မိုးရနံ့သင်းသင်းသီတဂူစက္ခုအလင်းနှင့် နာဂဒေသဖွံ့ဖြိုးရေးမြင်ကွင်း(၁)
မိုးရနံ့သင်းသင်း
နာဂဘန်းတူး၊ ဘန်လူကိုဘာ၊ ဗီနဝေါဟ၊ ဂမ်းဘန်းလာအိုး.
Naga Land also welcome visitors from far.
နာဂဒေသမှ ရပ်ဝေးကဧည့်သည်များကို ကြိုဆိုပါ၏
ဤနာဂရိုးရာကျေးလက်သီချင်းတစ်ပိုင်းတစ်စကို ရိုးရာဗုံ၊ မောင်း၊ ပလွေများမပါဘဲ ရွတ်ဆိုပြသူမှာ ကိုင်းဆန်မျိုးနွယ်စုမှ ဟိုင်းမြေ(ခေါ်) တန်ရှမ်းနာဂတိုင်းရင်းသား အွမ်မွန်း(ခ) ကိုကျော်ဆန်းဖြစ်သည်။
သူက စာရေးသူတို့ ဌာနက ဦးစီးအရာရှိတစ်ဦးဖြစ်၏။
နောက်နာဂတိုင်းရင်းသားတစ်ဦးလည်း ရှိပါသေးသည်။ L.B လာသေး (ခ) ကော့လပ်ဖူ ဟုခေါ်ပြီး ဆွမ္မရာမျိုးနွယ်စုမှ ဆွမ္မရာနာဂ (ခ) တန်ကွန်နာဂ တိုင်းရင်းသားတစ်ဦးဖြစ်သည်။
သူတို့သည်-ဒေသတူ နာဂမျိုးနွယ်စု တူသော်လည်း စကားမတူကြ၊ သို့သော် နိုင်ငံချစ်စိတ်နှင့် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာဒေသ၊ တာဝန်အား ကျေပွန်စွာ ထမ်းဆောင်ကြမည် ဟူသော သန္နိဋ္ဌာန်စိတ်ဓာတ်တို့ကား အတူတူပင်ဖြစ်သည်။
စာရေးသူတို့ နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားလူမျိုးစုံတို့ မိသားစုသဖွယ် ပါဝင်ပေါင်းစပ် ဖွဲ့စည်းတာဝန်ယူ ဆောင်ရွက်လျက်ရှိသော ဌာနတစ်ခုဖြစ်သည်။
အွမ်မွန်း တို့လို လာသေး တို့လို နာဂတိုင်းရင်းသားအပြင် အခြားတိုင်းရင်းသား/တိုင်းရင်းသူများစွာသည်လည်း စာရေးသူတို့ ဝန်ကြီးဌာနတွင် နိုင်ငံအနှံ့အပြား၌ တာဝန်ထမ်းဆောင်လျက်ရှိသည်။
မိုးတစိမ့်စိမ့်ရွာနေသည့် ယခုလို မိုးအေးအေးရက်တစ်ရက်တွင် တာဝန်မှူးရုံးခန်း၌ စာရေးသူသည် သူတို့နှင့် စကားလက်ဆုံပြောခွင့်ကြုံခဲ့သည်။
ဒီအချိန်ဆို ကျွန်တော်တို့ဒေသမှာလည်း မိုးဖြိုင်ဖြိုင်ကျနေပြီ၊ ကျွန်တော်တို့ ဆီမှာက နွေမရှိဘူး၊ မိုးနဲ့ဆောင်းပဲရှိ
တယ်၊ မိုးကာလကများပါတယ်၊ ရာသီဥတုကြမ်းတယ်၊ တောင်တွေမတ်စောက်တယ်၊ တောတွေနက်ရှိုင်းတယ်၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတယ်၊ ပညာရေး၊ ကျန်းမာရေးမြှင့်တင်ပေးဖို့လိုသေးတယ်၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အများကြီးလုပ်ပေးဖို့လည်း ရှိနေသေးတယ်၊ ကျွန်တော်တို့မှာ မျိုးနွယ်ကြီးလေးခု ရှိတယ်၊ ဆွမ္မရာနာဂ၊ ထန်ဂန်နာဂ၊ ဟိုင်းမြေနာဂနဲ့ စန်းနာဂလို့ခေါ်တယ်၊ အဲဒီမျိုးနွယ်ကြီးလေးမျိုးကနေ ထပ်ဆင့်မျိုးနွယ်စုလေးတွေ ကွဲသွားတယ်၊ နေထိုင်ရာ နယ်မြေအရပ်နဲ့ ဘာသာစကားအလိုက် အုပ်စုတွေခွဲခြားထားတယ်၊ လေရှီးမြို့နယ်မှာ တန်ကွန်နာဂ၊ ကူကီးနာဂ၊ ပါရာနာဂနဲ့ မကူရီနာဂဆိုပြီး မျိုးနွယ်စု လေးစုနေကြတယ်။
လဟယ်မှာတော့ ထန်ဂန်နာဂတွေနေကြတယ်၊ ရော်ထိုင်၊ လိုင်းနောင်၊ မကျန်း၊ ဆော်လော်၊ ဆပ်ပလော်၊ ဂုန်ဝမ်၊ စလူ၊ ပုံညို၊ ဓနူး၊ နောက်အော ဆိုပြီး မျိုးနွယ်စု ၁၀ စု ပါဝင်တယ်။
နန်းယွန်းမြို့နယ်မှာတော့ ဟိုင်းမြေနာဂမျိုးနွယ်တွေ နေထိုင်ကြတယ်၊ မျိုးနွယ်စုပေါင်း ၇၀ ရှိတယ်။ စန်းနာဂ မျိုးနွယ်စုတွေကတော့ ခန္တီးနဲ့လဟယ်မြို့နယ်တွေမှာရှိကြတယ်၊ စန်းနာဂ၊ ဝေနာဂ၊ ကိုင်းယော်နာဂဆိုပြီး မျိုးနွယ်စုသုံးစုရှိတယ်လေ။
ဒီတော့ လဟယ်၊ လေရှီး၊ နန်းယွန်းနဲ့ ခန္တီးမြို့နယ်တွေမှာ နာဂမျိုးနွယ်စုပေါင်း ၈၇ စုလောက် နေထိုင်ကြတယ်။
ဘာသာစကားနဲ့ နာဂမျိုးနွယ်စုတွေ ကွဲပြားမှုတွေရှိပေမယ့် နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီလ ၁၅ ရက် နေ့မှာကျင်းပတဲ့ နာဂရိုးရာနှစ်သစ်ကူးပွဲတော်မှာတော့ တစုတဝေးတည်း အားလုံးဆုံစည်းကြတယ်။ စည်းလုံးညီညွတ်စွာနဲ့ မျိုးနွယ်စုအလိုက် ဒေသယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ အဆိုအကတွေကို ဝေေ၀ဆာဆာဖော်ထုတ်ကြတယ် ဆရာ၊ သိပ်ပျော်ဖို့ကောင်းတဲ့ ရိုးရာပွဲတော်တစ်ခုပါ။
နှစ်သစ်ကူးအထိမ်းအမှတ် တံခွန်တိုင်ကြီးကထွက်ပေါ်လာတဲ့ ရာပေါင်းများစွာသော ဆည်းလည်းတွေရဲ့ အချင်းချင်း ထိခတ်တဲ့ ဂီတသံစဉ်တွေကိုလည်း ကြားယောင်နေမိတယ်။
အွမ်မွန်းနှင့် ပြောဆိုနေစဉ်မှာပင် နေပြည်တော်မိုးက တဝေါဝေါတဖြောဖြောနဲ့ သဲသဲမဲမဲရွာချလာသည်။
ဆွမ္မရာဒေသသား လာသေးကလည်း ကျွန်တော်တို့ တန်ကွန်နာဂတွေက ဒီလကို ဇူးလပ်(ဇကကူအေ) လို့ခေါ်တယ်၊ အဓိပ္ပာယ်က မိုးများပြီးတောင်ယာထဲ၊ လယ်ထဲမှာ ပေါင်းမြက်ထူလို့ ကွင်းထဲမှာ ပေါင်းတွေနုတ်၊ ကန်သင်းတွေ ရှင်းကြတဲ့ ရာသီပေါ့ အခုလောက်ဆို အိန္ဒိယ- မြန်မာနယ်စပ်မျဉ်းတောင်ခြေကနေ သတော့လွန်းတောင်ခြေတစ်လျှောက် ရွာလေးတွေကို ဖြတ်စီးလာတဲ့ ဆွမ္မရာချောင်းမှာ ရေတွေတဖွေးဖွေး ပြည့်လျှံနေလောက်ပြီ။ စိမ်းစိမ်းညို့ညို့ မာလာတောင်၊ ပတ်ကွိုင်တောင်တန်း၊ စာရာမေရိတောင်တန်း၊ ထိန်ညိုတောင်တန်းတွေပေါ်က မြင့်မားတဲ့သစ်ပင်တွေမှာလည်း မိုးငွေ့၊ တောင်ငွေ့တွေနဲ့ အုံ့မှိုင်းညို့ဆိုင်း ရင်ခုန်ဖွယ်ကောင်းလောက်အောင် အေးမြနေလောက်ပြီ။
ဘိုးဘွားတွေ အစဉ်အဆက်ပြောခဲ့ကြတာရှိတယ်။ ကိုလိုနီခေတ်က ခရစ်ယာန်သာသနာပြုတွေနဲ့ စစ်ပွဲတွေဟာ ဒီတောတောင်ထူထပ်တဲ့ဒေသမှာ နှစ်ရှည်လများ အမဲလိုက်၊ တိုက်ခိုက်၊ ကခုန်နေခဲ့ကြတဲ့ ကျွန်တော်တို့မျိုးနွယ်စုတွေရဲ့ ဘဝကိုပြောင်းလဲ စေခဲ့ပါတယ်။ ဒီလိုရင်ခုန်ဖွယ် တောင်စောင်းတွေပေါ်က ဂျပန်စစ်တပ်နဲ့ မဟာမိတ် စစ်တပ်တွေရဲ့ အပြင်းအထန်တိုက်ပွဲတွေဟာ ဒုတိယကမ္ဘာစစ်ရဲ့ ရလဒ်ကို ဆုံးဖြတ်ပေးခဲ့တယ်။ စစ်ကြီးပြီးသွားလို့ ဗြိတိသျှတွေက သူတို့ရဲ့အင်ပါယာကြီးကို အဓမ္မခွဲခြားစိတ်ဖြာပြီး မြေပုံဆွဲတဲ့အခါမှာ နာဂဒေသဟာ ဝမ်းနည်းဖွယ်ရာ နှစ်ပိုင်းကွဲသွားခဲ့ရပါတယ်။ ဒါကြောင့် ကိုးကွယ်မှု၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေ ဆက်စပ်မှုရှိနေတော့ အိန္ဒိယနှင့် မြန်မာနာဂတွေဟာ နှစ်ဖက်နိုင်ငံအတွင်းနေထိုင်ကြပေမယ့် ကူးလူးဆက်ဆံမှု အမြဲရှိပြီး နယ်စပ်ပြဿနာကြီးကြီးမားမား မရှိခဲ့ကြပါဘူးဟု ဆွမ္မရာ ဒေသသား ဒုတိယဦးစီးမှူး လာသေး က မိုးမြင်ကွင်းကို ငေးကြည့်ရင်း တမ်းတမ်းတတ ပြောပြသည်။ မှန်ပါ၏။
ဤရာသီသည် နာဂဒေသမှာ မိုးများသလို မြန်မာနိုင်ငံအနှံ့အပြားမှာလည်း မိုးဖြိုင်ဖြိုင်ရွာသွန်းသည့် ရာသီပင်ဖြစ်သည်။
ဝါဆိုငယ်မှ ဝါခေါင်၊ ရေဖောင်ဖောင်၊ ရွာတောင်ကချောင်း ဟူသော အိုင်ချင်းနှင့်အညီ မြန်မာနိုင်ငံအနှံ့ မိုးသည်းထန်စွာ ရွာသွန်း၏။ မြစ်ချောင်း၊ အင်းအိုင်များ၌ ရေပြည့်လျှံနေကြ၏။ အာကာသမိုးကောင်းကင်တွင် ညိုမည်းသော မိုးသားတိမ်လိပ်ကြီးများ အုပ်စုဖွဲ့ကာ အဆက်မပြတ် ရွေ့လျားလာနေကြ၏။ အရပ်ရှစ်မျက်နှာတစ်ခုလုံး မှုန်မှိုင်းအုံ့ဆိုင်း၍နေလေတော့၏။ မိုးရနံ့သင်းသော အခါသမယပင် ဖြစ်တော့သည်။
စက္ခုအလင်း
ဤမိုးနံ့သင်းသင်းကာလမှာပင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် နာဂဒေသအတွင်း ခမ်းနားကြီးကျယ်မြင့်မြတ်သော အခမ်းအနားများ ကျင်းပပြုလုပ်နိုင်ခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ နယ်စပ်ဒေသဖွံ့ဖြိုးရေး ခရီးစဉ်များနှင့်လည်း တိုက်ဆိုင်နေသည်။
အခမ်းအနားတစ်ခုမှာ ၁-၇-၂၀၂၂ ရက်နေ့တွင်ပြုလုပ်သည့် ခန္တီးမြို့ သီတဂူစက္ခုဒါန ဆေးရုံတော်ဖွင့်ပွဲ အခမ်းအနားဖြစ်ပြီးနောက် အခမ်းအနားတစ်ခုက ၂-၇-၂၀၂၂ ရက်နေ့တွင် ပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ခန္တီး- ဆင်သေ- လဟယ် လမ်းပေါ်ရှိ နန့်စလိန်တံတား ဖွင့်ပွဲအခမ်းအနားပင်ဖြစ်သည်။
မျက်စိအဆုံး၊ နားအရှုံး၊ အမုန်းနှာခေါင်းမှာဟု ပညာရှင်များက စာစီခဲ့ကြသည်။ လူသားတစ်ဦးအတွက် မျက်စိတစ်စုံသည် တန်ဖိုးအရှိဆုံးအရာဖြစ်ပြီးခန္ဓာကိုယ်၏ ထိခိုက်မှုအလွယ်ဆုံးသော အစိတ်အပိုင်းသည်လည်း မျက်စိပင်ဖြစ်သည်။
မွေးရာပါ မျက်စိရောဂါ တစ်ခုခုဖြစ်ခြင်း၊ ပြင်ပ ပယောဂကြောင့် အမြင်အာရုံချို့ယွင်းသွားခြင်းမှအပ လူတိုင်းလိုလိုသည် အသက် ၄၀ ကျော်လာပါက အမြင်အာရုံစတင်ချို့ယွင်းလာကြသည်။
နည်းပညာများ တိုးတက်ခေတ်မီလာသည့်အလျောက် Tablet, Smart Phone, Computer, Laptop, Hand Phoneစသည့် အီလက်ထရွန်နစ်ပစ္စည်းများကို ထိတွေ့ကိုင်တွယ်လာကြရာမှ ယခုအခါတွင် အရွယ်မတိုင်မီ အသက်ငယ်ပိုင်းမှစ၍ မျက်စိရောဂါများကို ကမ္ဘာနှင့်အဝှမ်းခံစားနေကြရသည်။
ထိုအခါ သွားရေးလာရေးလွယ်ကူသော မြို့ပေါ်ဒေသများအတွက် မျက်စိဝေဒနာအား အလွယ်တကူ ပြသနိုင်ကြသည်။
သို့သော် မြို့နှင့်အလှမ်းဝေးသော တောနယ်ကျေးရွာများ၊ တောင်ပေါ်ရွာများအတွက်မူကား မျက်စိဝေဒနာကုသရန် များစွာအခက်အခဲရှိပေသည်။
လမ်းပန်းဆက်သွယ်မှုအခက်အခဲ၊ ဆေးကုသစရိတ်ကြီးမြင့်မှု၊ ကာလရှည်ဆေးရုံတက်ရသည့်အတွက် ငွေကြေးကုန်ကျမှုများပြားခြင်းတို့ကြောင့် မြို့ပေါ်သွားရောက်မကုသနိုင်ဘဲ ဝေဒနာကို ကြိတ်မှိတ်ခံစားရင်း ဘဝအရှုံးကိုရင်ဆိုင်ခံစားခဲ့ကြရသော မျက်စိဝေဒနာရှင်များစွာရှိခဲ့ကြ၏။
သီတဂူဆရာတော်ကြီး၏ မေတ္တာ၊ စေတနာ၊ ကရုဏာ
သီတဂူဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ ရွှေကျင်နိကာယ ဥက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး၏ မေတ္တာ၊ စေတနာ၊ ကရုဏာ တရားများကား ကြီးမားလှပေစွ။
မြန်မာနိုင်ငံ၌သာမက ကမ္ဘာအနှံ့အပြားတွင် ထေရဝါဒဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့ ပြန့်ပွားရေးအတွက် ပြည်တွင်း/ပြည်ပ သာသနာပြု လုပ်ငန်းများနှင့် ပရဟိတလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်ပေးလျက်ရှိ၏။
ဆရာတော်ကြီးသည် ဆေးရုံများကို အမျိုးအစားနှစ်မျိုးခွဲ၍ လှူဒါန်းလျက်ရှိသည်။ အာယုဒါန (အာရောဂျဒါန) များသည် အထွေထွေရောဂါကုပေးသော ဆေးရုံများဖြစ်၏။ စက္ခုဒါနသည် မျက်စိရောဂါများကို ကုသအလင်းပေးနေသော ဆေးရုံများ ဖြစ်သည်။ ထိုဆေးရုံများ၌ ကျန်းမာရေးစရိတ် မတတ်နိုင်သော ရဟန်းသံဃာတော်၊ သီလရှင်များသာမက ဆင်းရဲနွမ်းပါးသော ပြည်သူလူထု ဒေသခံများအတွက်ပါ အခမဲ့ဆေးကုသပေးလျက်ရှိသည်။
လောက၏ ကျေးကျွန်အဖြစ် ဘယ်ဘဝမှာမှ မဖြစ်ရပါလို၊ သာသနာတော်၏ ကျေးကျွန်သာဖြစ်ရပါလို၏။ ငါတည်းဟူသော အကြောင်းကြောင်းကြောင့် သူတစ်ပါးတို့ ဒုက္ခမဖြစ်ကြပါစေနဲ့၊ ဆင်းရဲဒုက္ခရောက်သူတို့ကို ငါအစွမ်းရှိသလောက်စောင့်ရှောက်နိုင်ရပါလို၏။
ဆရာတော်ကြီး၏ ဤဆုတောင်းကို ကြည့်ရုံမျှဖြင့် ဆရာတော်၏ နိုင်ငံတော်နှင့် အမျိုးဘာသာသာသနာအပေါ် မည်မျှတန်ဖိုးထားသည်ကို တွေ့မြင်နိုင်သည်။
တိုင်းပြည်နှင့်လူမျိုးကို ကြီးပွားတိုးတက်စေလိုသော အမျိုးသားရေးစိတ်ဓာတ်ဖြင့် သာသနာပြုပရဟိတ အလုပ်များကို မရပ်မနား ကြိုးစားဆောင်ရွက်လျက်ရှိ၏။
လေးစားဖွယ်၊ ကြည်ညိုဖွယ်၊ အတုယူဖွယ်ကောင်းလှပေ၏။
ခန္တီးစက္ခုဒါနဆေးရုံတော်ဖွင့်ပွဲ နိုင်ငံတစ်ဝန်း စက္ခုဒါနဆေးရုံတော်ပေါင်း ၄၄ ရုံ (ယခု ခန္တီးအပါအဝင်) တည်ဆောက်ပေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကလေးမြို့၊ လဟယ်မြို့၊ ဟုမ္မလင်းမြို့၊ ကျွန်းလှမြို့၊ မင်းကင်းမြို့၊ အင်းတော်မြို့နှင့် ခန္တီးမြို့တို့ ပါဝင်သည်။
ခန္တီးမြို့ စက္ခုဒါနဆေးရုံတော် ဖွင့်ပွဲ
အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်တို့ တက်ရောက်ခဲ့သည်။ ထိုအခမ်းအနားအား နယ်စပ်ရေးရာဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ စစ်ဗျူဟာ(ခန္တီး) တပ်ရင်း/တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ စေတနာရှင်အသင်းအဖွဲ့များက အားတက်သရော ပူးပေါင်းကူညီထောက်ပံ့ဆောင်ရွက်ပေးကြသည်။
ဤစက္ခုဒါနဆေးရုံကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မျက်စိဝေဒနာရှင်များကို ကုသပေးနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်ပေးခြင်းပင်ဖြစ်သည်။
ဆေးရုံတွင် ခေတ်မီစက်ကိရိယာများကို အသုံးပြု၏။ ဆေးရုံတွင် ပညာပြည့်စုံကျွမ်းကျင်သော မျက်စိအထူးကု ဆရာဝန်ကြီးများက အခမဲ့စစ်ဆေး ခွဲစိတ်ကုသပေး၏။ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများကလည်း မျက်စိဝေဒနာရှင်များ၏သွားလာရေး၊ စားသောက်ရေး၊ တည်းခိုနေထိုင်ရေး အစစအရာရာပြည့်စုံအောင် စီစဉ်ဆောင်ရွက်ပေး၏။
ဆရာတော်ကြီး၏ ပီတိကိုလည်း တွေ့ရ၏။ တာဝန်ရှိသူများ၏ ကြည်နူးမှုကို လည်းတွေ့ရ၏။ မျက်စိကုဆရာဝန်ကြီးများ၏ စေတနာထုံမွမ်းနေသော အပြုံးချိုချိုတို့ကိုလည်းတွေ့ရ၏။ ဒေသခံများနှင့် မျက်စိဝေဒနာရှင်များ၏ ကျေးဇူးတင် ဝမ်းမြောက်ဝမ်းသာ ပျော်ရွှင်မှုကိုလည်း ထပ်တူခံစားတွေ့ရှိခဲ့ရသည်။
ဤသို့ဖြင့် ခန္တီးခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တိုင်းရင်းသားပြည်သူများ၏ စက္ခုအလင်းတန်းကို အောင်မြင်စွာဖွင့်လှစ်ပေးနိုင်ခဲ့ပေပြီ။
အဝိဇ္ဇာနှင့် အသိအမြင်အလင်းတန်းကဏ္ဍ အသီးသီးတွင် အမှန်တရားကို ဖုံးကွယ်လျက် အလင်းကို ပိတ်ဆို့စေသောအရာမှာ အဝိဇ္ဇာပင် ဖြစ်သည်။
အဝိဇ္ဇာဟူသည် မသိနားမလည်မှု(မောဟ) ဖြစ်သည်။ မိုက်မဲခြင်းနှင့် တွေဝေခြင်းသဘောကို ဆောင်သည်။
သိကောင်းတာမသိ၊ မသိကောင်းကိုသိခြင်းကို အဝိဇ္ဇာ၊ မဆုံးဖြတ်နိုင်ခြင်း၊ တွေဝေခြင်းလက္ခဏာရှိခြင်းကို အဝိဇ္ဇာ ဟု ဆိုစမှတ်ပြုကြသည်။ တရားတော်များတွင် အမှန်ကိုမသိ၊ အမှားကိုသိတတ်သည့် သဘောရှိသောကြောင့် မိစ္ဆာဉာဏ်ဟုလည်း ခေါ်လေ့ရှိသည်။ ထို့ပြင် လူတို့၏ လောကီရေးရာ အဖြာဖြာတွင်လည်း မသိနားမလည်မှုများကို အဝိဇ္ဇာ ဟု သုံးနှုန်းလေ့ရှိတတ်ပြန်သည်။
အရေးကြီးသည့် အချက်အလက်ကို တမင်တကာ လျစ်လျူရှုခြင်း သို့မဟုတ် ဂရုမစိုက်ခြင်းကိုလည်း မသိနားမလည်မှုဟုခေါ်သည်။ မိမိကိုယ်မိမိ သိနိုင်စွမ်းရှိသူဟု မှားယွင်းစွာယုံကြည်သူတစ်ဦးသည် မိမိတို့၏ ယုံကြည်အားထားမှုများကို မှန်/မမှန် စိစစ်ရှင်းလင်းရန် မကြိုးစားတော့။ မသိနားမလည်သည့် အနေအထားအပေါ်၌သာ လုံးလုံးလျားလျား ပုံသေသတ်မှတ်အားပြုနေကြတော့၏။
မသိနားမလည်မှု ချောက်ကမ်းပါးကို ကျယ်ပြန့်အောင် ပြုလုပ်ခြင်းသည်ပင်လျှင် ဒေသတစ်ခု၊ နိုင်ငံတော်တစ်ခု၏ ရေရှည်ဘဝအတွက်အကျိုးဖြစ်ထွန်းစေနိုင်မှုကို အဟန့်အတားများစွာဖြစ်စေသည်။
အချို့အချို့သောလူတို့သည် မည်မျှပင်ကောင်းအောင်ဆောင်ရွက်ပေးလျက်ရှိစေကာမူ အဆိုးများကိုသာရွေး၍ ဆုပ်ကိုင်ထားပြီး ထောက်ပြကြသည်။ ဝေဖန်ကြသည်။ အပြစ်တင်ကြသည်။ ထိုသည်မှာလည်း လူတို့၏သဘာဝနှင့် အတ္တပင်ဖြစ်သည်။
စက္ခုအလင်းတန်းကို ဆေးဝါး၊ သမားတော်တို့ဖြင့် ပျောက်ကင်းအောင်ကုသပေးနိုင်ကြသည်။ သို့သော် အဝိဇ္ဇာ အမှောင်ဖုံးလွှမ်းနေသည့် ဆန့်ကျင်ဘက်နံရံများ၏ အသိအမြင်အလင်းတန်းများကို ဖွင့်လှစ်ပေးရန်မူကား ကောင်းကျိုးကို တစိုက်မတ်မတ် ဆောင်ရွက်ပေးရင်း ပညာပေးမှု၊ စာနာမှု၊ ခွင့်လွှတ်နားလည်မှု၊ သည်းခံမှုများဖြင့်သာ ကုစားပေးနိုင်ပါလိမ့်မည်။ အဆိုးမြင်မှုအရာ အားလုံးသည် အချိန်တစ်ခု၌ ရိုးသားသောကောင်းကျိုးများ ဆောင်ရွက်ပေးမှု ကွန်ရက်အောက်တွင် ချုပ်ပျောက် သွားကြပေလိမ့်မည်ဟု ယုံကြည်မိပါတော့သည်။ ။
ဝထကလသ(နတလ)