သွားနာရောဂါအကြောင်း သိကောင်းစရာ
သွားနာသွားကိုက်ရောဂါမှာ လူတိုင်းတစ်နေ့တွင် ကြုံတွေ့ရမည့် ဝေဒနာဖြစ်သည်။ အသက်ငယ်ငယ်နှင့် ပင် သွားကိုက်ဝေဒနာခံစားရသည်။ နု့ိစို့ကလေးမှာပင် မိခင်ဝမ်းအတွင်းမှပါသော သွားများပိုးစားခြင်း၊ ကျွတ်ထွက်ခြင်းတို့ဖြင့် အသက် ခုနစ်နှစ် အတွင်းမှာ ငယ်သွားလဲကြသည်။
ငယ်သွားလဲပြီး ကြီးမှပြန်ပေါက်သောသွားမှာ လူ့ဘဝတစ်သက်လုံးသုံးစွဲရတော့မည့်သွားဖြစ်သည်။ နောက်ထပ် တစ်ကြိမ် ပြန်မပေါက်နိုင်တော့သော နတ်သစ်မြစ်များဟု တင်စားပြောကြသည်။ အသက်ကြီးပြန်တော့ နောက်ဆုံးသွား(အံသွား) ပေါက်သဖြင့် ဝေဒနာခံစားရပြန်သည်။ တချို့တွင် သာမန်ဝေဒနာ မျှသာ ခံစားရသော်လည်း တချို့မှာ အံသွားမထွက်ဘဲ ကိုက်နေသဖြင့် ခွဲစိတ်ကုသရသည် အထိဖြစ်သည်။
စာရေးသူတို့ငယ်စဉ်က အံဆုံးပေါက်သူ အသက် ၅၀ ခန့် ဘကြီးတစ်ဦးမှာ မျက်နှာနှင့်ပါးတစ်ခြမ်းရောင်ကိုင်းပြီး အော်နေရသည်ကို တွေ့ဖူးသည်။ သစ်ရွက်ခြောက်ကိုမြေဆွေးဖြစ်စေရန်မီးရှို့ရာမှ ညှော်မိပြီး ရောင်လာသည်ဟုဆိုသည်။ သွားနာနေသူများသည် ညှော်မိလျှင် မန်းဝင်ပြီး ပိုရောင်လာတတ် သည်ကို သတိပြုဖို့လိုသည်။
ညှော်ကဲ့သို့ တခြားမန်းဝင်ပြီး ရောင်စေနိုင်သောအရာမှာ စိတ်ထိခိုက်ခြင်း၊ ပူဆွေးဝမ်းနည်းခြင်းဖြစ်သည်။ ပူဆွေးမှုသောကရှိသူတို့တွင် သွားနှင့်သွားဖုံးများ ရောင်လာတတ်သည်။ ထို့ကြောင့် သွားနာ သွားကိုက်ခံစားနေရသူများကို အသုဘအိမ်မသွားရ အသုဘမပို့ရဟု ရှေးလူကြီးများကပြောကြသည်။ အယူသီးခြင်း၊ မဟုတ်ပေ။ စိတ်ဆင်းရဲစရာ၊ ပူဆွေးစရာ ငိုေ<ကးမြည်တမ်းမှုများကြောင့် သွားမန်းတက်လာ ခြင်းမှာ လက်တွေ့ပင်ဖြစ်သည်။
သွားနာခြင်းအဆင့်ဆင့်မှာ သွားကျဉ်ခြင်း၊ သွားဖုံး၊ သွားခြေရောင်ခြင်း၊ သွားနဲ့ခြင်း၊ သွားတွင် အက်ရာ၊ အပေါက်အခေါင်းရှိခြင်း၊ အခြေမှစ၍ရောင်ခြင်း၊ ပြည်တည်ခြင်း၊ ကိုက်ခြင်းစသည်ဖြင့် အဆင့်ဆင့်ရှိသည်။
သွားများကျဉ်ခြင်းမှာ သွား၏မျက်နှာပြင်အပေါ်မှ အုပ်ထားသော ကြွေလွှာပျက်စီးသွားသောကြောင့်ဖြစ်သည်။ အစာနှင့်အချဉ်ရည်များထိတွေ့လျှင်ပို၍ သိသာစွာကျဉ်သည်။ ကွမ်းစားသူများတွင် ကြွေသွားအလွှာပျက်စီးသဖြင့် အချဉ်စားရမှာ ကြောက်ကြသည်။
ဆားနှင့်သွား
ရှေးကမြန်မာလူမျိုးများတွင် ဆားနှင့်သွားတိုက်သော အလေ့ရှိခဲ့ကြသည်။။ ၁၉၅၀ ပြည့်နှစ် နောက်ပိုင်းမှ နိုင်ငံခြားမှဝင်လာသော သွားတိုက်ဆေး၊ သွားပွတ်တံများကို တွင်တွင်ကျယ်ကျယ်သုံးစွဲလာ ကြခြင်းဖြစ်သည်။ စာရေးသူငယ်စဉ် ၁၉၆၈ ခုနှစ်ခန့်က ဖခင်ကြီး သတင်းထောက်လုပ်သည့် ကြေးမုံသတင်းစာတွင်ပင် ဆားနှင့် သွားတိုက်ခြင်းကြောင့် ကြွေလွှာများ ပျက်စီးကြောင်း ကို ဆရာဝန်တစ်ဦးက ရေးသည်ကို သတိရမိသည်။
ထိုဆရာဝန်ရေးသော ဆောင်းပါးကို တခြားသုတေသီတစ်ဦးက ပြန်လည်ချေပရေးသားသည်။ ကြွေလွှာပျက်စီးခြင်းသည် ဆားကြောင့်မဟုတ်။ အစားမျိုးစုံ မဆင်မခြင်စားခြင်းကြောင့်သာဖြစ်သည်။
သွားတိုက်ဆေးနှင့် သွားပွတ်တံအကြမ်းများကြောင့်လည်း ကြွေသွားအလွှာမှာ ပွန်းစားပျက်စီးနိုင်ကြောင်း ရေးသားချေပထားသည်ကို ဖတ်ရဖူးသည်။
ပင်လယ်ရေသည် အငန်ဆုံးသော ဆားရည်ဖြစ်သည်။ ပင်လယ်ရေကို နေလှန်းပြီးချက်လျှင် ဆားရသည်။ ပင်လယ်ပြင်တွင်ရှိသော ကျောက်ဆောင်များ၊ သန္တာကျောက်တန်းများသည် ဆားရည်ကြောင့်ပျက်စီး ကြေမွသွားသည်ဟူ၍ မရှိခဲ့ဖူးပါ။ လူတို့ဂေဟစနစ်ကို ဖျက်ဆီးခြင်း၊ ဓာတုဗေဒပစ္စည်းများ၊ စွန့်ပစ်ခြင်း တို့ကြောင့်သာ သန္တာကျောက်တန်းများပျက်စီးကြောင်း ဖတ်ရဖူးသည်။
ဆားသည် အပုပ်ကိုနိုင်သော ဓာတ်သတ္တုတစ်မျိုးဖြစ်သည်။ ဗက်တီးရီးယားပိုးများကြောင့် ပုပ်သိုး ဆွေးမြည့်မည့် ငါး၊ ပုစွန်တို့ကို ဆားဖြင့် သိပ်ထားလျှင် မပုပ်မသိုးဘဲ အကောင်လိုက် ပုံမပျက်ရှိနေသည်ကို ငါးပိ၊ ငါးခြောက်လုပ်ငန်းများတွင် တွေ့နိုင်လေသည်။
သွားနာ၊ သွားကိုက်လျှင်၊ အပူကန်ပြီး လည်ချောင်းနာလျှင်၊ အာသီးရောင်လျှင်၊ ဆားရေနွေးဖြင့် အာလုတ်ကျင်းပေးလျှင် သက်သာသည်မှာလက်တွေ့ဖြစ်သဖြင့် ဆရာဝန်များကပင် ဆားရည်ဖြင့် ပလုတ်ကျင်းရန် လူနာများကို ညွှန်ကြားကြသည်။ ရိုးရိုးသွားနာ၊ သွားဖုံးကြွသူများသည် အပူအကြောင်းခံခြင်းကြောင့် ဖြစ်သည်။
မိုးရာသီ ရေမြုပ်သောရပ်ကွက်များတွင် နေ့စဉ်ခြေထောက်များရေစိုခြင်းကြောင့် လူကြီးများတွင် သွားနာခြင်း၊ သွားဖုံးရောင်ခြင်း၊ လည်ချောင်းနာအသံဝင်ခြင်းများ ဖြစ်ကြသည်။ ဆားရည်ငုံပေးခြင်း၊ အာလုတ် ကျင်းပေးခြင်းကို တစ်နေ့ ငါးကြိမ်ခန့်ပြုလုပ်ပေးလျှင် သက်သာနိုင်ကြောင်းတွေ့ရသည်။
ရေစီးကမ်းပြိုရောဂါရှိသူများအတွက်၊ သွားခြေမှ ယိုင်နဲ့သူများအတွက် ရုက္ခမူဆားဖြင့် သွားတိုက် ပေးလျှင်သက်သာကြောင်း တိုင်းရင်းဆေးစာကျမ်းဟောင်းများတွင်တွေ့ရသည်။ ရုက္ခမူဆားဆိုသည်မှာ သစ်ရွက်သစ်ခေါက်များကို မီးရှို့ပြာချပြီး ရေစိမ်ထားကာ အရည်ကြည်ကဲ့ယူပြီး သံဒယ်ဖြင့် မီးအပူပေးပါ။ ရေခန်းသွားသောအခါ ဆားပွင့်များကျန်နေခဲ့ပါလိမ့်မည်။ ဤသည်မှာ တမာရုက္ခမူဆားဖြစ်သည်။ ရေစီးကမ်းပြို ဒန္တစိုဟူသော သွားဖုံးများညိုမဲပြီး ပဲ့ကျသည်အထိဖြစ်သော ဝေဒနာကို တမာရုက္ခမူဆားရည်ကိုငုံထွေးခြင်းဖြင့် သက်သာစေနိုင်သည်။
သွားဖုံးပြည်တည်သော ရောဂါတွင် ကျွဲနှာခေါင်းချိတ်ပင်များကိုပြာချပြီး ချက်သောအခါရသည့် ဆားဖြင့် ပလုတ်ကျင်းပေးခြင်းဖြင့် ပျောက်ကင်းနိုင်သည်ဟုဆိုသည်။ ၎င်းဆားသည် အစာအိမ် အနာရောဂါများကိုလည်း အနာကျက်ပြီး ပျောက်ကင်းစေနိုင်ကြောင်း အာယုဗေဒဆရာကြီး ဦးတင်ဦး၏ မှတ်စုများတွင် တွေ့ရသည်။ ၎င်းဆားကို (ကြက်မောက်ဆူးပြန်ဆား) ဟု ဆရာကြီးကသုံးစွဲခဲ့သည်။
ဆားဖြင့် ပလုတ်ကျင်းလျှင် သွားနာ၊ သွားကိုက် သက်သာစေနိုင်သည်ဟု ဆိုသော်လည်း ဆားဖြင့် သွားတိုက်လျှင် ဆားကြမ်းများကိုမသုံးသင့်ပေ။ သလဲပွင့်များကဲ့သို့ ကြွေသွားလွှာများ ပွန်းပဲ့ကုန်နိုင်သည်။ သွားတိုက်ဆားကို ညက်နေအောင်ထောင်းပြီးမှသာ သုံးစွဲသင့်သည်။ တချို့နယ်များတွင် မီးသွေးခဲနှင့် ဆားမှုန့်ကိုရောပြီး သံဆုံတွင်ထောင်းကာ ညက်နေအောင်ပြုပြီး ပုလင်းတစ်ခုတွင် ထည့်သိမ်းကာနံနက်ထတိုင်း သွားတိုက်လေ့ ရှိသည်။ သွားများကို ဖြူဖွေးဝင်းလက်စေသော ငွေမကုန်သည့် သွားတိုက်ဆေး ဖြစ်သည်။
ယခုခေတ်တွင် ဖလူအိုရိုက်ပါသော သွားတိုက်ဆေးများ၊ လင်ဇီးပါသောသွားတိုက်ဆေးများ စသည်ဖြင့် ကြော်ငြာ အားကောင်းသော သွားတိုက်ဆေးများကို သုံးစွဲကြသည်။ တန်ဖိုးလည်းကြီးသည်။ သွားပွတ်တံ ကြော်ငြာအမျိုးမျိုးလည်းတွေ့ရသည်။ အကောင်းစားသွားတိုက်ဆေး၊ အကောင်းစား သွားပွတ်တံကို သုံးစွဲလျှင် သွားဆရာဝန်၏ ထိုင်ခုံပေါ်သို့ မရောက်နိုင်ဟုဆိုကြသည်။
သွားနုတ်သွားစိုက်လျှင် ကုန်ကျငွေမှာ ယခုခေတ်တွင် အလွန်ဈေးကြီးသဖြင့် သာမန်ဝင်ငွေရှိသူဝန်ထမ်းများပင် မတတ်နိုင်ကြပေ။ သွားကို မပျက်စီးမီက ကြိုတင်သတိရှိခြင်းသာအကောင်းဆုံးဖြစ်သည်။
မိတ်ဆွေပါမောက္ခဆရာမကြီးတစ်ဦး နိုင်ငံခြားသွားသောအခါ အမေရိကားတွင် ဆားပါသော သွား တိုက်ဆေး}}ပေါ်နေကြောင်း၊ ဆရာဝန်ကြီးများ၏ ထောက်ခံချက်များဖြင့်ထွက်လာကြောင်း ပြောပြသည်။ ၎င်းင်းသွားတိုက်ဆေးထဲတွင် သဘာဝဆားပွင့်များထည့်ထားပြီး အရသာအလွန်ငန်ကြောင်း ပြောပြသဖြင့် အံ့သြမိသည်။ အမေရိကားမှဆရာဝန်ကြီးများကပင် ဆားနှင့် သွားတိုက်ခြင်းဘက်သို့ ပြန်လှည့်လာသည်ကို သိရသဖြင့်အံ့သြမိခြင်းဖြစ်သည်။
စာရေးသူတို့ တိုင်းရင်းဆေးသိပ္ပံတက်စဉ်က ပညာသင်ကြားပေးသော ဆရာကြီးများထဲမှ ဦးကျော် (ဆရာကြီးကျော်ဟုလည်းခေါ်ကြသည်) ဆိုသော ဆရာကြီးပြောပြသည့် အသက် ၈၀ တိုင်အောင်သွားခိုင်သောနည်းကို အမှတ်ရမိသည်။ ထိုနည်းမှာ အစာတစ်ခုစားပြီးတိုင်း ရေအေးဖြင့် ပလုတ်ကျင်း
ရမည်။ အသားစားပြီးသည့်အခါတိုင်း အထူးသဖြင့် ထမင်းစားပြီးသည့် အခါတိုင်း ရေနွေးတွင် ဆားအနည်းငယ် ထည့်ဖျော်၍ ပလုတ်ကျင်းပေးရမည်။ အသားစများသွားကြားတွင် ညပ်မနေစေရန် သွားကြားထိုးတံနှင့် ထိုးသင့်ကထိုးပေးရမည်။ ဆားရည်ဖြင့် ပလုတ်ကျင်းခြင်း အကျိုးကြောင့်သွားကြားတွင် မတော်တဆ ညပ်ကျန်ခဲ့သည့် အသားစများသည် ပုပ်သိုး၍ မသွားနိုင်ဘဲ ဆားရည်ဖြင့် အပုပ်ဓာတ်ပျက်သွားမည် ဖြစ်သည်။
ယခုခေတ်တွင် သွားဆရာဝန်များကိုယ်တိုင်က နေ့လယ်စာ၊ ညစာစားပြီးတိုင်း ဖြစ်နိုင်လျှင် သွားတိုက်ဖို့ အကြံပြုကြသည်။ သွားတိုက်လျှင်လည်း လှဖို့ထက် သွားကြားမညပ်အောင် အစာကြွင်းအစာကျန်များ သွားကြားတွင် မရှိအောင် သွားပွတ်တံဖြင့် အထက်အောက် ဘေးတိုက် စက်ဝိုင်းပတ် တိုက်ပေးဖို့ အကြံပြုကြသည်။ ထိုကဲ့သို့ အစာစားပြီးတိုင်း သွားတိုက်ရန် အခက်အခဲရှိသူများအဖို့ အစာမစားမီကပင် ရေနွေးတွင် ဆားအနည်းငယ်ထည့်၍ အအေးခံထားပြီး အစာစားပြီးချိန်တွင် ဆားရည်ဖြင့် ပလုတ်ကျင်း ပေးခြင်းဖြင့် သွားနာ၊ သွားကိုက်၊ သွားပိုးစားခြင်းများမှ ကာကွယ်နိုင်သည်။
သွားရှိသူတိုင်း သွားနာ၊ သွားကိုက်ရောဂါများကို တစ်နေ့မဟုတ်တစ်နေ့ခံစားရမည်ဖြစ်သည်။ သွားသည် နေ့စဉ်စားသောက်သည့်အစာများကိုကြေစေရန် ဦးစွာတာဝန်ထမ်းရသူဖြစ်သည်။ သွားနှင့်ဝါးပြီးမှ အစာအိမ်သို့ ရောက်သည်။ အစာခြေရည်ကထပ်မံ၍ အစာခြေသည်။ သွားမကောင်းလျှင် အစာအိမ်ကလည်း ကြေအောင်ခြေဖို့ အခက်အခဲရှိသည်။
သွားအတွက် သီးသန့်ဆရာဝန်ထားရသည်။
သွားဘက်ဆိုင်ရာ ဆေးပညာကို သင်ကြားပေးရသည်။ ဆေးရုံသီးခြားခွဲထားရသည်ကို ကြည့်ခြင်းအားဖြင့် သွားသည် လူ့ကျန်းမာရေးအတွက် အရေးကြီးသော ကဏ္ဍတွင် ရှိသည်ကို သိနိုင်သည်။
သွားကိုက်၊ သွားနာဖြစ်လျှင် အလွန်ပြင်းထန်သော နာကျင်မှုဝေဒနာကို ခံစားကြရသည်။ သို့သော် ကိုက်နေသောသွားကို နုတ်ပစ်ရန်မှာ နတ်သစ်မြစ်တစ်ပင်ကို နုတ်ပစ်ရသကဲ့သို့ အလွန်ပင်စဉ်းစားရသည်။ မလွှဲသာမှ သာ နုတ်ပစ်ရမည်ဟု သွားဆရာဝန်များက ဆိုသည်။
သွားဆရာဝန်များ မပေါ်သေးမီက ရှေးနှစ်ပေါင်း ၁၅၀ ခန့်က ဆေးကျမ်းများတွင် သွားရောဂါနှင့် ပတ်သက်သော ဆေးမြီးတိုများနှင့် ဆေးနည်းများစွာကို တွေ့ရသည်။ ရှေးမြန်မာတို့သည် ကိုယ့်နည်းကိုယ်ဟန်ဖြင့် သွားရောဂါများကို ကာကွယ်ကုသခဲ့ကြသည်ကို တွေ့ရသည်။
တမာတစ်ခက် ... သွားတစ်သက် ဟူသော စကားမှာ အပြည့်အစုံမဟုတ်ပေ။ မူလ ဆေးကျမ်းပါ စာအပြည့်အစုံမှာ ...
သရက် ကျီးပေါင်း၊ ထနောင်းပင်ခွာ
တမာတစ်ခက်၊ သွားတစ်သက်ဟု ဖြစ်သည်။
အဓိပ္ပာယ်မှာ သရက်ပင်တွင်တက်နေသော ကျီးပေါင်းအဖုကိုခွာယူပါ။ ထနောင်းခေါက်ကိုခွာ သောအခါ ဓားဖြင့် အောက်သို့ခုတ်မချဘဲ အထက်သို့လှန်၍ ပင့်ခွာရမည်။ တမာပင်မှ အခက်အလက်များကို စုပေါင်း၍ အခြောက်လှန်းပြီး ထုထောင်းကာ အမှုန့်ပြုရမည်။ ထိုအမှုန့်ကို သွားနာ၊ သွားကိုက်သည့်နေရာ သွားအခြေတွင် သိပ်ပေးရမည်။ တစ်နည်းအားဖြင့် ထိုဆေးအမယ် သုံးမျိုးကိုပြုတ်ပြီး ငုံထွေးခြင်းဖြင့် သွားနာ၊ သွားကိုက်သက်သာစေနိုင်သည်။
ဆေးမြီးတိုများမှာ-
- သွားဖုံးရောင်လျှင် ခရေခေါက်၊ တမာခေါက်၊ ဆီးဖြူခေါက်၊ ရှားပင်အခေါက်တို့ကိုပြုတ်၍ ငုံထွေးပါ။
- သွားဖုံးနာလျှင် မြန်မာကုက္ကိုခေါက်ကို ဆားနှင့်သွေးပြီး နနွင်းမှုန့်အနည်းငယ် ရောစပ်၍ သိပ်ပေးပါ။
- သွားနာ၊ သွားနဲ့လျှင် ပုဏ္ဏရိတ်ပန်းပင် နုတ်နုတ်စဉ်းပြီး ဆားနှင့်ပြုတ်ငုံထွေးပေးပါ။
- သွားကိုက်လျှင်၊ အခေါင်းရှိလျှင် မုရိုးပင်ခေါ် ငဖြူကြီးပင်အစေးကို သွားတွင်သိပ်ပေးလျှင် သက်သာစေသည်။
- သွားအခေါင်းပေါက်ရှိလျှင် ကျွန်းသားမီးသွေး၊ နနွင်း၊ မီးခြစ်ဆံယမ်း၊ ဆားလှော် ထိုလေးမျိုးကို အမျှစု၍ အမှုန့်သိပ်ပေးပါ။
- သွားခိုင်စေရန် မြန်မာကုက္ကိုခေါက်ကို ပြုတ်၍ငုံပေးပါက သွားကျဉ်ခြင်းပျောက်၍ သွားခိုင်စေသည်။
ကြည်လွင်မြင့်(မုဒြာ)