ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ “မိုးကောင်းရတနာ”ကလေးဆေးရုံအား ရှော့တိုက်ဒုံးဖြင့်အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် ပူးပေါင်းပါဝင်သူ အကြမ်းဖက်သမား ၅ ဦးအား ရှော့တိုက်ဒုံးများနှင့်အတူ ဖော်ထုတ်ဖမ်းဆီး
နေပြည်တော်၊ ဩဂုတ် ၁၈
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက် ည ၉ နာရီ ၅၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ မိုးကောင်းလမ်းရှိ “မိုးကောင်းရတနာ”ကလေးဆေးရုံ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆေးရုံပတ်ဝန်းကျင်အား အသေးစိတ်စစ်ဆေးရှာဖွေခြင်းများ ပြုလုပ်ခဲ့ရာ အကြမ်းဖက်သမားများက ကလေးဆေးရုံအား ဆေးရုံအရှေ့ လမ်းတစ်ဖက်ခြမ်းရှိ ဘောလုံးကွင်းဟောင်းအတွင်းမှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်းတွေ့ရှိရသည်။
ရှော့တိုက်ဒုံးမှာ ဘောလုံးကွင်းဟောင်းခြံစည်းရိုးအနီးရှိ ကျွန်းပင်ကို ထိမှန်ခဲ့ပြီး ဆေးရုံ အုတ်နံရံအား ပေါက်ကွဲစထိခိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဘောလုံးကွင်းဟောင်းအတွင်းမှ အကြမ်းဖက် ပစ်ခတ်ရာတွင် အသုံးပြုခဲ့သည့် မီးခိုးရောင်မိုးကာအင်္ကျီ တစ်ထည်၊ ဖက်လုံးစွပ်အနီရောင ်အပြဲတစ်ခု၊ ဒီဇယ်တစ်ဝက်ခန့်ပါ Alpine 350ml ရေသန့်ဘူး ၁ ဘူး၊ အနက်ရောင် မီးတိပ် ၁ ခု၊ အချင်း ၄ လက်မခန့်ရှိ သံကျွတ်အပိုင်းအစ ၁ ခု၊ အလျား ၃ ပေ၊ အချင်း ၄ လက်မခန့်ရှိ PVC ပိုက်အခြမ်း ၁ ခု၊ ဘက်ထရီအိုးခြောက်အသေး ၁ လုံးနှင့်တွဲလျက် ဒီဇယ်စိမ်ထားသည့် ကော်ခွက်ပိုင်း ၁ ခု၊ သားရေကွင်းအလွတ် ၅၀ ခန့်၊ အနီ/အနက်ရောင်ဝါယာကြိုး ၁၃ ပေခန့် ၁ ချောင်း၊ အဖြူရောင် ဆာလာအိတ် ၁ လုံး၊ အနက်ရောင် ပလတ်စတစ် ၁ ခု၊ ၂ ပေခန့်ရှိ သွပ်နန်းကြိုး ၂ ချောင်းနှင့် အဖြူရောင် Double တိပ် ၁ ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူ နိုင်ရေး ရန်ကင်းမြို့မရဲစခန်း၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၀(ည)တို့ဖြင့် အမှုဖွင့်လှစ်ကာ တရားခံဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။
အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက အကြမ်းဖက်မှုကိုမလိုလားသော တာဝန်သိပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် သတင်း စုံစမ်းဖော်ထုတ်ခဲ့ရာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အကြမ်းဖက်သမားများအား သယ်ယူပို့ဆောင် ပေးခဲ့သည့် YGN EE-5830 Toyota Fielder အမျိုးအစား ခဲရောင် (အငှားယာဉ်)အား ဩဂုတ်လ ၄ ရက်နေ့ ညပိုင်းတွင် ပါရမီလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းမီးပွိုင့်၌ ယာဉ်မောင်းဖြစ်သူ ရွှေပြည်သာ မြို့နယ်၊ (၂၅)ရပ်ကွက်၊ သံဖြူဆိုင်ဈေးလမ်းနေ သန်းနိုင်(၄၅)နှစ် (ဘ)ဦးကံလှနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။
အငှားယာဉ်မောင်း သန်းနိုင်၏ထွက်ဆိုချက်အရ “မိုးကောင်းရတနာ”ကလေးဆေးရုံအား ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုဖြစ်စဉ်တွင် ပူးပေါင်းပါဝင်ခဲ့ပြီး အငှားယာဉ်ငှားရမ်း၍ အကြမ်းဖက်သမား များနှင့် ဖောက်ခွဲရေးပစ္စည်းများအား သယ်ယူပို့ဆောင်ပေးခဲ့သူ ရွှေပြည်သာမြို့နယ်၊ (၂၅)ရပ်ကွက်၊ ရှင်သန်ခြင်း(၂)လမ်း၊ ဒေါ်လွင်လွင်သက်အဆောင်၊ အခန်း(၂)တွင် ငှားရမ်းနေထိုင်သူ ဂျယ်လီ(ခ) အောင်သူလွင် (၂၉)နှစ် (ဘ)ဦးသန်းလွင်အား ဩဂုတ်လ ၆ ရက် နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် ၎င်းနေထိုင်ရာ အခန်းမှ လည်းကောင်း၊
ပစ်ခတ်တိုက်ခိုက်မှုအား ကြီးကြပ်ချိတ်ဆက်ဆောင်ရွက်ပေးသူ ရွှေပြည်သာမြို့နယ်၊ (၆) ရပ်ကွက်နေ မိုက်(ခ)ဇော်ကြီး(ခ)ဇော်မျိုးထွဋ် (၂၃)နှစ် (ဘ)ဦးမျိုးမြင့်အား ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် ၎င်းနေအိမ်၌လည်းကောင်း၊
ရှော့တိုက်ဒုံးများအား သိမ်းဆည်းထုပ်ပိုးပေးပို့ခဲ့သည့် ရွှေပြည်သာမြို့နယ်၊ (ထ/၁၆)ရပ်ကွက် နေ ဒေါက်တာ ပြည့်ဖြိုးပိုင်(ခ) ကိုပြည့် (၂၇)နှစ် (ဘ)ဦးကျော်စိုးအား ယင်းနေ့ ည ၈ နာရီ ၄၀ မိနစ် အချိန်တွင် ၎င်းနေအိမ်အတွင်း၌ သိုဝှက်သိမ်းဆည်းထားသည့် ရှော့တိုက်ဒုံး ၉ လုံး၊ ပို့ကျည် (ဖျူးစ်) ၉ လုံး၊ ရှော့တိုက်ဒုံးများအား ဝှက်သိမ်းသယ်ဆောင်လာသည့် သံပီပါအခွံ ၂ လုံး၊ ဖောက်ခွဲ ဖျက်ဆီးရေး လုပ်ငန်းများတွင် အသုံးပြုသည့် ပုလဲဓာတ်မြေဩဇာ အိတ် ၄ လုံး တို့နှင့် ဖမ်းဆီးရမိ ခဲ့သည်။
ပြစ်မှုကျူးလွန်ရန် အခြေအနေစောင့်ကြပ်ကြည့်ရှု့ပေးခဲ့သူ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ (၂၁)ရပ်ကွက်နေ ပန်ဒါ (ခ)မင်းမင်းဦး (၂၇)နှစ် (ဘ)ဦးစိုးတင့်အား ဩဂုတ်လ ၇ ရက်နေ့ နံနက် ၉ နာရီ ၅၅ မိနစ်အချိန်တွင် ၎င်းနေအိမ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ပြည့်ဖြိုးပိုင်(ခ)ကိုပြည့်၏ ထွက်ဆိုချက်အရ အကြမ်းဖက်လုပ်ငန်း များတွင် အသုံးပြုသည့် လက်နက်/ခဲယမ်းများအား ၎င်း၏ နေအိမ်တွင် သိမ်းဆည်းထားကြောင်း ဆက်လက်ဖော်ထုတ်သိရှိရသဖြင့် ဩဂုတ်လ ၇ ရက်နေ့ ည ၈ နာရီအချိန်တွင် ၎င်း၏ နေအိမ် အိပ်ခန်း အတွင်း ထပ်မံသွားရောက်ရှာဖွေခဲ့ရာ Sigsauer ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ Glock ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ပွိုင့်-၃၈၀ ကျည် ၇၅ တောင့်၊ ၉ မမ ကျည် ၅၀ တောင့်၊ အသံတိတ်ပြောင်း ၁ ခုတို့အား လည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သည်။
တရားခံ မိုက်(ခ)ဇော်ကြီး(ခ) ဇော်မျိုးထွဋ်၏ ထွက်ဆိုချက်အရ ၎င်းသည် ဖမ်းဆီးရန် ကျန် တရားခံများဖြစ်သော စောချမ်းဟိန်းထက်၊ စံဟိန်း(ခ)ဘသောင်း၊ ဆန်းထူးတို့နှင့်အတူ KNLA တပ်မဟာ(၁)နယ်မြေတွင် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး သင်တန်းအား တက်ရောက်ခဲ့ပြီး People Force အမည်ခံအကြမ်းဖက်အဖွဲ့အား တရားခံ စောချမ်းဟိန်းထက်မှ ဦးဆောင်၍ ဖွဲ့စည်းကာ ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊
“မိုးကောင်းရတနာ” ကလေးဆေးရုံအား ရှော့တိုက်ဒုံးဖြင့် အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ရန် အတွက် KNLA တပ်မဟာ(၁)နယ်မြေတွင် တိမ်းရှောင်လျက်ရှိသည့် People Force အမည်ခံ အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရန်ကျန် တရားခံ စောချမ်းဟိန်းထက်က ဖုန်း၊ Telegram တို့မှ ချိတ်ဆက်၍ စေခိုင်းမှုဖြင့် ပူးပေါင်းကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း၊
ဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် ရှော့တိုက်ဒုံးနှင့် ဆက်စပ်ပစ္စည်းများအား ဒေါက်တာ ပြည့်ဖြိုးပိုင် (ခ)ကိုပြည့်မှ ဖက်လုံးတစ်လုံးနှင့် ဂျပ်ဖာအသေး(၂)လုံးအတွင်းထည့်၍ လှော်ကားသင်္ချိုင်းအနီး ကားလမ်းဘေး၌ ကြိုတင်ချထားပေးခဲ့ကြောင်း၊ ဂျယ်လီ(ခ)အောင်သူလွင်မှ သန်းနိုင်မောင်းနှင်သော အငှားယာဉ်အား ငှားရမ်းကာ မိုက်(ခ) ဇော်ကြီး(ခ) ဇော်မျိုးထွဋ်နှင့်အတူ ဒေါက်တာ ပြည့်ဖြိုးပိုင်(ခ) ကိုပြည့် ကြိုတင်စီစဉ်ချထားပေးသည့် ရှော့တိုက်ဒုံးနှင့် ဆက်စပ်ပစ္စည်းများအား ယူဆောင်လာခဲ့ပြီး ရန်ကင်းမြို့နယ်၊ ရန်ရှင်းလမ်းမပေါ်၌ People Force အကြမ်းဖက်အဖွဲ့မှ အဖွဲ့ဝင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ဘန်ဘန်နှင့် အငယ်မ တို့ ၂ ဦးအား ဆက်လက်ခေါ်ဆောင်ကာ ရန်ကင်းမြို့နယ် “မိုးကောင်းရတနာ”ကလေးဆေးရုံအရှေ့ရှိ ဘောလုံးကွင်းဟောင်းဘေး ဘောက်ထော်ဘူတာရုံ လမ်းမပေါ်တွင် ယာဉ်အား ရပ်တန့်ခဲ့ကာ ဂျယ်လီ(ခ) အောင်သူလွင်၊ သန်းနိုင်နှင့် မိုက်(ခ) ဇော်ကြီး (ခ) ဇော်မျိုးထွဋ်တို့ ၃ ဦးမှာ “YUMMY” စားသောက်ဆိုင်သို့ သွားရောက်ခဲ့ပြီး ဆိုင်အတွင်း၌ ကြိုတင်ရောက်ရှိနေသည့် ပစ်ခတ်တိုက်ခိုက်မှုကျူးလွန်ရန် အခြေအနေစောင့်ကြည့်ပေးသူများ ဖြစ်ကြသည့် ပန်ဒါ(ခ) မင်းမင်းဦး၊ ဖမ်းဆီးရန်ကျန်တရားခံဖြစ်သူ စောသက် တို့ ၂ ဦးနှင့် ချိတ်ဆက်ပူးပေါင်းခဲ့ကြောင်း၊ ဘန်ဘန်နှင့် အငယ်မတို့ ၂ ဦးမှာ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ရန် အတွက် ယာဉ်ပေါ်တွင် သယ်ဆောင်လာသည့် ရှော့တိုက်ဒုံးနှင့် ဆက်စပ်ပစ္စည်းများယူဆောင်ကာ ဘောလုံးကွင်းအတွင်းသို့ အုတ်နံရံအား ကျော်တက်ဝင်ရောက်ခဲ့ပြီး ဆေးရုံအား ပစ်ခတ်တိုက်ခိုက်မှု ကျူးလွန်ခဲ့ကြခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်တွင် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကျူးလွန်ခဲ့သူ တရားခံ ၅ ဦးအား ရှော့တိုက်ဒုံး ၉ လုံး၊ ပို့ကျည် (ဖျူးစ်) ၉ လုံး၊ Sigsauer ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ Glock ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ပွိုင့်-၃၈၀ ကျည် ၇၅ တောင့်၊ ၉ မမ ကျည် ၅၀ တောင့်၊ အသံတိပ်ပြောင်း ၁ ခု၊ ရှော့တိုက်ဒုံးများအား သိုဝှက်သယ်ဆောင်လာသည့် သံပီပါအခွံ ၂ လုံး၊ ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်း များတွင် အသုံးပြုသည့် ပုလဲဓာတ်မြေဩဇာအိတ် ၄ လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် People Force အမည်ခံ အကြမ်းဖက်အဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်တွင် ရွှေပြည်သာမြို့နယ် အတွင်းရှိ Myanmar Gi Gi စက်ရုံအား လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၉ ရက်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ လုံခြုံရေးကင်းစခန်း ၁ ခုအား လည်းကောင်း၊ ရွှေပြည်သာမြို့နယ်ရှိ ပရဟိတ အသင်းအား လည်းကောင်း လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်း ကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ဆုငွေများ ချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေး အတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။