပါတယ်။ အရန်စက်သုံးဆီတွေ ရှိနေသလို နောက်ထပ် ဝင်ရောက်လာမယ့် စက်သုံးဆီတင် သင်္ဘောတွေလည်း ရှိနေပါတယ်။ နိုင်ငံတော်အစိုးရ အနေနဲ့ ပြည်သူလူထုရဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ ပြည်သူလူထုရဲ့ စားဝတ်နေရေးတို့နဲ့ ပတ်သက်ပြီး အလေးထား ဆောင်ရွက်ပေးနေပါတယ်လို့ ပြောလိုပါတယ်။”