နေပြည်တော်၊ အောက်တိုဘာ - ၁၃
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အာဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့ပြည်သူ့ဆေးရုံ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့ပြည်သူ့ဆေးရုံ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့နှင့် မယ်စဲ့မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့ပြည်သူ့ဆေးရုံ၊ ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် ဝန်းသိုမြို့ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦး လက်ဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်)စသည့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။
၎င်းအပြင် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် တပ်မတော်က လှူဒါန်းသည့် အထောက်အကူပြုပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများဖြစ်သည့် Surgical Mask ၃၀၀၀၀ ခု၊ N-95 Mask ၇၀၀ ခု၊ Face Shield ၅၅၀ ခု၊ Examination Glove ၁၁၅၀ ခု၊ Hand Gel ၃၀၀ ဘူး၊ Hand Sanitizer ၃၀၀ ဘူး၊ Personal Protective Equipment (PPE) ဝတ်စုံ ၄၀၀ စုံတို့အား ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့နှင့် မယ်စဲ့မြို့တို့ရှိ ပြည်သူ့ဆေးရုံများသို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များက အောက်တိုဘာ ၁၂ ရက်နှင့် ယနေ့တို့တွင်သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။