မိုးရနံ့သင်းသင်းသီတဂူစက္ခုအလင်းနှင့် နာဂဒေသဖွံ့ဖြိုးရေးမြင်ကွင်း(၂)
နာဂဒေသ
စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်တွင်တည်ရှိပြီး ဧရိယာ ကြီးမား ကျယ်ပြန့်သောဒေသကြီးဖြစ်သည်။ အချို့ဒေသများ၌ တောတောင်ထူထပ်ပြီး မြစ်ချောင်းများနှင့် သဘာဝ အတားအဆီး များပြားသဖြင့် လမ်းပန်းဆက်သွယ်မှု ခက်ခဲကာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့ရလေသည်။
ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်မှုသည် အခြေခံအဆောက်အဦကောင်းမွန်မှုနှင့် များစွာ သက်ဆိုင်ဆက်နွှယ်လျက် ရှိသည်။ သယ်ယူပို့ဆောင်ရေး လျင်မြန်သွက်လက်စေရန် လမ်းများ၊ တံတားများကောင်းမွန်၍ ရာသီမရွေးအသုံးပြုသွားလာနိုင်ရန်လည်း အရေးကြီးလှပေသည်။
စစ်ကိုင်းတိုင်းဒေသကြီး၏ ခန္တီးမြို့သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဝင်ပေါက်မြို့ဖြစ်ပြီး ဒေသတွင်းရှိ အဓိကမြို့ကြီး တစ်မြို့လည်းဖြစ်၏။ ခန္တီးလူဦးရေအများစုသည် နာဂတိုင်းရင်းသားများဖြစ်ကြ၏။
ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်တစားလာရောက်လေ့ရှိသည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရာ လဟယ်မြို့သို့ သွားရောက်နိုင်သည့် တစ်ခုတည်းသော ဂိတ်ဝမြို့လည်းဖြစ်သည်။
လဟယ်မြို့သည် မြန်မာနိုင်ငံအနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း အိန္ဒိယနယ်စပ်တွင် တည်ရှိသည်။ ဧရိယာအကျယ်အဝန်း စတုရန်းကီလိုမီတာ ၃၁၉၄ ဒသမ ၃ ရှိ၏။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံးစိုက်ရာ မြို့လည်းဖြစ်သည်။
ပင်လယ်ရေမျက်နှာပြင်အထက် ၄၃၁၃ ပေရှိသော လဟယ်မြို့သည် တောင်ပေါ်ဒေသဖြစ်သော်လည်း မြေပြန့်လွင်ပြင်များလည်း တည်ရှိနေသည်။ လဟယ်မြို့၏ အရှေ့တောင်ဘက်တွင် ခန္တီးမြို့၊ အရှေ့မြောက်ဘက်တွင် နန်းယွန်းမြို့၊ အနောက်တောင်ဘက်တွင် လေရှီးမြို့၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံတို့ရှိသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လဟယ်မြို့နယ်၊ လေရှီးမြို့နယ်၊ နန်းယွန်းမြို့နယ်ဟူ၍ မြို့နယ်သုံးခုနှင့် ထန်ပါခွေ၊ ဆွမ္မရာ၊ ပန်ဆောင်၊ ဒုံးဟီးမြို့တို့ပါဝင်၏။ ကျေးရွာအုပ်စု ၁၁၆ အုပ်စု ကျေးရွာပေါင်း ၂၂၆ ရွာတို့ဖြစ်ပြီး လူဦးရေ ၁၃၇၈၆၁ ဦး ခန့်နေထိုင်ကြသည်။
ယခင်က လိုင်းနောင်နာဂရွာဖြစ်သော လားဟယ် ရွာကို မြို့အဖြစ် ၁၉၄၇ ခုနှစ်မှာစတည်ခဲ့ပြီး ၁၉၇၂ ခုနှစ်မှာ ပြည်ထဲရေးဝန်ကြီးဌာနစာရင်းဝင်မြို့နယ်ဖြစ်လာခဲ့သည်။ ရွာတည်ထောင်သူစော်ဘွား အီနွယ်လားဟိုင်း ကို အစွဲပြုပြီး ခေါ်ဝေါ်လာခဲ့ရာမှ လဟယ်မြို့ဟု အမည်တွင်လာကြောင်း ဆိုကြသည်။
တောင်တန်းဒေသဖြစ်သည့် အားလျော်စွာ နာဂဒေသသို့ ကုန်းကြောင်းမှ မော်တော်ယာဉ်/ဆိုင်ကယ်တို့ဖြင့် သွားလာသည့်အခါ တောင်စဉ်၊ တောင်တန်းမြင့်မားသော တောင်ထွတ်များစွာကို ဖြတ်ကျော်သွားလာမှသာ လိုရာခရီးရောက်နိုင်သည်။
ခန္တီးမှလဟယ်သို့ သွားလာရာလမ်းတွင်လည်း နာဂတောင်တန်းများထဲမှ အမြင့်ဆုံးဟုမဆိုသာသော်လည်း မြင့်မားလှသည့် ထိန်ညိုတောင် (အမြင့်ပေ ၄၉၉၇ ပေ) အား မဖြစ်မနေဖြတ်ကျော်ကြရသည်။ သွားလာရာ လမ်းတစ်လျှောက် မှိုင်းညို့အုံ့ဆိုင်းမြူတွေဆိုင်းနေသည့် နာဂတောင်တန်း၏ ရှုခင်းအလှ သဘာဝများစွာကိုလည်း ကြည့်ရှုခံစားသွားလာနိုင်ပေ၏။
တစ်ချိန်က နာဂဒေသ
စာရေးသူတို့ နတလတွင် ညွှန်ကြားရေးမှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးတင်မောင်အေးက ၁၉၉၆-၁၉၉၇ ခုနှစ်ကာလဝန်းကျင် သူနာဂဒေသတွင် တာဝန်ထမ်းဆောင်ခဲ့စဉ် နာဂဒေသကွင်းဆင်းမှု အခြေအနေအကြောင်းကို ကိုယ်တွေ့အမှတ်တရအဖြစ် -
ပထမဆုံးသွားခဲ့ရတာလေး အမှတ်ရမိ။ လဟယ်ပဲတက်တက်၊ လေရှီးပဲတက်တက်၊ ခြေကျင်ခရီးနဲ့ ချီလေတဲ့ချီလေပဲမိခဲ့တာပါ။ တောင်တက်တောင်ဆင်း မတ်စောက်၊ လမ်းတွေက မိုးရွာလျှင် ဗွက်ပေါက်။ ခန္တီးကနေ ချင်းတွင်းမြစ်အနောက်ဘက်ကို လှေနဲ့ကူး။ ဆင်သေဆိုတဲ့ ရွာကိုရောက်။ ဆန်အရက်ချက်တဲ့ စိမ်ရည်နံ့လေးက တသင်းသင်း။ ရှမ်းမြောက်က ရှမ်းတရုတ်ရွာလေးတွေ ရောက်သွားသလို ခံစားရတယ်။
ဆင်သေရွာကနေ ကျွန်တော်နဲ့ လက်ထောက်ညွှန်မှူး ဗိုလ်ကြီးကြင်ဆိုင် နှစ်ယောက်ထော်လာဂျီဖြင့် ချီတက်ကြတယ်။
လမ်းမှာ နန့်စလိန်ချောင်းကိုဖြတ်။
မိုးတွင်းမှာ ချောင်းကူးဖို့ကြိုးတံတားတစ်စင်းကို ခေတ်အဆက်ဆက်ဆောက်ခဲ့ကြတာ။ ကြိုးတံတားရဲ့အမြင့်က ပေ ၄၀ လောက်ရှိမယ်ထင်တယ်။ မိုးတွင်းမှာဆိုလျှင် ချောင်းရေက ပေ ၄၀ နီးပါးလောက် ရှိတယ်လို့ ဆိုလိုတာပေါ့။ နွေမှာတော့ ဒူးခေါင်းသာသာလောက်ပါ။
နာဂတံတားကျွမ်းကျင်သူတွေထိုးထားတဲ့ သံမပါမျောတံတားလေး တစ်စင်းခင်းထားသဗျ။ ထော်လာဂျီတို့၊ ဆိုင်ကယ်တို့လောက် ဖြတ်မောင်းနိုင်သပေါ့လေ။
ချောင်းဒီဘက်ကမ်းမှာ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းဇရပ်ကြီးတစ်ခုတွေ့တယ်။ ဦးနုလက်ထက်ကတည်းက ဆောက်ထားတာတဲ့။ ခရီးသွားများတစ်ထောက်နားနေရန်ပေါ့။ လမ်းမှာလည်း နှစ်နေရာလောက် ဇရပ်တွေဆောက်ထားတာတွေ့ရတယ်။
နန့်စလိန်ချောင်းကျော်တာနဲ့ ထိန်ညိုတောင်ကို စတက်ပါပြီ။ တောင်အလယ်လောက်ရောက်တော့ နေညိုပါပြီ၊ မိုးလေးကလည်း တစိမ့်စိမ့်လုပ်လာပါပြီ။ ထိန်ညိုတောင်ဟာ နာဂတောင်တန်းရဲ့ နာမည်ကျော် စာရာမေရိတောင်နဲ့ တစ်ဆက်တည်းပါ။ ရာသီဥတုကောင်းရင် စာရာမေရိတောင်ထိပ်ကို မှုန်ပြပြ လှမ်းမြင်ရသဗျ။
မိုးတစိမ့်စိမ့်နဲ့ တောင်တက်ရတာ အင်မတန်အန္တရာယ်တော့ အများသား။ ရုန်းရင်းကန်ရင်းထော်လာဂျီက စောင်းလိုက် နောက်ပြန်လိမ့်လိုက်၊ စက်သံကလည်း ငယ်သံပါနေပြီ။ စက်မောင်းကို စက်သီးဆွဲကြိုး winch နဲ့ဆွဲစမ်းကွာလို့ ခိုင်းတော့ ဆွဲသဗျ။ တက်တော့တက်၊ ရုန်းတော့ရုန်း၊ ဒါပေသည့် ရွှံ့ထဲမှာ ဘယ်ညာလူးလူးပြီး ဘေးက ကမ်းပါးယံတွေကိုဘော်ဒီနဲ့ပြေးပြေးရိုက်။ မဖြစ်ချေ လမ်းလျှောက်မှသင့်မည်လို့ ဆုံးဖြတ်ပြီး ကျွန်တော်နဲ့ မောင်ကြင်ဆိုင် နှစ်ယောက်သား ကိုယ့်အိတ်ကိုယ်ဆွဲ၊ ညမှောင်မှောင် လမှောင်မှောင်ဝယ် night move လုပ်ကြလေ၏။
လဟယ်ကို ရောက်ဖို့ဆိုလျှင် လမ်းတစ်လမ်းပဲရှိတယ်။ အဲဒီလမ်းက ခန္တီးမြို့နဲ့ ဆက်သွယ်ထားတယ်။ ဒီလမ်းဟာ မိုးရာသီဖြစ်တဲ့ ဇွန်လကနေ စက်တင်ဘာလ အတွင်းမှာ သွားလာလို့မရပါဘူး။ ကျန်တဲ့အချိန်တွေမှာတော့ ဒေသတွင်း သွားလာဖို့အတွက် မော်တော်ဆိုင်ကယ်တွေကိုသာ အားကိုးနေရတာပါ။ လမ်းအခြေအနေဟာ မြန်မာနိုင်ငံရဲ့ အခြားဒေသတွေနဲ့ စိတ်ကူးနဲ့တောင် နှိုင်းယှဉ်လို့မရအောင် ဆိုးရွားလှပါတယ်။ မြေပြို၊ တောင်ကြားလမ်းတစ်လျှောက် လမ်းချော်မှုတွေနဲ့ကြုံရင် နာရီနဲ့ချီပြီးကြာအောင် ပိတ်နေတတ်တဲ့လမ်းပါ။ နွေရာသီမှာ လေးဘီးယက်အမြင့်ကားတွေ၊ ပစ်ကပ်ကားတွေ သွားလို့ရနိုင်ပေမယ့် မော်တော်ဆိုင်ကယ်ကို သုံးခြင်းဟာ နာဂဒေသအတွက်တော့ လက်တွေ့ပိုကျပါတယ်။
လဟယ်ကနေ ခန္တီးကိုသွားတဲ့ ခရီးလမ်းဟာ မိုင် ၅၀ ကျော်သာရှိပေမယ့် အဲဒီလို ခက်ခက်ခဲခဲ သွားလာရတာကြောင့် တစ်ရက်နီးပါးကြာတတ်ပါတယ် ဟုပြောပြခဲ့ရာ နယ်စပ်ဒေသများ ဖွံ့ဖြိုးရေးအပေါ် နယ်စပ်ရေးရာဝန်ကြီးဌာန အရာထမ်း/အမှုထမ်းများ၏ ပေးဆပ်မှု၊ တာဝန်ကျေပွန်မှု၊ အလေးထားမှုကို နက်နက်ရှိုင်းရှိုင်းခံစားလိုက်ရသည်။
နာဂဒေသဖွံ့ဖြိုးရေးမြင်ကွင်း
ယခုအခါ နိုင်ငံတော်သည် ဒေသအသီးသီး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ပံ့ပိုးဆောင်ရွက် ပေးလျက်ရှိသည်။ ခန္တီးခရိုင်အတွင်းနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသော လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန် အခြေခံအဆောက်အဦ ဖြစ်သည့် လမ်းသစ်များ ဖောက်လုပ်ခြင်း၊ တံတားများ တည်ဆောက်ပေးခြင်းနှင့်ရှိပြီး သားလမ်းတံတားများကို အဆင့်မြှင့်တင်တည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်
ပေးလျက်ရှိသည်။ အထက်ချင်းတွင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါသည့် ချင်းတွင်းမြစ်ကူး တံတားကြီးတွေဖြစ်သော ချင်းတွင်းတံတား(ကလေးဝ)၊ ချင်းတွင်းတံတား (ဟုမ္မလင်း)နှင့် ချင်းတွင်းတံတား (ခန္တီး)တို့ကို အချိန်တိုအတွင်းပြီးစီးအောင် တည်ဆောက်ပေးခဲ့သည်။ ယခုအခါတွင်လည်း ချင်းတွင်းတံတား (ထမံသီ)ကိုလည်း ဆက်လက် တည်ဆောက်ပေးလျက်ရှိသည်။
အဆိုပါ တံတားပြီးစီးသွားပါက ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်မြို့တို့နှင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ လေရှီး၊ ဆွမ္မရာဒေသမှ ဒေသခံပြည်သူများ ခရီးသွားလာမှု မြန်ဆန်ကောင်းမွန်ပြီး သွားလိုသည့်ဒေသများသို့ အချိန်တိုအတွင်း ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် လွယ်လင့်တကူ သွားလာနိုင်တော့မည်ဖြစ်သည်။
နန့်စလိန်ချောင်းကူးတံတားဖွင့်ပွဲ ၂၀၂၂ ခုနှစ် ဇူလိုင် ၂ ရက်တွင် အရှည် ၃၅၀ ဒသမ ၄၅ ပေ၊ အကျယ် ၃၀ ဒသမ ၅ ပေ၊ ကင်းလွတ်အမြင့် ၃ ပေနှင့် တံတားခံနိုင်ဝန် တန် ၆၀ ရှိသည့် နန့်စလိန်ချောင်းကူးတံတားအား အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့ပေပြီ။ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။ ဤနန့်စလိန်တံတားသည် ခန္တီးခရိုင် ခန္တီးမြို့နယ် ခန္တီး-ဆင်သေ-လဟယ်လမ်း (၂၄/၄) မိုင်ပေါ်တွင် တည်ရှိနေသည်။ နိုင်ငံတော်က ငွေကြေးအမြောက်အမြားအကုန်အကျခံကာ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်ဦးဆောင်သော တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ကြီးကြပ်လမ်းညွှန်မှုများနှင့်အညီ အဆင့်အတန်းမီမီ ဤတံတားကြီးကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။
ယခင်က သံမဏိပေါင်ကြိုးတံတားကို ၂၀၀၈ ခုနှစ်မှာ တည်ဆောက်ပေးခဲ့ပြီး နှစ်ကာလကြာရှည်ခြင်းကြောင့် လည်းကောင်း၊ သံမဏိပေါင်ကြိုးတံတား၏ တံတားခံနိုင်ဝန်အားနည်းလာသည့်အတွက်ကြောင့် လည်းကောင်း၊ တိုင်းရင်းသားပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ယခုကဲ့သို့ အခိုင်အမာသံကူကွန်ကရစ် တံတားကြီးကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၁၆၀၀ ဖြင့် ၇-၄-၂၀၁၉ ရက်မှစတင်ကာ လုပ်ငန်းဆောင်ရွက်ခဲ့ပြီး ၃၀-၉-၂၀၂၁ ရက်တွင် လုပ်ငန်းပြီးစီးခဲ့သည်။
တံတားကြီးပြီးစီးသွားပြီဖြစ်သဖြင့် နာဂဒေသ လဟယ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများ တံတားကြီးပေါ်မှ ဖြတ်သန်းလျက် မိမိတို့လိုရာခရီးကို အချိန်တိုအတွင်း ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် လွယ်လင့်တကူသွားလာနေကြပြီဖြစ်ပေသည်။
သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း- ခန္တီးလမ်း၊ ခန္တီး-ဆင်သေ-လဟယ်လမ်းနှင့် လဟယ်-နန်းယွန်းလမ်းတို့သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဝင်ပေါက်လမ်းများ ဖြစ်သည်။
ထိုလမ်းများကိုလည်း နှစ်စဉ်ခွင့်ပြုရန်ပုံငွေများ ချမှတ်ပေးပြီး ဆောင်ရွက်လျက်ရှိသည့်အတွက် နာဂဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုနိုင်မည် ဖြစ်ပေသည်။
ဒေသတွင်းသာမက ဆက်စပ်ဒေသများ ဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့ကိုပါ လွယ်လင့်တကူသွားလာနိုင်ပြီး တိုင်းရင်းသား ချစ်ကြည်ရင်းနှီးမှုများလည်း ရရှိစေမည် ဖြစ်သည်။
ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ ကုန်သွယ်စီးပွားရေးလုပ်ငန်းများ မြန်ဆန်အဆင်ပြေစေပြီး တိုင်းရင်းသား ဓလေ့ထုံးစံများနှင့် သဘာဝကိုအခြေခံသည့် ခရီးသွားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်လည်း ရည်ရွယ်သည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ဒေသထွက်ကုန်ရှားပါး၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တောင်တန်းဒေသဖြစ်သဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှသာ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ခြင်း မရှိဘဲ မြေပြန့်ဒေသများ နည်းတူ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပေသည်။ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိ၍ လုပ်ငန်း အတွေ့အကြုံကောင်းများ ရရှိလာကြမည်ဖြစ်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနသည် နာဂဒေသအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဒေသအကျယ်အဝန်း ၅၁၆၈ ဒသမ ၁၉၉ စတုရန်းမိုင်အတွင်း ဖြန့်ကြက်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။
ဒေသအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ၁၉၉၄-၁၉၉၅ ဘဏ္ဍာနှစ်မှစတင်၍ ဘဏ္ဍာနှစ်အလိုက် နှစ်စဉ်အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
လမ်း/တံတား၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ သာသနာရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး စသည့်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ ခန္တီးခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ငွေကျပ်သန်းပေါင်း ၁၀၃၃၄၁ ကျော် (၁၀၃ ဘီလီယံကျော်)အထိ ရန်ပုံငွေခွင့်ပြုဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။
အလားတူ လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ခန္တီး၊ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့တို့၌ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်းလေးကျောင်း၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း လေးကျောင်း ဖွင့်လှစ်သင်ကြားပေးပြီး နိုင်ငံအတွက် သားကောင်း၊ သမီးကောင်းများကိုမွေးထုတ်ပေးလျက်ရှိသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စတင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်မှစတင်၍ ယခုအချိန်အထိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပြည်ထောင်စုနယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၅၆၈၃ ဒသမ ၃၀၁ သန်းနှင့် တိုင်းဒေသကြီးရန်ပုံငွေကျပ် ၇၈၇၄ ဒသမ ၈၇ သန်း စုစုပေါင်းခွင့်ပြုရန်ပုံငွေကျပ် ၁၃၅၅၈ ဒသမ ၁၇၁ သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် မူလခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လုပ်ငန်းများအပြင် အိန္ဒိယ သမ္မတနိုင်ငံ၏ အကူအညီဖွံ့ဖြိုးရေး ရန်ပုံငွေအစီအစဉ်ဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လမ်းတံတားလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်းများအတွက် လုပ်ငန်းစုစုပေါင်း ၈၉ ခု၊ စုစုပေါင်း ရန်ပုံငွေကျပ် ၁၄၅၆၆ ဒသမ ၇၄၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။
နှစ်စဉ် ဇန်နဝါရီ ၁၅ ရက်တွင်ကျရောက်သည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အတွက် ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ နှစ်အလိုက်ထောက်ပံ့ပေးခဲ့ရာ ငွေကျပ် ၁၀၄ ဒသမ ၄၇၅ သန်း၊ ဆန်အိတ် ၂၅၀၀ အိတ်၊ သွပ် ၃၃၄၂၇ ချပ်၊ ဆိုလာမီး ၁၇၇၂ စုံ၊ စောင် ၁၂၄၁ ထည်၊ ကျောင်းသုံးဗလာစာအုပ် ၄၀၀၀ ဒါဇင်၊ ကျောင်းဝတ်စုံ ၂၆၀၀ စုံတို့အတွက် စုစုပေါင်းငွေကျပ် ၁၃၂၃ ဒသမ ၀၂၇ သန်း ထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။
စဉ်ဆက်မပြတ်သောဖွံ့ဖြိုးရေးများ
နာဂသွေးချင်းတို့ဒေသ၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိမှုအပေါ် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ အနေဖြင့် ဘက်ပေါင်းစုံမှ စဉ်ဆက်မပြတ်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်မှာ မြင်သာထင်သာရှိလှသော မြင်ကွင်းများပင်ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသများ
ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝမြင့်မားရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်ရာတွင် မည်သည့်လူမျိုး၊ မည်သည့်ဒေသ၊ မည်သည့်ငြိမ်းချမ်းရေးအဖွဲ့အစည်းဟူ၍ မခွဲခြား၊ အားလုံးကို ပြည်ထောင်စုဖွား တိုင်းရင်းသားများတည်းဟူသော အမြင်ဖြင့် တစ်ပြေးညီ ဆောင်ရွက်ပေး နေခြင်းပင် ဖြစ်သည်။
ဒေသခံတိုင်းရင်းသားများကလည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ရေရှည်တည်တံ့နိုင်ရေး ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရမည်။ ဒေသတည်ငြိမ်ရေးအတွက်ပါ စည်းလုံးညီညွတ်စွာ ပူးပေါင်းကာကွယ် စောင့်ရှောက်ကြရန်လည်း လိုအပ်လှပေသည်။ ထိုသို့ဆောင်ရွက်ရာတွင် နယ်မြေဒေသတည်ငြိမ် အေးချမ်းမှုသည် မရှိမဖြစ်လိုအပ်ပြီး ပကတိမြေပြင် အမှန်သဘောကို သိမြင်နိုင်သော အသိအမြင် အလင်းတန်းများ ကိုယ်စီကိုယ်စီ ရရှိပိုင်ဆိုင်ရေးသည်လည်း အဓိက ကျလှပါကြောင်း ရေးသား တင်ပြလိုက် ရပါသည်။ ။
ဝထကလသ
(နတလ)