အမေရိကန်ဘက်က ရန်စမှုပိုများလေ တရုတ်က ထိုင်ဝမ်ကျွန်း အရေးကို အချိန်တိုအတွင်း ပိုဖြေရှင်းနိုင်လေ

အမေရိကန်ဘက်က ရန်စမှုပိုများလေ တရုတ်က ထိုင်ဝမ်ကျွန်း အရေးကို အချိန်တိုအတွင်း ပိုဖြေရှင်းနိုင်လေ

 အမေရိကန်အထက်လွှတ်တော် အမတ်များ ပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ကတော့ သြဂုတ် ၁၄ ရက်တုန်းက အမေရိကန် စစ်လေယာဉ်ကို စီးလို့   ထိုင်ဝမ်ကျွန်းကို နှစ်ရက်ကြာခရီး ရောက်ရှိလို့လာပြန်ပါပြီ။ ဒါဟာ   တရုတ်နိုင်ငံအတွက်တော့ အမေရိကန်တို့ရဲ့ ရန်စမှု အသစ်တစ်ခုပါပဲ။

တစ်ရက်တည်းမှာပဲ တရုတ်တပ်မတော်က  စစ်လေယာဉ် စုစုပေါင်း ၂၂ စင်းနဲ့ စစ်ရေယာဉ်ခြောက်စင်းကို   တိုက်ပွဲဝင် အသင့်ဖြစ်မှုနဲ့    ကင်းလှည့်မှုတို့ အတွက် ထိုင်ဝမ်ရေလက်ကြားကို စေလွှတ်ခဲ့တယ်လို့ ထိုင်ဝမ်ကျွန်းဘက်က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီစစ်လေယာဉ်၊  စစ်ရေယာဉ်တွေထဲက တချို့ဆိုရင် ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းကို ကျော်ဖြတ်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ကတော့   အဲဒီလို အလယ်မျဉ်းဆိုပြီး တရားဝင် သတ်မှတ်ထားတာမျိုး မရှိသလို အဲဒီလိုသတ်မှတ်ဖို့လည်း မလိုအပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ထိုင်ဝမ်ကျွန်းဆိုတာ တရုတ်နိုင်ငံရဲ့ပြည်နယ် တစ်ခုမဟုတ်ပါလား။

အမေရိကန်အစိုးရကတရုတ်နိုင်ငံ ပြည်တွင်းရေးနဲ့ ပတ်သက်လာရင် ပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိပါတယ်။ အဲဒါကတော့ သူတို့ဟာ “တရုတ်တစ်နိုင်ငံတည်း”အခြေခံ သဘောတရားကို   မပြောင်းမလဲ လက်ခံတယ်ဆိုတဲ့ စကားပါပဲ။

ဒါပေမဲ့ အမေရိကန်လွှတ်တော်အမတ်တွေနဲ့ အမေရိကန် တာဝန်ရှိသူတချို့ဟာ ထိုင်ဝမ်ကျွန်းကို မကြာခဏဆိုသလို အလည်အပတ်လာနေတာက သူတို့အပြောနဲ့   သူတို့လုပ်ရပ်ကိုက်ညီရဲ့လား ဆိုတာကို နည်းနည်းလေးမှ ဆန်းစစ်ဟန်မရှိပါဘူး။

ဒီကြားထဲကမှ အဲဒီကိုရောက်သွားတဲ့သူတိုင်း  ထိုင်ဝမ်ကျွန်းရဲ့ လွတ်လပ်ရေးကို ထောက်ပံ့ပေးမယ်ဆိုတဲ့ စကားမျိုးပြောသွားလေ့ရှိတာကလည်း  အမေရိကန်တို့ ပြောပြောနေတဲ့ “တရုတ်တစ်နိုင်ငံတည်း” အခြေခံသဘောတရားကို လက်ခံတယ်ဆိုတဲ့ စကားအပေါ် ဝိဝါဒကွဲပြားစေပြန်ပါတယ်။

တကယ်တော့   မဟာအင်အားကြီး နိုင်ငံအဖြစ် ရပ်တည်ပြီး ကမ္ဘာတစ်ဝန်းသြဇာ ဖြန့်ကြက်လွှမ်းမိုးနိုင်ဖို့အတွက် မူဝါဒတွေ ချမှတ်နေတဲ့   အမေရိကန်လို နိုင်ငံမျိုးက အကြောင်းမဲ့ သက်သက်တော့ ဒီလိုလုပ်နေဟန် မတူပါဘူး။

ဒါကြောင့်လည်း    အမေရိကန်တို့ရဲ့ အခုလိုလုပ်ဆောင်ချက်က ရန်စတဲ့ လုပ်ဆောင်ချက် ဖြစ်တယ်လို့     တရုတ်အစိုးရက သတ်မှတ်ထားတာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ  ထိုင်ဝမ်ကျွန်းကိုလည်း အမေရိကန်က မျှော်လင့်ချက် အမှားတွေပေးနေပြန်တာ  တွေ့ရပါသေးတယ်။ အမေရိကန်တွေက   သူတို့ရဲ့ ခွဲထွက်ရေးမူဝါဒကို အကာအကွယ် ပေးထားပါလားလို့ ထိုင်ဝမ်ကျွန်းပေါ်က သူတွေက   ယုံကြည်ထားကြတာပါ။

ဒါပေမဲ့ တရုတ်အစိုးရဘက်ကကြည့်ရင်တော့ အဲဒီလိုမဟုတ်ပြန်ပါဘူး။  အမေရိကန်က ထိုင်ဝမ်ကျွန်းကို ဓားစာခံလုပ်ပြီး တရုတ်နိုင်ငံကို ရန်စမှုတွေ ပိုလုပ်လာတယ်လို့ ရှုမြင်ထားပါတယ်။

ဒီလိုရှုမြင်ထားမှုရဲ့    နောက်ဆက်တွဲ အကျိုးဆက်ကတော့   တရုတ်နိုင်ငံဟာ သူ့အတွက်   အနာတစ်ခုလိုခံစားနေရတဲ့ ဝေဒနာကို ရေရှည်မမွေးမြူဘဲ ခဏတာသာ နာကျင်ရမှုကိုရွေးချယ်ကာ  အမြစ်ပြတ် ကုသသွားနိုင်ပါတယ်။

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌရဲ့ မကြာသေးမီက  ထိုင်ဝမ်ကျွန်း ခရီးစဉ်ပြီးနောက် တရုတ်တပ်မတော်က အဲဒီကျွန်း ပတ်ပတ်လည်မှာနေရာယူပြီး   အကြီးစား စစ်ရေးလေ့ကျင့်ခန်းတွေကို လုပ်ဆောင်တာ သိပ်မကြာသေးခင်ကပဲ ပြီးဆုံးထားတာပါ။

အဲဒီစစ်ရေးလေ့ကျင့်ခြင်းရဲ့ ရည်ရွယ်ချက်က တရုတ်ပြည်မကြီးကနေ ထိုင်ဝမ်ကျွန်း ခွဲထွက်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ပြသပြီး နိုင်ငံတော်ပြန်လည် ပေါင်းစည်းရေးကို ပိုမိုလုပ်ဆောင်သွားဖို့ တွန်းအားပေးခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ကျည်စစ်ကျည်မှန် အသုံးပြုထားတဲ့ တရုတ်တပ်မတော်ရဲ့ စစ်ရေးလေ့ကျင့်ခန်းမှာ ဆိုရင် ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်ကို  ပိတ်ဆို့တဲ့ သဏ္ဌာန်တူလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ဒီလိုလေ့ကျင့်မှုမျိုးကို   တစ်ကြိမ်တစ်ခါမျှ လုပ်ဆောင်ဖူးခြင်း မရှိတာကိုလည်း အားလုံး သတိထားမိမှာပါ။

အရင်တုန်းကလည်း   ထိုင်ဝမ်ကျွန်းကို အမေရိကန် လွှတ်တော်အမတ်တွေ၊ အစိုးရ တာဝန်ရှိသူတွေ လာရောက်ခဲ့ဖူးပါတယ်။ အဲဒီအချိန်တွေတုန်းကတော့    တရုတ်အစိုးရဘက်က သံတမန်ရေး လမ်းကြောင်းကနေ တရားဝင် ကန့်ကွက်မှုတွေ၊ သတိပေးမှုတွေကိုသာ လုပ်ဆောင်ခဲ့ဖူးတာပါ။

ဒါပေမဲ့    အခုမှဘာကြောင့် စစ်ရေးလေ့ကျင့်ခန်းကြီး လုပ်ရလဲဆိုရင် အနာကို ရေရှည်မမွေးမြူထားတော့ဘဲ အချိန်တို အတွင်း   အမြန်ဆုံး အမြစ်ပြတ်ကုသတော့မယ်ဆိုတဲ့ သတိပေးချက်လေလားလို့ ထင်မြင်မိပါတယ်။

သမိုင်းကြောင်းအရ ပြန်ကြည့်မယ်ဆိုရင်လည်း အရင်တုန်းက   တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ဟာ ကူမင်တန်တပ်တွေ သိမ်းပိုက်ထားတဲ့ နေရာကို ဝိုင်းပတ်ပိတ်ဆို့ပြီး ချေမှုန်းခဲ့ဖူးပါတယ်။

အချိန်အားဖြင့် ၁၉၄၉ ခုနှစ် ဇန်နဝါရီလကပေါ့။ အဲဒီတုန်းက ကူမင်တန်တပ်ဖွဲ့တွေက ပီကင်းမြို့ (ယခုပေကျင်းမြို့)ကို သိမ်းပိုက်ထားတာပါ။

အဲဒီအချိန်မှာ တရုတ်ကွန်မြူနစ်ပါတီမှ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က ပီကင်းမြို့ကို ဝိုင်းပတ် ပိတ်ဆို့ထားနိုင်ပြီး နောက်ဆုံးမှာတော့ ကူမင်တန်တပ်တွေကို လက်နက်ချစေကာ ထိုင်ဝမ်ကျွန်းဆီ ထွက်ပြေးသွားစေဖူးပါတယ်။

ဒီလိုနည်းနဲ့အဆုံးသတ်ခဲ့တဲ့    တရုတ်ပြည်မကြီးပေါ်က   ကူမင်တန်တို့ရဲ့နိဂုံးကို သိပ်မကြာခင်အချိန်အတွင်း ထိုင်ဝမ်ကျွန်းမှာ ပြန်မြင်ရဖို့ရှိနေပါတယ်။  အမေရိကန်သာ သူ့ရဲ့လွှတ်တော်အမတ်တွေ၊ အစိုးရတာဝန်ရှိသူတွေကို ထိုင်ဝမ်ကျွန်းဆီ ဆက်လက် စေလွှတ်နေတယ် ဆိုရင်ပေါ့လေ။

တရုတ်နိုင်ငံဟာ ဒီနောက်ပိုင်းနှစ်တွေမှာ စီးပွားရေးအင်အား အလွန်တောင့်တင်းပြီး ကမ္ဘာပေါ်မှာ အမေရိကန်ပြီးရင် သူဖြစ်လာတဲ့အထိ စီးပွားရေးမှာသာမက   တခြားနယ်ပယ် ကဏ္ဍတွေမှာပါ အောင်မြင်တိုးတက်လာပါတယ်။

တရုတ်ရဲ့အောင်မြင်မှုကို မရှုဆိတ်နိုင်သူကတော့ အမေရိကန်ပါပဲ။ အထူးသဖြင့်တော့ သူ့ရဲ့မဟာအင်အားကြီး နိုင်ငံဆိုတဲ့ ဂုဏ်ပုဒ်ကို တရုတ်နိုင်ငံက ရရှိသွားမှာကိုပဲဖြစ်ပါတယ်။

နောက်တစ်ခုက    အမေရိကန်နိုင်ငံရဲ့စီးပွားရေးက လက်နက်တင်ပို့ ရောင်းချခြင်းကနေ    အဓိကဝင်ငွေတွေရရှိနေတာပါ။ ဒီအတွက်  ကမ္ဘာကြီးရဲ့တစ်နေရာမဟုတ် တစ်နေရာမှာ စစ်မဖြစ်ဖြစ်အောင် လှုံ့ဆော်တိုက်တွန်း သွေးထိုးပေးလေ့ရှိပါတယ်။

ပြီးရင်   သူတို့နိုင်ငံထုတ် စစ်လက်နက် ပစ္စည်းတွေကို ရောင်းစားပါတယ်။ အဝေးကြီးမကြည့်ပါနဲ့  လက်ရှိယူကရိန်း ပဋိပက္ခကိုပဲ ကြည့်ပါ။ ယူကရိန်းတို့က   ရုရှားတို့ကို တိုက်ခိုက်ဖို့ လက်နက်လိုတဲ့အခါ အမေရိကန်တို့က လက်နက်ပို့ပေးပါတယ်။ လက်နက်တင်မက လူအင်အားပါ ပို့ပေးပါသေးတယ်။

ဒီလိုပို့ပေးမှုတွေအားလုံးက အလကားလို့ ထင်ပါသလား။ မဟုတ်ပါဘူး။   အရာအားလုံးကို အိမ်ရှင်နိုင်ငံကသာ ကျခံရတာဖြစ်ပါတယ်။ အိမ်ရှင်နိုင်ငံက ပေးစရာငွေမရှိရင်  နိုင်ငံကထွက်တဲ့ သယံဇာတတွေကို ယူပါတယ်။

အခုလည်း အမေရိကန်တို့က   ထိုင်ဝမ်ကျွန်းသားတွေကို စစ်လက်နက် ပစ္စည်းတွေ အမြောက်အမြား  ရောင်းချပေးပြီးပါပြီ။ တကယ်လို့များ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်နဲ့  ထိုင်ဝမ်ကျွန်းသားတွေ စစ်ဖြစ်ရင် အမေရိကန်က သူတို့ရဲ့ လက်နက်တွေကို တင်ပို့ရောင်းချ ပေးရဦးမှာပါ။

ဒီဖြစ်စဉ်မှာ အသက်ပေးဆပ်လိုက်ရတာ အိမ်ရှင်တွေဖြစ်ပေမယ့် စစ်ဖြစ်ပွားမှုကနေ အမြတ်ထွက်သွားမယ့် သူတွေကတော့ လက်နက်တင်ပို့ရောင်းချခြင်းနဲ့ စီးပွားရှာနေတဲ့ အမေရိကန်တို့ပါပဲ။

အမေရိကန်တို့ လုပ်ဆောင်ချက် အခြေအနေနဲ့ ကိုက်ညီတဲ့  မြန်မာစကားပုံ တစ်ခုရှိပါတယ်။ ယာလည်းညက်၊ ကြက်လည်းပမ်း ဆိုတဲ့စကားပုံပါ။

အမေရိကန်တို့ဟာ ညက်သွားတဲ့ယာမှာ စိုက်ပျိုးရေးကို အဆင်သင့်လုပ်ပြီး ပမ်းသွားတဲ့ကြက်ကို  အသာလေး ကောက်ဖမ်းလို့ ရိုက်သတ်ချက်စားရုံပါပဲ။

ဒါကြောင့်     အမေရိကန်တို့ကတော့ သူတို့ရဲ့လွှတ်တော် အမတ်တွေ၊ အစိုးရတာဝန်ရှိသူတွေကို   ထိုင်ဝမ်ကျွန်းဆီ စေလွှတ်မြဲစေလွှတ်ဦးမှာပါ။

တရုတ်တို့ကလည်း အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် နိုင်ငံတော်ပြန်လည် ပေါင်းစည်းရေးကို ရရှိစေဖို့ အချိန်တိုအတွင်း အင်အားသုံးပြီး    အနာတစ်ခုကို ရေရှည်မမွေးဘဲ   ခဏလေးနဲ့ အမြစ်ပြတ် ကုသမှုပုံစံကို   အသုံးပြုလာနိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။