ကျွဲကောသီးအထွက်နှုန်း လျော့နည်းလာသောကြောင့် ဈေးကောင်း ပြန်လည်ရရှိလာ

ကျွဲကောသီးအထွက်နှုန်း လျော့နည်းလာသောကြောင့် ဈေးကောင်း ပြန်လည်ရရှိလာ

မွန်ပြည်နယ်၌ ယခုလအတွင်း ကျွဲကောသီး အထွက်နှုန်း   လျော့နည်းလာသောကြောင့်   ဈေးကောင်းပြန်လည် ရရှိလာကြောင်း ကျွဲကောသီး စိုက်ပျိုးရောင်းချသူများ၏ ပြောပြချက်အရ သိရသည်။

ကျွဲကောသီးအထွက်နှုန်း များပြားချိန်က ကျွဲကောအလုံးကြီး တစ်လုံးလျှင် ငွေကျပ် ၁၅၀၀   ခန့်သာရရှိခဲ့ရာမှ   လက်ရှိတွင် ငွေကျပ် ၂၅၀၀ အထိ ဈေးကောင်းပြန်လည် ရရှိလာခြင်းဖြစ်သည်။

“လက်ရှိက အသီးရှားလာတော့ ဈေးကောင်းပြန်ရလာတယ်။ ဒီရက်ပိုင်း မိုးရွာလိုက်တော့ အသီးတွေ ပြန်လိုက်လာတယ်။

ပျားရည်ကျွဲကောရော ပန်း(၁)ပါ ရပါတယ်။ ပျားရည်ကျွဲကောကတော့ အလုံးကြီး မရှိတော့ဘူး။  ပန်း(၁)ကတော့  အရွယ်အစား မျိုးစုံရှိပါသေးတယ်။ ကျွဲကောက ဒူးရင်းသီးလိုမဟုတ်ဘဲ အကြမ်းပိုခံတယ်။ လုပ်သား လိုအပ်ချက်လည်း နည်းတယ်”ဟု မွန်ပြည်နယ်မှ ကျွဲကောသီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ဦးမင်းစိုးကပြောသည်။

ပြည်တွင်း၌ထွက်ရှိသည့် ကျွဲကောသီးများတွင် ပန်းရောင်နှင့် အဖြူရောင် အသီးဟူ၍ရှိပြီး အဖြူရောင်အသီးမှာ အရသာ ပိုမိုကောင်းမွန်သော်လည်း ပန်းရောင်အသီးမှာ ပို၍တာရှည်ခံလေ့ ရှိကြောင်း၊ ကျွဲကော မျိုးစိတ်ပေါင်း ၂၀ ကျော်ရှိသည့် အနက် ပြည်တွင်း၌ ပန်း(၁)၊ ပန်း(၂)အမျိုးအစားများ ဖြစ်သည့် ပန်းရောင်မျိုးများနှင့် အဖြူ(သကြားကျွဲကော)မျိုးများကို စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ကျွဲကောသီးကို ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဧက ၃၀၀ ကျော်၊ မွန်ပြည်နယ်အတွင်း ၃၂၀၄ ဧက အပအဝင် တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့်    ကချင်ပြည်နယ်တို့၌လည်း စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။