ရတနာသွန်းဖြိုး ထာဝရငြိမ်းအေးစေသော် အမိနိုင်ငံတော်
မြန်မာနိုင်ငံသည် တောတောင်ရေမြေ ကောင်းမွန်သော နိုင်ငံတစ်နိုင်ငံဖြစ်လေရာ ၎င်းတောတောင်ရေမြေတို့ကို အမှီပြု၍ မြေအောက်သယံဇာတရတနာများ၊ သစ်တောထွက်ရတနာများလည်း သန္ဓေတည်မွေးဖွားနေစမြဲလည်း ဖြစ်သည်။
စိမ့်စမ်းတောတောင် ရေခံမြေခံသဘာ၀ကောင်းများကို အမှီသဟဲပြုလျက် တောတွင်းနေသတ္တဝါများလည်း ကျင်လည်ကျက်စား မွေးဖွားဖြစ်တည်တတ်ကြပြန်ပါသည်။ ထို့ပြင် ဘယဆေးမျိုးစုံ၊ သစ်ဥသစ်ဖုမျိုးစုံ၊ သစ်ပင်ပန်းမန်မျိုးစုံတို့သည်လည်း မြန်မာ့ရေမြေပေါ်တွင် ရှင်သန်ကြီးထွားတတ်ကြပါသေးသည်။ ထိုသို့တန်ဖိုးရှိသော မြေအောက်သယံဇာတရတနာ၊ မြေပေါ်သယံဇာတရတနာ၊ ရေအောက်သယံဇာတ ရတနာများအနက် ရှားပါးတင့်တယ်ဆုံးနှင့် တော်ဝင်နန်းထိုက်ဆုံးရတနာတစ်ပါးမှာ ဆင်ဖြူတော်ရတနာဖြစ်ပြီး ရတနာများ၏ထိပ်တန်းတွင် အပါအဝင်ဖြစ်သည်။ ဆင်ဖြူတော်များပေါ်ထွန်းခြင်းသည် ထိုတိုင်းနိုင်ငံများရှိ မင်းများ၏ ဘုန်းတန်ခိုးနှင့် ဆက်စပ်သည်ကိုလည်း ဆင်ဖြူတော်များနှင့်စပ်လျဉ်းသည့် သမိုင်းများတွင် စာရေးသူလေ့လာဖူးပါသည်။ ရှေးအစဉ်အဆက် မြန်မာ့မြေပေါ်တွင် အုပ်ချုပ်သူမင်းတို့ ဘုန်းတော်ကြီးတိုင်း ပေါ်ထွန်းခဲ့ဖူးသော ဆင်ဖြူတော်ရတနာသည် ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင်လည်း ပေါ်ထွန်းခဲ့ပြန်ပါပြီဟု သတင်းစကားပါးလိုက်ချင်ပါသည်။
ရတနာများပေါ်ထွန်းခြင်းကို ဖော်ကျူးလျှင် ထိုရတနာတို့အမှီသဟဲပြုနေသော မြန်မာ့သစ်တောအသွယ်သွယ်၏ ရေခံမြေခံကောင်းများကိုလည်း မေ့ပျောက်ခဲ့၍မရပေ။ မြန်မာနိုင်ငံ၏ ဧရိယာစတုရန်းမိုင်ပေါင်းသည် ၂၆၁၂၂၈ မိုင်ကျယ်ဝန်းသည်။ ထင်ရှားသောမြစ်ကြီးလေးသွယ်မှာ ဧရာဝတီမြစ်၊ သံလွင်မြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်တို့ဖြစ်သည်။ ထင်ရှားသည့် တောင်တန်းကြီးများမှာလည်း ရခိုင်ရိုးမတောင်တန်း၊ တနင်္သာရီရိုးမတောင်တန်းနှင့် ပဲခူးရိုးမတောင်တန်းများ ဖြစ်ကြသည်။ ထိုသို့တည်ကြည်ခံ့ညားသော ရေခံမြေခံကောင်းများသည် စာရေးသူတို့ နိုင်ငံတော်အတွက် အဖိုးမဖြတ်နိုင်ပေ။ ထိုအဖိုးထိုက်အနဂ္ဃများသည် သဘာဝမှပေးအပ်ထားသော သဘာဝကောင်းချီးဆုလာဘ်များပင်ဖြစ်သည်။ အဖိုးထိုက်တန်သော စာရေးသူတို့ မြန်မာ့မြေပေါ်တွင် ၅၇ ရာခိုင်နှုန်းမှာ သစ်တောများ ဖုံးလွှမ်းနေသေးသည်။
ထိုသစ်တောကြီးများဖုံးလွှမ်းနေခြင်းကြောင့် ရာသီဥတုမှန်ကန်ခြင်း၊ မြေသြဇာကောင်းမွန်ခြင်း၊ ရေချိုရေအေး ရှိခြင်း၊ ဆေးဝါးနှင့် လူ့အသုံးအဆောင်များရရှိခြင်း၊ သစ်သီးဝလံနှင့်ပန်းမျိုးစုံရရှိခြင်း၊ သစ်တောများ၏ ထိန်းကျောင်းမှုများကြောင့် စိမ့်စမ်း၊ ချောင်းငယ်များ၏ တသွင်သွင်စီးဆင်းမှုများကို ရှင်သန်နေစေခြင်းနှင့် သားရဲတိရစ္ဆာန်မျိုးစုံ မှီတင်းနေထိုင်နိုင်ခြင်းစသည့် မြန်မာ့သစ်တောများကိုလည်း စာရေးသူတို့အားလုံးက တန်ဖိုးထားတတ်ရပေဦးမည်။
ရွှေဟူသောရတနာသည် အဖိုးထိုက်လှသည်။ ပတ္တမြားဟူသော ကျောက်မျက်သည်လည်း အဖိုးထိုက်လှသည်။ အဖိုးထိုက်ခြင်းနှစ်ခုပေါင်းစပ်၍ လက်ဝတ်ရတနာအဖြစ်ဆင်မြန်းပါမူ ဝတ်ဆင်သူအတွက် ပိုမိုတင့်တယ်ပေသည်။ ထိုတင့်တယ်မှုကို ပမာပြုကာတင်စားပြုသော် လှပအဖိုးထိုက်သော သစ်တောရတနာများကို ပိုမိုတင့်တယ် စေသည်မှာ ဆင်ဟူသောရတနာတစ်ပါးကြောင့်ဟုဆိုကြသည်။ ရေမြေတောတောင်၊ ကန္တာရ အသွယ်သွယ်သည် ဆင်ရှိမှတင့်တယ်ရာ၏။ ကျက်သရေမင်္ဂလာရှိလှပေ၏။ ထိုလှပမှု အင်္ဂါရပ်များစွာ အနက် ဆင်ဖြူတော်ရတနာသည် တန်ဖိုးအနဂ္ဃဖြစ်သည်ဟု သုတေသီများက ဆိုထားကြသည်။ ဆင်ဖြူတော်ရှိပါက ရာသီဥတုကောင်းမွန်သည်။ စစ်မက်တို့ အေးငြိမ်းပြီး ဆန်ရေစပါးတို့ ပေါကြွယ်ဝသည်ဟုလည်း မှတ်တမ်းများကဆိုထားပြန်သည်။ ရှေးဘုရင်မင်းအဆက်ဆက်တို့သည် ပြည်သူတို့၏ အကျိုးအတွက် ဆင်ဖြူတော်ရတနာများကို ရှာဖွေကြသည်။ မင်းအဆက်ဆက် တိုင်းပြည်တွင် စိုးစံခဲ့ပါစေ ဆင်ဖြူရတနာ ပေါ်ထွန်းမြဲတော့ မဟုတ်ပေ။ ပေါ်ထွန်းရန်ခဲယဉ်းသည်ဟုဆိုကြသည်။
ဆင်ဖြူတော်ရတနာဟူသည် တိုင်းနိုင်ငံများအတွက် အရေးကြီးလှကြောင်း၊ တိုင်းနိုင်ငံများအပေါ် များစွာအကျိုးပြုကြောင်းကို ဇာတ်တော်ကြီးများက ညွှန်းဆိုပြသထားပေသည်။ ထိုဇာတ်တော်ကား ဝေဿန္တရာဇာတ်တော်ကြီးပင်ဖြစ်သည်။ ထိုဇာတ်တော်ကြီးတွင် ဥပေါသထမည်သော ဆင်ဖြူတော်သည် ဘုရားအလောင်း ကဲ့သို့သော မင်းကောင်းမင်းမြတ်တို့ ထွန်းကားသောအချိန်တွင် လူ့ပြည်လူ့ရွာ၌ ပေါ်ထွန်း လာကြသည်။ ငွေစင်ပြားဖြင့်ဖုံးသကဲ့သို့ ကိုယ်လုံးဖြူသော ဥပေါသထမည်သည့် ဆင်ဖြူတို့ရှိပါက မိုးလေဝသမှန်ခြင်း၊ ဆန်ရေစပါးပေါများခြင်း၊ ရာသီဥတုမှန်ကန်ခြင်းစသော လက္ခဏာများ ထင်ရှားစွာပေါ်ထွန်းတတ်သည်ဟု ဆိုသည်။ ဗုဒ္ဓဘာသာတိုင်းနိုင်ငံဖြစ်၍ စာရေးသူတို့နိုင်ငံသည်လည်း ဆင်ဖြူတော်ကို အထွတ်အမြတ် ထားကြသည်။ ထိုသို့ အထွတ်အမြတ်ထားရာ ဆင်ဖြူတော်များ ပေါ်ထွန်းသည့် မြန်မာ့တောတောင်များကိုလည်း တန်ဖိုးထားကြစေလိုကြောင်း အလျဉ်းသင့်၍ တိုက်တွန်းလိုပါသေးသည်။ ဆင်ဖြူဟူသည် ဂေါတမမြတ်ဗုဒ္ဓ ဖြစ်စဉ်တော်တွင် သုံးလောကထွတ်ထား သဗ္ဗညုတမြတ်စွာဘုရား ပေါ်ထွန်းရေးနိမိတ်ကောင်းကို ပြသခဲ့ဖူး သည်။ ရှေးဘုရင်မင်းများအဆက်ဆက်သမိုင်းတွင်လည်း ဘုန်းတော်ကြီးမားခြင်း၊ ဆင်တပ်အင်အားကြီးမားသော နိုင်ငံဖြစ်ခဲ့ခြင်းစသည့် ဘုန်းတန်ခိုးသြဇာများကြောင့် အိမ်နီးချင်းများက ခန့်ညားကြသည်ဟု သမိုင်းပြယုဂ်များက သက်သေပင်။
မြန်မာ့သမိုင်းအဆက်ဆက်ပေါ်ထွန်းခဲ့သော ဆင်ဖြူတော်များနှင့် ရှေးဘုရင်မင်းများ၏ အကြောင်းများအား အနည်းငယ်မြည်းစမ်းစေလိုပါသေးသည်။ မြန်မာအစတကောင်းကဟု ဆိုသည့်အတိုင်းပင်။ တကောင်း မင်းကြီးသည် ဆင်ဖြူ၊ ဆင်နီ၊ဆင်နက်တို့ပိုင်ဆိုင်ကာ ထိုဆင်များ၏ အရှင်သခင်ဟုဆိုကြသည်။ သရေခေတ္တရာပြည်၌ ဒွတ္တဘောင်မင်းကြီးတွင် နာဠာဂီရိဆင်ဖြူတော်တစ်စီးရှိခဲ့ပြီး ယင်းအပြင်ဆင်ဖြူအစီး ၃၀၀ ကိုလည်းပိုင်ဆိုင်ခဲ့သည်။
ပုဂံခေတ် အနော်ရထာမင်းလက်ထက်တွင် မူလက အနော်ရထာမင်းပိုင် ဆင်ဖြူ ၆ စီးရှိသည်။ မနူဟာမင်းထံမှ ၃၂ စီးသိမ်းပိုက်ခဲ့ရာမှ ဆင်ဖြူ ၃၈ စီးပိုင်ဆိုင်တော်မူခဲ့သည်ဟုဆိုသည်။ ကျန်စစ်သား၊ အလောင်းစည်သူမင်း၊ နရပတိစည်သူမင်းတို့သည်လည်း ဆင်ဖြူတော်ပိုင်မင်းများဖြစ်ပါသည်။ သီဟသူမင်း၏သားတော် ကျော်စွာသည်လည်း ဆင်ဖြူငါးစီးအထိရရှိပိုင်ဆိုင်ခဲ့သည်။
ဘုရင်မင်းများသည် ဆင်ဖြူများဖြင့် ဆင်ဖြူရှင်မင်းများအဖြစ်ခံယူကြသည်။ ဆင်ဖြူရှင်မင်းများအနက် ဘိုးတော်ဗဒုံမင်းသည် အထင်ရှားဆုံးဖြစ်သည်။ ဆင်ဖြူအများဆုံးပိုင်ဆိုင်သည့်အတွက် ကမ္ဘာထိနှံ့ သိကျော်ကြားပေသည်။ ဆိုရလျှင် မြန်မာမင်းအစမှ သီပေါမင်းဆက်ထိတိုင် ဆင်ဖြူတော်ကိုယ်စီရှိကြသည်။ ရခိုင်ဘုရင် စန္ဒသူရိယမင်းတွင် ဆင်ဖြူ ၂၆ စီးရှိခဲ့သည်။ ယင်း၏သားတော် သူရိယဓိပတိမင်းသားထံတွင် ဆင်ဖြူ ၅ စီးရှိသည်ဟုသမိုင်းထဲတွင်တွေ့ရ သေးသည်။ ထူးခြားသည်က ကိုလိုနီခေတ်တွင် ဆင်ဖြူတစ်စီးမှ ပေါ်ထွန်းခဲ့ခြင်းမရှိပေ။
မြန်မာရှင်ဘုရင်တို့၏ ဆင်ဖြူပိုင်ဆိုင်မှုဖြစ်စဉ်များကို အကြမ်းအားဖြင့်လေ့လာသော် လေးမျိုးရှိသည်။ ထိုဖြစ်စဉ်လေးမျိုးမှာ မိမိရှေ့မှမင်းတို့၏ ဆင်ဖြူများအား အမွေဆက်ခံရရှိခြင်း၊ မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိပိုင်အောက်မား(ဆင်ကျော့သည့်အခါအသုံးပြုသော ဆင်မ)များဖြင့် လည်းကောင်း ကျော့ဖမ်းခြင်း၊ မိမိသြဇာသက်ရောက်ရာ အရပ်ဒေသများမှ အမှုထမ်းတို့က ဆက်သခြင်း၊ အခြားတိုင်းပြည်များမှ အကြောင်းအမျိုးမျိုးဖြင့် ဆက်သခံယူရရှိခြင်းတို့ဖြစ်ကြောင်း သမိုင်းက ဆိုထားပါသည်။ ထိုသည်ကား ဆင်ဖြူတော်များနှင့် ရှေးသမိုင်းအကျဉ်းဟုသာဆိုရပေမည်။
မျက်မှောက်ကာလ ဝင့်ထည်ဂုဏ်ယူဖွယ်ရာ ဆင်ဖြူရတနာများအကြောင်းကို ဆက်ပါဦးမည်။ ယခုမျက်မှောက်တွင် ဆင်ဖြူတော် ၉ စီးပေါ်ထွန်းခဲ့ပြီဟုဆိုရမည်။
မျက်မှောက်ခေတ်ကာလ ပထမဦးဆုံးဆင်ဖြူတော် ရာဇဂဟသိရီပစ္စယဂဇရာဇာ (အထီး)ရတနာအား ၂၀-၁-၂၀၀၀ ရက်နေ့တွင် တွေ့ရှိခဲ့သည်။ တွေ့ရှိခဲ့သည့်နေရာမှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဆင်စွယ်ရချောင်းတွင်ဖြစ်သည်။
ပညာရှင်များခန့်မှန်းချက်အရ ၁၉၉၂ ခုနှစ်မွေးဖွားသည့် ဆင်ဖြူတော်ရတနာဖြစ်သည်ဟု ဆိုပါသည်။ ထိုသည်ကား မျက်မှောက်ခေတ်ကာလ ပထမဦးဆုံး ဆင်ဖြူတော်ရတနာပင်ဖြစ်သည်။
ဒုတိယမြောက်ဆင်ဖြူတော်ရတနာအား ၂၈-၁-၂၀၀၂ ရက်နေ့တွင်တွေ့ရှိခဲ့သည်။ ဆင်ဖြူတော်ရတနာ၏ ဘွဲ့တော်မှာ သိင်္ဂီမာလာဖြစ်ပြီး ဆင်ဖြူတော်(အမ)ဖြစ်သည်။ အဆိုပါ ဆင်ဖြူတော်ရတနာအား ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကိုင်းကြီးချောင်းဖျားတွင်တွေ့ရှိခဲ့သည်။ ဒုတိယမြောက်ဆင်ဖြူတော်ရတနာအား ပညာရှင်များက ၁၉၇၇ ခုနှစ်တွင်မွေးဖွားခဲ့သည်ဟု ခန့်မှန်းမှတ်တမ်း တင်ထားကြသည်။ တတိယမြောက်ဆင်ဖြူတော်ရတနာ(အမ)အား ၁၈-၇-၂၀၀၂ ရက်နေ့တွင်တွေ့ရှိခဲ့သည်။ တွေ့ရှိသည့်နေရာမှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကိုင်းကြီးရွာအနီးတွင်ဖြစ်သည်။
အဆိုပါ တတိယမြောက် ဆင်ဖြူတော်ရတနာအား ရတီမာလာဟူသောဘွဲ့အပ်နှင်းခဲ့လေသည်။ ဆင်ဖြူတော် ရတနာ ရတီမာလာ၏ အသက်အား ပညာရှင်များက ၁၉၉၈ ခုနှစ်တွင်မွေးဖွားခဲ့သည်ဟု ခန့်မှန်း မှတ်တမ်း တင်ထားကြသည်။
ထိုမှသည် နောင်(၈)နှစ်အကြာတွင် ဆင်ဖြူတော်ရတနာ ထပ်မံပေါ်ပေါက်ခဲ့ပြန်ပါသည်။ စတုတ္ထမြောက်ဆင်ဖြူတော်ရတနာအား ၂၆-၆-၂၀၁၀ ရက်နေ့တွင် တွေ့ရှိခဲ့သည်။ တွေ့ရှိခဲ့သည့်နေရာမှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းရွာအနီးတွင်ဖြစ်သည်။ ထိုရတနာဆင်ဖြူတော်(အမ)အား ဘဒ္ဒဝတီဟုဘွဲ့တော်ပေးခဲ့သည်။ ထိုစတုတ္ထမြောက်ဆင်ဖြူတော်အား ပညာရှင်များက ၁၉၇၂ ခုနှစ်တွင် မွေးဖွားခဲ့သည်ဟု ခန့်မှန်းမှတ်တမ်းတင်ထားကြသည်။ ထိုမှ ၂၃-၉-၂၀၁၀ ရက်နေ့တွင် ပဉ္စမမြောက်ဆင်ဖြူတော်ရတနာကို ထပ်မံတွေ့ရှိခဲ့ပြန်သည်။ ထိုပဉ္စမမြောက်ဆင်ဖြူတော်ရတနာကို ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရန်အောင်မြင်စံပြကျေးရွာအနီးတွင်တွေ့ရှိခဲ့သည်။ ဘွဲ့တော်အား ဆင်ဖြူတော်နန္ဒဝတီဟု ဘွဲ့တော်အပ်နှင်းခဲ့သည်။ ပညာရှင်များက ၁၉၉၂ ခုနှစ်မွေးဖွားသည်ဟု ခန့်မှန်းမှတ်တမ်းတင်ထားကြသည်။ ထပ်မံ၍ ဆင်ဖြူတော်ရတနာတစ်စီး ပေါ်ထွန်းပြန်ပါသေးသည်။
ဆဋ္ဌမမြောက်ဆင်ဖြူတော်ဖြစ်ခဲ့သည်။
ဆဋ္ဌမမြောက်ဆင်ဖြူတော်(အထီး)အား ၁၅-၁၀-၂၀၁၁ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လောင်းဒုံကျေးရွာ အနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဆဋ္ဌမမြောက်ဆင်ဖြူတော်အား ငွေဆဒ္ဒန်ဟု ဘွဲ့တော်အပ်နှင်းခဲ့သည်။ ထိုကာလထိဆိုလျှင် ဆဋ္ဌမမြောက်ဆင်ဖြူတော်အထိ ပေါ်ထွန်းခဲ့ပါသည်။
ထိုကာလထိုနှစ်များက ဆင်ဖြူတော်များ နှစ်စဉ်နီးပါးနှင့် မရှေးမနှောင်းတွင် ဆင်ဖြူတော်များ ပေါ်ထွန်းနေသည်ဟုဆိုရမည်။
၂၅-၁၀-၂၀၁၁ ရက်နေ့တွင် သတ္တမမြောက် ဆင်ဖြူတော်ရတနာအား တွေ့ရှိခဲ့ပြန်ပါသည်။ ထိုဆင်ဖြူတော်ရတနာမှာ အမဖြစ်သည်။ သတ္တမမြောက်ဆင်ဖြူတော်ရတနာအား ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့နယ်ခွဲ၊ အလယ်ကျေးရွာအုပ်စုအတွင်း၊ ချောင်းသာ-ငွေဆောင်လမ်း၊ ရော်ဘာစိုက်ခင်းအနီး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သတ္တမမြောက်ဆင်ဖြူတော်ရတနာအား ဟေမဝတီ ဟု ဘွဲ့တော်အပ်နှင်းခဲ့ကြသည်။ ပညာရှင်များက ၁၉၉၆ ခုနှစ်တွင် မွေးဖွားခဲ့သည်ဟု ခန့်မှန်းမှတ်တမ်းတင်ထားကြသည်။ ထိုမှသည် တွေ့ရှိပြီး ဆင်ဖြူတော်ရတနာများအနက် ဆင်ဖြူတော်ရတနာတစ်စီးဝပ်ဆင်း မွေးဖွားခဲ့ပြန်ပါသည်။ ထိုဝပ်ဆင်းခဲ့သော ဆင်ဖြူတော်လေးမှာ မျက်မှောက်မြန်မာ့မြေပေါ်တွင် အဋ္ဌမမြောက်ဆင်ဖြူတော်ရတနာတစ်ပါးဖြစ်ခဲ့ရပါသည်။ ထိုဆင်ဖြူတော်ရတနာအား စတုတ္ထမြောက်ဆင်ဖြူတော်(အမ)ဘဒ္ဒဝတီမှဖွားမြင်ခဲ့ခြင်းသာဖြစ်သည်။
စတုတ္ထမြောက်ဆင်ဖြူတော် ဘဒ္ဒဝတီအား တွေ့ရှိခဲ့စဉ်က သားငယ်ဆင်မည်းလေး တစ်ကောင်တွဲလျက် တွေ့ရှိခြင်းဖြစ်သည်။
ဆင်များ၏သဘာဝအရ သားငယ်တွဲကပ်ပါလာလျှင် မိတ်ယှဉ်အောင်မြင်ပြီးဖြစ်၍ နောက်ကိုယ်ဝန်ရှိနိုင်သည်ဟု ပညာရှင်များက အတည်ပြုထားသည်။ စတုတ္ထမြောက်ဆင်ဖြူတော် ဘဒ္ဒဝတီမှ ဝပ်ဆင်းဖွားမြင်သော ဆင်ဖြူတော်ရတနာလေးမှာ အဋ္ဌမမြောက်ဆင်ဖြူတော်တစ်စီးဖြစ်ခဲ့ရသည်။ ထိုဆင်ဖြူရတနာ(အမ)မှာ ၂၇-၁၁-၂၀၁၁ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်တွင် ဝပ်ဆင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆင်ဖြူတော်ဘွဲ့တော်အား ဇာတကလျာဟု အပ်နှင်းခဲ့လေသည်။ နဝမမြောက်ဆင်ဖြူတော်ရတနာအား ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ သလပ်ခွာသစ်တောကြိုးဝိုင်းအတွင်း ဆင်ဖြူတော်တစ်စီးပေါ်ထွန်းခဲ့ပါသေးသည်။ ထိုဆင်ဖြူတော်အား သီရိမာလာဟု ဘွဲ့တော်အပ်နှင်းခဲ့သည်။
ထိုမှသည် ၂၃-၇-၂၀၂၂ ရက်နေ့ မင်္ဂလာချိန်နံနက် ၆ နာရီခွဲတွင် ဆင်ဖြူတော်ရတနာတစ်စီး ထပ်မံဝပ်ဆင်းပြန်သည်။ ထိုဆင်ဖြူတော်ရတနာမှာ ဒသမမြောက်ဆင်ဖြူတော်ပင်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်ပေါ်ပေါက်ခဲ့သည်ဟု သမိုင်းတင်ရမည်။
ထိုဒသမမြောက် ဆင်ဖြူတော်(အထီး)လေးမှာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းမှ ထိန်းကျောင်းထားရှိသော ဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ(၃၃)နှစ်ထံမှ မွေးဖွားပေါ်ထွန်းခဲ့ရခြင်းဖြစ်သည်။ ဆင်ဖြူတော်ရတနာများ၏ ကြန်အင်လက္ခဏာ ၈ ချက်တွင် ၇ ချက်နှင့်ကိုက်ညီမှုရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါဆင်ဖြူတော်ရတနာများကို တွေ့ရှိကျော့ဖမ်းစဉ်နှင့် ဝပ်ဆင်းခဲ့စဉ်က ထူးခြားမှုများရှိခဲ့သည်။ ထိုထူးခြားမှုများကိုလည်း တစ်ဆက်တည်း မျှဝေပေးလိုပါသည်။ စတုတ္ထမြောက်ဆင်ဖြူတော်ကို ကျော့ဖမ်းပြီး ရခိုင်ပြည်နယ်မှ ရေလမ်းခရီးဖြင့် သယ်ခဲ့သည်။ ထိုသို့ ရခိုင်ကမ်းရိုး တန်းပင်လယ်ပြင်ကို ဖြတ်ကျော်သယ်ဆောင်စဉ်တွင် မုန်တိုင်းကျခြင်း၊ မိုးသည်းထန် စွာရွာသွန်းခြင်းများဖြစ်ပေါ်ခဲ့သည်။ ပဉ္စမမြောက်ဆင်ဖြူတော်ကို တွေ့ရှိခါနီးတွင် နေများ ချစ်ချစ်တောက်ပူလာသည်။ ပတ်ဝန်းကျင် ပူပြင်းလွန်းသဖြင့် မေ့ဆေးအာနိသင်ကြောင့် ဆင်ဖြူတော်၏ အသက်ကိုပင် စိုးရိမ်ခဲ့ရသည်။ ထိုစဉ်တွင် ရုတ်တရက်နေထီးဆောင်းလာပြီး ပတ်ဝန်းကျင်အေးမြသွားသဖြင့် ဖြစ်ရပ်ဆိုးများနှင့်လွဲခဲ့ရသည်။ ဆဋ္ဌမမြောက်ဆင်ဖြူတော်ကိုရရှိပြီး လေ့ကျင့်နေဆဲကာလတွင် တစ်နာရီလျှင် ၆၀ မိုင်နှုန်းတိုက်ခတ်သည့် အနီရောင်အဆင့်မုန်တိုင်းသည် ဆင်ဖြူတော်မှိန်းသင်နေသည့် တောအုပ်ကိုဖြတ်ကျော်တိုက်ခတ်ခဲ့ပြန်သည်။ သတ္တမမြောက်ဆင်ဖြူတော်အား ၁၈-၄-၂၀၀၆ ရက်နေ့တွင် ဘူးကွဲဆည်၊ ဆင်မကြိုးဝိုင်း၊ ဓားပြအိုင်ဒေသတွင် ဦးစွာပေါ်ထွန်းခဲ့သေးသည်။၂၀၀၆ ခုနှစ်တွင် တွေ့ရှိခဲ့စဉ်က မေ့ဆေးဖြင့်ပစ်ခတ်ဖမ်းဆီးခွင့် ၆ ကြိမ်တိုင် အခွင့်အရေးရရှိခဲ့ကြသည်။ ထို ၆ ကြိမ်လုံးလုံးကျည်ဆန်မပေါက်ခဲ့ပေ။ ဆင်ဖြူတော်ရရှိခဲ့သည့် ၂၅-၁၀-၂၀၁၁ ရက်နေ့တွင်လည်း မေ့ဆေးဖြင့်ပစ်ခတ်ဖမ်းဆီးစဉ် ၇ ချက်ပစ်ခတ်ခဲ့ရာ ၄ ချက်မှာ ကျည်မထွက်ပေ။ ၁ ချက်သာကျည်ထွက်ပြီး မြားမထွက်ခြင်း၊ ၁ ချက်လွဲချော်ခြင်းဖြစ်ခဲ့ပြီး ၇ ချက်မြောက်မှသာ ထိမိခြင်းကြောင့် မေ့ဆေးဆင်ဖမ်းအဖွဲ့များမှာ မတွေ့ကြုံဖူးသော သိပ္ပံလွန်ထူးခြားဖြစ်စဉ်များကို သူတို့တွေ့ကြုံခဲ့ရသည်။ ထို့ကြောင့်သာလျှင် သတ္တမမြောက်ဆင်ဖြူတော်မှာ စတင်ပေါ်ထွန်းစဉ်နှင့် ဖမ်းယူမိစဉ်ကာလထိ မေ့ဆေးကျည်ဆန် ပစ်ချက် ၁၂ ချက်တိုင်တိုင်လွဲချော်ခဲ့ပြီး ၁၃ ချက်မြောက်မှသာ ကျည်ပေါက်ခဲ့သော ဆင်ဖြူရတနာပင် ဖြစ်သည်။ နောက်ဆုံးဖမ်းယူရရှိချိန်၌ မေ့ဆေးမပစ်မီ ၅ မိနစ်အလိုခန့်တွင် ကောင်းကင်၌မိုးတိမ်များ အုံ့မှိုင်းလာခဲ့သည်။ မေ့လဲသွားသည့် အချိန်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းသေးသည်။ ဆင်ဖြူတော်ကို ကြိုးများချည်နှောင်ပြီးစီး၍ တွဲဆင်ဖြင့်တွဲသွားသော အချိန်တွင်လည်း မိုးရွာသွန်းမှုရုတ်တရက်ရပ်ဆိုင်းသွားသည်။ နာရီဝက်ခန့် မိုးထစ်ချုန်းမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ ထိုသည်ကား မျက်မှောက်ဆင်ဖြူတော်များပေါ်ထွန်းခဲ့ရာ သမိုင်းအချို့မှပြုစုခဲ့ကြသော ထူးခြားဖြစ်စဉ်များသာ ဖြစ်သည်။
ဆင်ဖြူတော်နှင့် ဘုန်းတော်သည် အညမညတရားတစ်ခုပင်ဖြစ်သည်။ ဆင်ဖြူတော်ဝမ်းဗိုက်ဖောက် ဝင်သည်ဆိုသည့် အိပ်မက်နိမိတ်ကြောင့် ဂေါတမဘုရားအလောင်း သိဒ္ဓတ္ထမင်းသားကို ဖွားမြင်ခဲ့သည်။ ဆင်ဖြူတော်ကြောင့် စကြဝတေးမင်းဧကန်ဖြစ်မည်ဟု ပုဏ္ဏားတစ်ဦးက ဟောကိန်းထုတ်သည်။ နောက်ပုဏ္ဏားတစ်ဦးက ဘုရားစင်စစ်ဧကန်ဖြစ်လိမ့်မည်ဟု ဟောကိန်းထုတ်သည်။ နောက်ဆုံးသံသရာဝဋ်ဆင်းရဲတွင်းမှ ကင်းပြတ်ချုပ်ငြိမ်းရာ မြတ်နိဗ္ဗာန်ကိုရှာဖွေတွေ့ရှိတော်မူပြီး လူနတ်ဗြဟ္မာ၊ သတ္တဝါအားလုံး၏ပူဇော်အထူးကို ခံယူတော်မူထိုက်သော သုံးလောကထွတ်ထား သဗ္ဗညုတမြတ်စွာဘုရားရှင်အဖြစ် ပွင့်တော်မူခဲ့သည်။ မဇ္ဈိမဒေသမှ စီးဆင်းလာသော မြန်မာနိုင်ငံယဉ်ကျေးမှုတွင် ဆင်ဖြူတော်သည် ကျက်သရေ မင်္ဂလာပြုရေးအတွက်၊ တိုင်းပြည်နိုင်ငံကာကွယ်ရေးအတွက်၊ တိုင်းပြည်သာယာဝပြောရေး အတွက် တန်ဖိုးရှိသည့်ရတနာတစ်ပါးပင်ဖြစ်သည်။ စိန်ရတနာ၊ မြရတနာ၊ ကျောက်သံပတ္တမြားစသော ရတနာများနှင့် နှိုင်းယှဉ်ပါက အထွတ်မြတ်ဆုံးရတနာသည် ဆင်ဖြူတော်ရတနာ ဖြစ်ပါသည်။ ဆင်ဖြူတော်ရတနာများသည် အခါမလပ်ပေါ်ထွန်းနေသည့် ရတနာမျိုးမဟုတ်ပေ။ နိုင်ငံသာယာသောအချိန်၊ နိုင်ငံစည်ပင်သာယာ ဝပြောမည့်အချိန်၊ ဆန်ရေစပါးပေါများ၍ တိုင်းနိုင်ငံအေးချမ်းသာယာမည့် အချိန်တို့တွင်သာ ဆင်ဖြူတော် ရတနာသည် ပေါ်ထွန်းလာတတ်ပါသည်။ ဆင်ဖြူပိုင်တိုင်းနိုင်ငံ၏မင်း ဘုန်းတန်ခိုးနှင့် ထိုတိုင်းနိုင်ငံ၏ စည်ပင်သာယာဝပြောလာမှုသည်လည်း အညမည သဘောတရားတစ်ခုဖြစ်သည်ကို ဆင်ဖြူရတနာများနှင့် ရှေးမြန်မာမင်းများ၏ သမိုင်းများတွင် ယှဉ်တွဲလျက်တွေ့ရှိရသည်။
ထို့ပြင် စစ်အောင်နိုင်ခြင်း ပြယုဂ်အဖြစ် ဆင်ဖြူများ ထပ်မံပိုင်ဆိုင်ခြင်းသမိုင်းကို အနော်ရထာမင်း၏ သမိုင်းတစ်ကွေ့တွင် တွေ့ရပြန်ပါသည်။
မျက်မှောက်ကာလတွင်ပေါ်ထွန်းခဲ့သည့် ဆင်ဖြူများအနက် ပထမဆင်ဖြူတော် ရာဇဂဟ သိရီပစ္စယဂဇရာဇာ(အထီး)ဆင်ဖြူတော်၊ ဒုတိယဆင်ဖြူတော် သိင်္ဂီမာလာ (အမ)ဆင်ဖြူတော်နှင့် တတိယဆင်ဖြူတော်ရတီမာလာ(အမ)တို့အား ရတနာဆင်ဖြူတော်ဥယျာဉ်၊ ရန်ကုန်မြို့တွင်လည်းကောင်း၊ စတုတ္ထဆင်ဖြူတော် ဘဒ္ဒဝတီ(အမ)၊ ပဉ္စမဆင်ဖြူတော် နန္ဒဝတီ(အမ)၊ ဆဋ္ဌမဆင်ဖြူတော်ငွေဆဒ္ဒန်(အထီး)၊ သတ္တမဆင်ဖြူတော်ဟေမဝတီ(အမ)၊ အဋ္ဌမဆင်ဖြူတော် ဇာတကလျာ(အမ)၊ နဝမမြောက်ဆင်ဖြူတော် သီရိမာလာ(အမ)ဆင်ဖြူတော်တို့အား နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရှေ့၊ ဆင်ဖြူတော် ရတနာဆောင်တို့တွင် လည်းကောင်း အသီးသီးထားရှိလျက်ရှိရာ ယခုပေါ်ထွန်းခဲ့သော ဆင်ဖြူတော်လေးမှာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင်သာရှိနေသေးသည်။ စာရေးသူတို့ အမိနိုင်ငံသည် မြေပေါ်မြေအောက် သယံဇာတ ရတနာများသန္ဓေတည်မွေးဖွားရာ တိုင်းနိုင်ငံတစ်ခုပင်ဖြစ်သည်။ ဆင်ဖြူတော်များ ပေါ်ထွန်းသည့် သဘာဝပြယုဂ်များသည် စာရေးသူတို့နိုင်ငံတော်အတွက် ငြိမ်းချမ်းရေးနိမိတ်ကောင်းများ၊ အေးချမ်းသာယာရေးနိမိတ်ကောင်းများ၊ နိုင်ငံ့ခေါင်းဆောင်မင်း၏ ဘုန်းတန်ခိုးတိုးတက်မြင့်မားစေမည့် နိမိတ်ကောင်းများကို ညွှန်းဆိုပြသနေခြင်းဟု သမိုင်းရာဇဝင်အထောက်အထားများက ဖော်ကျူးပြီးဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ထိုနိမိတ်ကောင်းများနှင့်အတူ အမိမြန်မာ နိုင်ငံတော်ကြီးတွင် ငြိမ်းချမ်းခြင်း၊ အေးချမ်းခြင်း၊ သာယာခြင်း၊ စည်ပင်ဝပြောခြင်းဟူသော လောကလူသားများအတွက် မရှိမဖြစ်သည့် ကောင်းခြင်းမင်္ဂလာရတနာတို့ သွန်းဖြိုးပါစေသော်ဟု ယခုပေါ်ထွန်းခဲ့သော ဆင်ဖြူတော်လေး၏ မွေးနေ့နှင့်အတူ တောင်းဆုခြွေလိုက်ရပါတော့သည်။ ။
ကျော်တေဇ(ဉက္ကလာ)