တောင်သူကြီးများ လူမှုစီးပွားဘဝဖွံ့ဖြိုးရန် လိုအပ်ချက်ဖြည့်ဆည်းပေးမည့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ မြစိမ်းရောင်စီမံကိန်း(MSY)
စာရေးသူအနေဖြင့် မြစိမ်းရောင်စီမံကိန်းနဲ့ပတ်သက်တဲ့ ဆောင်းပါးလေးပုဒ်ကို နိုင်ငံပိုင်သတင်းစာများမှာ ရေးသားဖော်ပြခဲ့ပြီး စာရေးသူရဲ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆောင်းပါးစုစည်းမှု စာအုပ်မှာလည်း ထည့်သွင်းဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနဲ့ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးဟာ စီးပွားရေး ထိခိုက်မှုများ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ဒီထဲမှာ မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံ တော်အစိုးရအနေနဲ့ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ငွေကျပ် ဘီလီယံ ၄၀၀ ကို စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး သီးသန့်ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး ၁၂-၈-၂၀၂၂ ရက်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၊ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်းများသို့ ရန်ပုံငွေ ကျပ်ဘီလီယံ ၃၃၀ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ Myanmar Economic Recovery Plan (MERP)၊ Covid-19 Economic Recovery Plan (CERP)အစီအစဉ်များ ရေးဆွဲပြီး ထိခိုက်မှုများ လျော့ပါးသက်သာအောင် ဆောင်ရွက် လျက်ရှိပါတယ်။ CERP အစီအစဉ်အရ ၂၀၂၀ ပြည့်နှစ်မှာ အသေးစားနှင့် အလတ်စား စီးပွားရေး(SME)လုပ်ငန်းများကို သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ပေးခဲ့သလို ဆက်လက်ထုတ်ပေးလျက်လည်းရှိပါတယ်။ ဒါ့အပြင် Cash for Work (CfW) စီမံကိန်း၊ Village Revolving Fund Project (VRFP) စီမံကိန်းများကိုလည်းဆောင်ရွက်ခဲ့ပြီး အတိုင်းအတာတစ်ခုအထိ အကျိုးပြုနိုင်ခဲ့ပါတယ်။ Cash for Work(CfW) စီမံကိန်းကတော့ ကျေးရွာကုန်ထုတ်လုပ်မှုနဲ့ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်သားအင်အား အသုံးပြုရတဲ့ Labour Intensive နည်းလမ်းနဲ့ ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်စေတာ ဖြစ်ပြီး Village Revolving Fund Project(VRFP) ကတော့ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလိုပဲ ကျေးလက်နေလုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူ ထုတ်လုပ်ရောင်းချသူများ၊ အသေးစားစီးပွားရေးလုပ်ကိုင်နေသူများ စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်နှင့် တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် အရင်း မပျောက်လည်ပတ်ရန်ပုံငွေ(မတည်ရန်ပုံငွေ) ထူထောင်ပေးတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနဲ့မွေးမြူရေးကို အခြေခံတဲ့နိုင်ငံ ဖြစ်တဲ့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေးဟာ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံး အခန်းကဏ္ဍကပါဝင်ပါတယ်။ စိုက်ပျိုးမွေးမြူရေးတောင်သူများရဲ့ အဓိကလိုအပ်ချက်မှာ မျိုး၊ သွင်းအားစု၊ နည်းပညာနဲ့ ဈေးကွက်တို့ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံများရဲ့ ဖြစ်စဉ်များကြောင့် သွင်းအားစုများ ဈေးကြီးလာခြင်း၊ ကုန်ပစ္စည်းများ သယ်ယူ ပို့ဆောင်ရေးအတွက် အဓိကအရေးပါတဲ့ စက်သုံးဆီဈေးကြီးမြင့်လာခြင်း တို့ဟာလည်း တောင်သူများအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ပဲဖြစ်ပါတယ်။
ဒါ့ကြောင့် သွင်းအားစုမသုံးနိုင်၊ သွင်းအားစုမသုံးတော့ အထွက်နှုန်းကျ၊ အထွက်နှုန်းကျတော့ ပြည်ပတင်ပို့မှုကျရ ဒီလိုနဲ့ နိုင်ငံ့စီးပွားရေး၊ တောင်သူ့စီးပွားရေးကို ထိခိုက်လာစေမှာဖြစ်ပါတယ်။
ဒါ့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ တာဝန်ပေးချက်အရ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနသည် ယူရီးယားဓာတ်မြေသြဇာဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းကာ မြန်မာနိုင်ငံမြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်းဝင် ကုမ္ပဏီများနှင့် Consortium ဖွဲ့စည်း၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များနှင့် ပူးပေါင်းပြီး မိုးစပါးရာသီအမီ ဓာတ်မြေသြဇာသွင်းအားစုကို သက်သာသောနှုန်းဖြင့် အချိန်မီတင်သွင်း ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ခဲ့ပါတယ်။ ယူရီးယားဓာတ်မြေသြဇာ ၈၀၃၇၀ တန်၊ ကွန်ပေါင်းဓာတ်မြေ သြဇာ(Compound) ၃၀၁၂၄ တန်တင်သွင်းနိုင်ခဲ့ပြီး ယခင် တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းကျော်ပေးရသည့် ယူရီးယားဓာတ်မြေသြဇာကို ရန်ကုန်အထိုင်ဈေး ငွေကျပ် ၈၆၀၀၀ ဖြင့် ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။
ထိုနည်းတူ စားသုံးဆီဖူလုံရေးစီမံချက်ကိုရေးဆွဲခဲ့ပြီး မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ ဆီထွက်သီးနှံ နေကြာ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် နေကြာမျိုးစေ့ ထုတ်လုပ်ခြင်း၊ အရည်အသွေးစစ်ဆေးခြင်းနှင့် နှုန်းထားသတ်မှတ်ခြင်း၊ စိုက်ပျိုးဧရိယာ ရွေးချယ်ခြင်းတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပြီး စိုက်ပျိုးမည့်တောင်သူရွေးချယ်ခြင်းကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကာ မျိုးစေ့ဖြန့်ဖြူးခြင်းကို မျိုးစေ့သမအသင်းများမှ ဆောင်ရွက်၍ မြစိမ်းရောင် ချေးငွေထုတ်ချေးခြင်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ပါတယ်။
မျိုးစေ့ထုတ်လုပ်ရန်လိုအပ်သော သွင်းအားစုများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက ပူးပေါင်း ဆောင်ရွက်ပေးပါတယ်။
ထွက်ရှိလာသောမျိုးများကို လာမည့်ဆောင်းရာသီတွင် နေကြာပြန်လည်စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် မျိုးဝယ်ယူနိုင်ရေးနှင့် သွင်းအားစုအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ)မှ ကျေးရွာ ၄၅၇ ရွာတွင် မတည်ရန်ပုံငွေကျပ် ၆၉၆၀ သန်းဖြင့် ကူညီဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင်လည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးထုတ်လုပ်မယ့် ဒေသတွေမှာ ရေလိုအပ်ချက်ရှိပါက ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အသေးစား ရေရရှိရေးလုပ်ငန်းများကို Solar Pumping စနစ်ဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ လက်ရှိမှာ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ်ရှစ်မြို့နယ်၊ ကျေးရွာကိုးရွာတွင် ဆိုလာစနစ်သုံးစိုက်ပျိုးရေရရှိရေး လုပ်ငန်း ၁၅ ခုကို ရန်ပုံငွေကျပ် (၁၃၈ ဒသမ ၇၂၈) သန်းဖြင့် ပူးပေါင်းဆောင်ရွက်နေပါတယ်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဟာ လက်ရှိအချိန်အထိ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)အပါအဝင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာပေါင်း (၁၂၃၇၃) ရွာအတွက် ရန်ပုံငွေကျပ် (၃၅၄ ဒသမ ၆၄)ဘီလီယံဖြင့် ဆောင်ရွက်လျက်ရှိပြီး ကျေးရွာ (၁၄၅၆၅) ရွာကို အကျိုးပြုနိုင်လျက်ရှိပါတယ်။
(၁၂-၈-၂၀၂၂) ရက်မှာတော့ တိုင်း ဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသဦးစီးအဖွဲ့များ၏စီမံခန့်ခွဲမှုဖြင့် စိုက်ပျိုးမွေးမြူရေးမြစိမ်းရောင်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အနက်မှ ငွေကျပ် ၁၀၀ ဘီလီယံထောက်ပံ့ပေးခဲ့ပါတယ်။
စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်စေရန်၊ မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ ဘဏ္ဍာငွေအရင်းအမြစ် စဉ်ဆက်မပြတ်ရရှိပြီး အရင်းမပျောက်လည်ပတ် ရန်ပုံငွေထူထောင်နိုင်ရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်၊ ဒေသတွင်း စားနပ်ရိက္ခာဖူလုံပိုလျှံစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန် စသော ရည်မှန်းချက်များဖြင့် စိုက်ပျိုးမွေးမြူရေးမြစိမ်းရောင်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်စေတာ ဖြစ်ပါတယ်။ ဆောင်ရွက်မည့်ဒေသများအလိုက် ရန်ပုံငွေ လျာထားချက်အနေနဲ့ (က) ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့အား ပြည်နယ်တစ်ခုလျှင် ငွေကျပ် ၁၀ ဘီလီယံနှုန်းဖြင့် သုံးပြည်နယ်အတွက် ငွေ ကျပ် ၃၀ ဘီလီယံ၊
(ခ) ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့အား ပြည်နယ်တစ်ခုလျှင် ငွေကျပ် ရှစ် ဘီလီယံနှုန်းဖြင့် လေးပြည်နယ်နှင့် တိုင်းဒေသကြီး တစ်ခုတို့အတွက် ငွေကျပ် ၄၀ ဘီလီယံ၊
(ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသခြောက်ခုအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသတစ်ခုလျှင် ငွေကျပ် ငါးဘီလီယံနှုန်းဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ခြောက်ခုအတွက် ငွေကျပ် ၃၀ ဘီလီယံ ဖြစ်ပြီး စုစုပေါင်း ငွေကျပ် ၁၀၀ ဘီလီယံဖြစ်ပါတယ်။
စီမံကိန်းကျေးရွာများရွေးချယ်ရာတွင် အခြေခံရမည့်မူများ
စီမံကိန်းကျေးရွာများရွေးချယ်ရာတွင် အောက်ဖော်ပြပါအချက်များအပေါ် အခြေခံပြီး ပွင့်လင်းမြင်သာမှုရှိစွာ စိစစ်ရွေးချယ်ရမှာဖြစ်ပါတယ်-
(က) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သမဝါ ယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိမှု၊
(ခ) တရားဥပဒေစိုးမိုးမှု၊
(ဂ) ကျေးရွာသူ/ကျေးရွာသားများ၊ သမဝါယမအသင်းသားများ၏ စိတ် အားထက်သန်မှု၊ စည်းလုံးညီညွတ်မှု၊ (ကျေးရွာများမှ စီမံကိန်းဆောင်ရွက် ရန် လိုလားစွာတင်ပြတောင်းဆိုမှု)၊
(ဃ) လမ်းပန်းဆက်သွယ်ရေး လွယ်ကူ ချောမွေ့မှုနှင့် နယ်မြေလုံခြုံတည်ငြိမ်အေးချမ်းမှု၊
(င) အခြားဦးစီးဌာနများမှ လုပ်ဆောင်နေသော မြစိမ်းရောင်စီမံကိန်းများနှင့်ထပ်မနေရ။
စီမံကိန်းဧရိယာ
စိုက်ပျိုးမွေးမြူရေးမြစိမ်းရောင်စီမံကိန်းကို ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုးကန့်/ပလောင်/ပအို့/ဓနု/နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများရှိ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသဦးစီးအဖွဲ့များမှ သတ်မှတ်စံနှုန်းနှင့်အညီ ရွေးချယ်သည့်စီမံကိန်း ကျေးရွာများတွင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အတိုးနှုန်းနှင့် အတိုးနှုန်းကောက်ခံရန် ကာလ သတ်မှတ်ခြင်း
မြစိမ်းရောင်မတည်ရန်ပုံငွေမှ ကျေးရွာသူ၊ ကျေးရွာသားများ၊ သမဝါယမ အသင်းသားများအား ချေးငွေထုတ်ချေးပေးရာတွင် အတိုးနှုန်းကို ငွေတစ်ရာကျပ်အတွက် တစ်လလျှင် ပြား ၅၀ နှုန်းမှ ၁ ကျပ်ပြား ၅၀ နှုန်းအတွင်း ကျေးရွာမြစိမ်းရောင် စီမံကိန်းကြီးကြပ်မှုကော်မတီ(သို့မဟုတ်) သမဝါယမအသင်းမှ အများသဘောတူ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် သတ်မှတ်ပေးနိုင်ပြီး အတိုးကောက်ခံခြင်းကို ခြောက်လ တစ်ကြိမ် သတ်မှတ်ကောက်ခံသွားမှာ ဖြစ်ပါတယ်။
ချေးငွေသက်တမ်းကာလ
ချေးငွေသက်တမ်းကာလအား အောက်ပါအတိုင်းသတ်မှတ်သွားရန် စီစဉ်ထားရှိပါတယ်-
(က) နှစ်ရှည်သီးနှံစိုက်ပျိုးရေးလုပ်ငန်း (ဥပမာ-ကော်ဖီ၊ လက်ဖက်စသည်)အတွက် ချေးငွေ သက်တမ်းသုံးနှစ်၊ ရာသီပေါ်သီးနှံများအတွက် ချေးငွေ သက်တမ်းတစ်နှစ်၊
(ခ) မွေးမြူရေးလုပ်ငန်း(အသားကဏ္ဍ)တွင် ကျွဲ/နွား/နွားနောက်/မြင်းတို့အတွက် ချေးငွေသက်တမ်း သုံးနှစ်၊ ဝက်/သိုး/ဆိတ်/ကြက်/ဘဲတို့အတွက် ချေးငွေသက်တမ်း တစ်နှစ်၊
(ဂ) ငါးလုပ်ငန်းအတွက် ချေးငွေသက်တမ်း တစ်နှစ်၊
(ဃ) သမဝါယမအသင်းမှဆောင်ရွက်မည့် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု သမဝါယမ လုပ်ငန်းများအတွက် ချေးငွေသက်တမ်းတစ်နှစ်ဖြစ်ပြီး ချေးငွေပေးဆပ်ကာလ သုံးနှစ်အထိ ခွင့်ပြုပေးထားတဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအနေနဲ့တော့ ချေးငွေစာချုပ်ကို နှစ်စဉ်သက်တမ်း တိုးဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
ချေးငွေဖြင့်ဆောင်ရွက်နိုင်မည့်လုပ်ငန်းများ
ကျေးလက်အိမ်ထောင်စုများ၊ သမဝါယမအသင်းသားများအနေနဲ့ အရင်းမပျောက်လည်ပတ်ရန်ပုံငွေအားရယူ၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း၊ သမဝါယမအသင်းဖြင့် ဆောင်ရွက်သည့် စီးပွားမြင့်မားရေးလုပ်ငန်းစတဲ့ လုပ်ငန်းများကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်မယ်ဆိုရင် ချေးငွေကို နှစ်ရှည်သီးနှံ/ရာသီပေါ်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းအပြင် ကုန်ချောထုတ် လုပ်မှုလုပ်ငန်းများတွင် အထောက်အကူရရှိ စေရန် ဆောင်ရွက်လိုပါကလည်း ဆောင်ရွက်နိုင်ပါတယ်။ မွေးမြူရေး(အသားကဏ္ဍ)ဆိုပါက ချေးငွေ၏ ၇၀ ရာခိုင်နှုန်းကို တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းအတွက် ဆောင်ရွက်ပြီး ကျန် ၃၀ ရာခိုင်နှုန်းအား စိုက်ပျိုးရေးလုပ်ငန်း၊ ငါးလုပ်ငန်းများဆောင်ရွက်လိုက ဆောင်ရွက်နိုင်ပါတယ်။ မွေးမြူရေး(ငါးကဏ္ဍ) ဆောင်ရွက်မယ်ဆိုရင် ချေးငွေ၏ ၆၀ ရာခိုင်နှုန်းကို ငါးလုပ်ငန်းအတွက်ဆောင်ရွက်ပြီး ကျန် ၄၀ ရာခိုင်နှုန်းကို စိုက်ပျိုးရေးလုပ်ငန်း၊ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများဆောင်ရွက်လိုပါက ဆောင်ရွက်နိုင်ပါတယ်။ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည်ဆိုပါကလည်း ချေးငွေအား တစ်နှစ်ထုတ်ချေးပေးပြီး
ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ဆောင်ရွက်နိုင်ပါတယ်။ လက်ရှိဖွဲ့စည်းပြီး သမဝါယမအသင်းများနှင့်ထပ်မံတိုးချဲ့ဖွဲ့စည်းမည့် သမဝါယမ အသင်းများအတွက်လည်း ဆောင်ရွက်နိုင်ပါတယ်။ ကျေးရွာရှိ ဖြစ်နိုင်ခြေရှိသော စိုက်ပျိုးမွေးမြူရေး အရင်းအမြစ်များအပေါ် အခြေခံပြီး လက်တွေ့ကျကျဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
တာဝန်ယူဆောင်ရွက်မည့် အခန်းကဏ္ဍယခုဆက်လက်ပြီး ချေးငွေလိုအပ်နေသေးတဲ့ ဒေသများ၊ ကျေးရွာများနဲ့ စိုက်ပျိုးရေး အဓိကဆောင်ရွက်မယ့်ရွာတွေမှာ သီးနှံအခြေပြုစိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနက လည်းကောင်း၊ မွေးမြူရေးအဓိက ဖြစ်ထွန်းမယ့်ဒေသတွေမှာ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက လည်းကောင်း၊ ငါးလုပ်ငန်းဖြစ်ထွန်းမယ့် ဒေသတွေမှာ ငါးလုပ်ငန်းများ ဆောင်ရွက်ရန် ငါးလုပ်ငန်းဦးစီးဌာနကလည်းကောင်း၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်နိုင်ခြေရှိသော ဒေသများတွင် သမဝါယမ အစုအဖွဲ့ စနစ်ဖြင့် သမဝါယမဦးစီးဌာနမှ လည်းကောင်း တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထိုသို့ဆောင်ရွက်နိုင်ရန် စီမံကိန်း Design ရေးဆွဲခြင်းနဲ့ နည်းပညာပံ့ပိုးခြင်းကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဦးစီးဌာနများ ပူးပေါင်းရေးဆွဲဆောင်ရွက်သွားမှာဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့မှ ကြီးကြပ်မှာဖြစ်ပါတယ်။
စီမံကိန်းကျေးရွာရွေးချယ်ခြင်း၊ အနီးကပ်ကြီးကြပ်ကွပ်ကဲခြင်းတို့ကို သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့များမှ ကြီးကြပ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ဒီမှာလည်း ဖြစ်လာနိုင်တဲ့ Risk တွေကို ကြိုတင်စဉ်းစားဆောင်ရွက်ကြရပါမယ်။ တရားဥပဒေစိုးမိုးသော ကျေးရွာများ၊ အမှန်တကယ်အကောင်အထည်ဖော်နိုင်မယ့် ကျေးရွာများကို စိစစ်ရွေးချယ်ရန် လိုပါတယ်။ အမှန်တကယ် ကြီးကြပ်နိုင်ရန် လိုအပ်သောအုပ်ချုပ်ထောက်ပံ့စရိတ်တွေကို စီမံချက်မှာပါဝင်အောင် ရေးဆွဲရန်နှင့် စနစ်တကျသုံးစွဲရန်လည်း လိုအပ်ပါတယ်။ တကယ်လုပ်မယ့်တောင်သူအစုအဖွဲ့များကိုသာ ဦးစားပေး ဆောင်ရွက်သင့်ပါတယ်။ အလုပ်မလုပ်တဲ့သူတွေကိုရွေးမိရင် မအောင် မြင်နိုင်ပါ။ အမှန်တကယ် ဆောင်ရွက်မယ့်သူတွေ၊ အမှန်တကယ်ဆောင်ရွက်မယ့် ကော်မတီဝင်တွေ၊ အမှန်တကယ် ဆောင်ရွက်မယ့် သမဝါယမ အသင်းအမှုဆောင်တွေကို ရွေးချယ်ဆောင်ရွက်ဖို့လိုပါတယ်။ စီမံကိန်းကြီးကြပ်မယ့် ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးဟာ အရေးကြီးပါတယ်။
ဝန်ထမ်းတွေ ကျွမ်းကျင်မှုရှိအောင် လေ့ကျင့် သင်ကြားမှုကို ဦးစွာစုဖွဲ့လေ့ကျင့်ပြီးမှ ပြည်နယ်^ တိုင်းဒေသကြီးအလိုက်၊ ခရိုင်အလိုက်၊ မြို့နယ်အလိုက် Pilot တစ်ရွာချင်းစီလုပ်ပြီးမှ ှခေူန့စ တိုးချဲ့ဆောင်ရွက်တဲ့ နည်းလမ်းကို သုံးသင့်ပါတယ်။
အထောက်အပံ့ပေးနိုင်မယ့် ဌာနများက ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးနိုင်ရေးကိုလည်း သက်ဆိုင် ရာအစိုးရအဖွဲ့များ ကြိုတင်စီမံသင့်ပါတယ်။ စောင့်ကြည့်စစ်ဆေးရေးအတွက် Monitoring & Evaluation(M&E) စနစ် အရေးကြီး ပါတယ်။ ပုံမှန်ကြီးကြပ်စစ်ဆေးနေဖို့ လိုအပ်ပါတယ်။ နှစ်စဉ်သုံးသပ်ပြီး လိုအပ်ချက်များကို ပြုပြင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ မြစိမ်းရောင် စီမံကိန်းမှာ ဌာနနဲ့ကျေးရွာများမပြတ်ထိတွေ့နေမှ နည်းပညာပံ့ပိုးမှု၊ ကြီးကြပ်ပံ့ပိုးမှု အပြည့်ရပြီး စီမံကိန်းအောင်မြင်မှာဖြစ်လို့ တရားဥပဒေစိုးမိုးရေးနဲ့ သက်ဆိုင်ရာအစိုးရ အဖွဲ့များရဲ့ကြီးကြပ်မှုနဲ့ ပံ့ပိုးမှုဟာ အလွန်အရေးကြီးပါကြောင်း အကြံပြု တင်ပြအပ်ပါတယ်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းက နိုင်ငံတော်မှ ထောက်ပံ့တဲ့မတည်ရင်းနှီးငွေကို ကျေးရွာသို့ အရင်းမပျောက် လည်ပတ်ရန်ပုံငွေအဖြစ် မတည်ပေးပြီး ကျေးရွာလုပ်ငန်းအဖွဲ့၏ တိုက်ရိုက်စီမံခန့်ခွဲမှုနဲ့ အိမ်ထောင်စုများအား ချေးငွေထုတ်ချေးခြင်းဖြစ်လို့ ကျေးရွာလူထုအနေနဲ့ မိမိတို့ဆောင်ရွက် လိုတဲ့စိုက်ပျိုးမွေးမြူရေးအပါအဝင် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကို ကိုယ်တိုင်လုပ်ကိုင်လည်ပတ်ဆောင်ရွက်နိုင်သည်။ အကျိုးဆက် အနေနဲ့ သွင်းအားစု အရောင်းဆိုင်များ၊ ကုန်စည်ဒိုင်များ၊ လက်လီလက်ကား အရောင်းဆိုင်များ၊ ကုန်ထုတ်လုပ်သူများသည် မိမိတို့၏စီးပွားရေးလုပ်ငန်းများအား လည်ပတ်ဆောင်ရွက်နိုင်ပြီး ကုန်စည် ရောင်းဝယ်ဖောက်ကားမှု ပုံမှန် လည်ပတ်စေသဖြင့် အောက်ခြေမြို့နယ်၊ ကျေးရွာအဆင့်၌ မိုက်ခရိုစီးပွားရေး တည်ငြိမ်မှု(Micro Economic Stability)ကို များစွာအထောက်အကူ ဖြစ်ပေါ်စေခဲ့ကြောင်း သုံးသပ်ရရှိပါတယ်။
ဒါ့အပြင် စိုက်ပျိုးရေး/မွေးမြူရေး/ကုန်ထုတ်လုပ်မယ့်တောင်သူတွေ၊ ကျေးရွာတွေဟာ သက်သာသောအတိုးနှုန်း ပြား ၅၀ မှ ၁ ကျပ် ပြား ၅၀ နှုန်း နဲ့ရင်းနှီးမတည်ငွေရတယ်။ မတည်ငွေ၊ သွင်းအားစု၊ စိုက်ပျိုးမွေးမြူရေး စရိတ်များ အသုံးချနိုင်မယ်။ ချေးငွေလက်လှမ်းမီမှုရှိတယ်။ အပေါင်ထားစရာမလိုဘူး။ အတိုးနှုန်းသက်သာမှုကြောင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များမှာ အကျိုးအမြတ်ပိုရမှာဖြစ်ပြီး ဝင်ငွေလည်း တိုးစေမှာဖြစ်ပါတယ်။ ချေးငွေအတိုးနှုန်းကြီးမြင့်ပါက အတိုးပိပြီး ရှာသမျှအတိုးဆပ် ရတာနဲ့တင် သံသရာလည်နေမှာဖြစ်ပါတယ်။ ရေရှည်ဆက်လက် ဆောင်ရွက်နိုင်ဖို့ကတော့ တောင်သူများရဲ့ တာဝန်ဖြစ်ပါတယ်။ လဲနေသူ ထူပေးပါ ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ လဲနေသူကို ထူပေးရပါမယ်။ သို့ပေမယ့် ထူပေးမယ့်သူက ထူပေးရင်တောင် လဲနေသူက ထ နိုင်မှ ဖြစ်ပါမယ်။ ထချင်စိတ်ရှိမှ ရပါမယ်။ ထနိုင်ဖို့ ကိုယ်တိုင်ကြိုးစားကြရပါမယ်။
နိုင်ငံတော်အစိုးရအနေနဲ့တော့ စိုက်ပျိုးမွေးမြူရေးမြစိမ်းရောင်စီမံကိန်း(MSY)ကို နိုင်ငံ့စီးပွား ရေးမှာ အခြေခံအကျဆုံးဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေ ဖွံ့ဖြိုးလာစေဖို့ ပင်မအားဖြစ်တဲ့ တောင်သူကြီး များအတွက် ဦးတည်ဆောင်ရွက်ပေးလိုက်တာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ပေးခြင်းအားဖြင့် အထက်မှာ ပြောခဲ့သလိုပဲ Microeconomic Level အနေနဲ့ ကျေးရွာတွေ၊ ကုမ္ပဏီတွေဆီ အဆင့်ဆင့်ငွေကြေးစီးဆင်းမှု ရောက်ရှိသွားစေမှာဖြစ်လို့ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ ငွေကြေးဆိုင်ရာ အခက်အခဲတွေအတွက် Financial Injection ထိုးပေးလိုက်သလိုပါပဲ။
ကောင်းကျိုးအနေနဲ့က ဈေးကွက်ခိုင်မာမှုရှိစေသလို အသေးစား နဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးကို အထောက်အကူပြုစေပြီး တစ်ဖက်မှာလည်း စီးပွားရေးတည်ငြိမ်မှုကို အထောက် အကူပြုစေမှာဖြစ်ပါတယ်။ ဒီလိုရလဒ်ကောင်းတွေ ရရှိလာဖို့အတွက် သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ လိုပါတယ်။ ပြိုင်တူ တွန်းလျှင် ရွေ့နိုင်ပါတယ်။ အဆင်ပြေနိုင်ပါတယ်။ ဒါ့ကြောင့် အစိုးရ၊ ပြည်သူ၊ ပုဂ္ဂလိက၊ တောင်သူများ၊ သက်ဆိုင်သူများအားလုံးပြိုင်တူတွန်းကြပါစို့၊ ကြိုးပမ်းကြပါစို့၊ စေတနာရှေ့ထားဆောင်ရွက်ကြပါစို့။
တို့လုပ်မှရမယ်၊ တို့လုပ်နိုင်တယ်ဆိုတဲ့ အသိနဲ့ ]]နိုင်ငံသားတိုင်း နိုင်ငံသားတာဝန် ကျေပွန်ကြပါစို့ ဟု တိုက်တွန်းလိုက်ရပါတယ်။ ။
ခန့်ဇော်(ကျေးလက်)