အီးစီးကရက်နှင့် ကျန်းမာရေး ဆိုးကျိုး

အီးစီးကရက်နှင့် ကျန်းမာရေး ဆိုးကျိုး

    ဆေးလိပ်ရဲ့အစ နှစ်ပရိစ္ဆေဒ ကြာမြင့်လှပါပြီ။ မြန်မာနိုင်ငံ သာလွန်မင်းတရားကြီး လက်ထက်သက္ကရာဇ် ၉၉၁ ခုနှစ်ကတည်းက ဆေးလိပ်သောက်သုံးမှုတွေ့ ရပါတယ်။ ဧည့်သည်လာလို့  ဧည့်ခံတဲ့ ပစ္စည်းတွေမှာ ကွမ်း၊ ဆေးလိပ်၊ လက်ဖက်တို့ အမြဲပါဝင်ခဲ့ကြတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ မြန်မာကဗျာ အဋ္ဌမတန်းသင်ရိုးမှ “ မယ်ခွေရဲ့ လက်ဆောင်ကဗျာ”မှာ ဆေးလိပ်သောက်တာ ပါဝင်လို့ဆိုပြီး ပညာရှိတွေက ဖြုတ်ခဲ့ရာ  ဝိုင်းပြီး ဖေ့ဘွတ်ပေါ်၊  မီဒီယာပေါ်က အားပေးလိုက်ကြလို့ အထက်တန်းသင်ရိုးကို ရောက်ရှိသွားပြီဖြစ်တယ်။ မယ်ခွေရဲ့  ဆေးလိပ်လက်ဆောင် ကဗျာလေးဟာ မြန်မာတို့ရဲ့ ဆေးလိပ်အပေါ် သဘောထားကို ဖော်ပြနေတယ်။

အင်္ဂလိပ်တို့ မြန်မာနိုင်ငံ သိမ်းပိုက်လိုက်တဲ့အခါ ဆေးလိပ်အစား  စီးကရက် ဝင်ရောက်လာတယ် ။ ၁၈၈၄ ခုနှစ်မှ စီးကရက်စက်ရုံများ ပေါ်ပေါက်လာရာ တစ်နေ့ကို စီးကရက်အလိပ်ပေါင်း တစ်သိန်းကျော် ထုတ်လုပ်လာခဲ့တယ် ။ ၁၈၉၂ ခုနှစ်မှာ မီးခြစ်ပေါ်ပေါက်လာခြင်းက စီးကရက်ထုတ်လုပ်မှုကို ပိုမိုအားကောင်းစေတယ်။ အဆိုပါခုနှစ်ကစပြီး   စီးကရက် ထုတ်လုပ်ဖြန့်ဖြူးတဲ့ စီးပွားရေးဟာ ဈေးကွက်တစ်ခု ဖြစ်ပေါ်လာတယ်။ ဒုတိယ ကမ္ဘာစစ်ပြီးချိန်ထိ စီးကရက်နဲ့ ဆေးလိပ်ဆိုးကျိုး မသိကြသေးဘူး။

ဆေးပညာရှင်တို့ ပထမဆုံး သတိပြုမိလာတာက ယခင်အဖြစ်နည်းတဲ့ အဆုတ်ကင်ဆာရောဂါဟာ စီးကရက် ပေါ်ပြီးချိန်မှ စတင်ကာ တဖြည်းဖြည်း များပြားလာတယ် ။

အဆုတ်ကင်ဆာနဲ့ သေဆုံးသူ အရေအတွက် တိုးတက်လာပေမယ့် ဆေးလိပ်ကြောင့် မထင်ကြသေးဘူး။  ၁၉၅၀ ပြည့်နှစ်ဝန်းကျင်မှာ အင်္ဂလိပ်လူမျိုး သမားတော်နှစ်ဦး ဖြစ်တဲ့ ဒေါက်တာအော်စတင်ဟေး (Dr .Austin Hill)၊ ဒေါက်တာဆာရစ်ချက်ဒိုး (Dr. Sir Richard Doll))တို့ကဆေးလိပ်သောက်ခြင်းက  အဆုတ်ကင်ဆာ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြတယ်။ ၁၉၆၄ ခုနှစ်မှာ အမေရိကန် ဆရာဝန်အသင်းက ဆေးလိပ်သောက်လို့   အဆုတ်ကင်ဆာနဲ့ လည်ချောင်းကင်ဆာ ဖြစ်စေနိုင်ကြောင်း တရားဝင် ထုတ်ပြန်နိုင်ခဲ့တယ်။

ဆေးလိပ်သောက်ခြင်းကနေ  ရောဂါအမျိုးမျိုး ရရှိကာ   နှလုံးသွေးကြောကျဉ်း ရောဂါကိုလည်း ရရှိစေတယ်။ ဆေးလိပ်ငွေ့မှ  နီကိုတင်းဓာတ်၊ ကတ္တရာနဲ့ ကာဗွန်မိုနောက်ဆိုက် အဆိပ်ငွေ့ အများဆုံး ဒုက္ခပေးလျက်ရှိရာ နီကိုတင်းဓာတ်ဟာ အဆီဓာတ်ကို   သွေးထဲ များပြားလာစေတယ်။

သွေးခဲခြင်း၊ သွေးကြောနံရံများမှာ  အဆီစုပုံလာခြင်းတို့ကြောင့် နှလုံးသွေးကြောကျဉ်း ရောဂါကို ရရှိစေတယ်။ ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့ဟာ အဆုတ်မှ အောက်ဆီဂျင်ဓာတ်ကို ခန္ဓာကိုယ်အနှံ့  သယ်ဆောင်ပေးတဲ့ သွေးနီဥထဲရှိ ဟေမိုဂလိုဘင် ရဲ့

လုပ်ငန်းတွေ ပျက်စီး လျော့နည်းစေတယ်။  ဆေးလိပ်သောက်ခြင်းက ဖြစ်ပေါ်လာတဲ့ ရောဂါတို့အနက် ယခုအထိသေတဲ့နှုန်း အများဆုံးရောဂါမှာ နှလုံးသွေးကြောကျဉ်းရောဂါ ၊ နှလုံးရုတ်တရက် အတိုက်ခိုက်ခံရခြင်း ရောဂါတို့ဖြစ်တယ်။    ဆေးလိပ်ရဲ့ ဆိုးကျိုးကြောင့် သေဆုံးသူ ၁၀ ဦးမှာ ရှစ်ဦးဟာ  နှလုံးသွေးကြောကျဉ်းနဲ့ နှလုံးရုတ်တရက် အတိုက်ခိုက်ခံရလို့ နှလုံးသွေးငတ်ရောဂါဖြစ်ကာ  သေဆုံးရခြင်း ဖြစ်ကြောင်း တွေ့ရှိရတယ်။

ဆေးလိပ်မသောက်ခြင်းက   လူတို့ကျန်းမာရေး ကောင်းမွန်စေဖို့ ရှောင်ရှားနိုင်တဲ့ တစ်ခုတည်း အင်အားအကြီးဆုံး ကိစ္စရပ်ဖြစ်လာတယ်။  ဆေးလိပ်မသောက်ခြင်းက လူတို့ရဲ့သက်တမ်း ၈-၁၅ ရာခိုင်နှုန်း တိုးသွားစေနိုင်တယ်။

 ဆေးလိပ်ရဲ့ အခြားဆိုးကျိုးတွေရှိတယ်။ အစာအိမ်နဲ့ အူသိမ်ဦးပိုင်းနာဖြစ်စေတယ် ။  ကိုယ်ဝန်ဆောင်မိခင်ဟာ ဆေးလိပ်သောက်သုံးရင်  ကလေးပေါင်မပြည့်၊ လမစေ့ မွေးနိုင်တယ်။ ကလေးကြုံလှီခြင်း၊ ကလေးမှတ်ဉာဏ် ချို့ယွင်းခြင်း၊ မွေးပြီး ကျန်းမာရေးချို့တဲ့ကာ တရှောင်ရှောင် နေမကောင်းဖြစ်တယ် ။ မိခင်သောက်တဲ့ ဆေးလိပ်မှ ကာဗွန်မိုနောက်ဆိုက်ဟာ ကလေးကို အချင်းမှတစ်ဆင့် ရောက်ရှိသွားကာ အောက်ဆီဂျင်ဓာတ် မလုံလောက်လို့ ကလေးပျက်ကျခြင်း၊  အသေမွေးခြင်း တို့လည်းဖြစ်စေနိုင်တယ်။

ဆေးလိပ်ကို အလွန်အကျွံဖြစ်စေ၊ နှစ်ပေါင်းများစွာ သောက်ခဲ့ရင်ဖြစ်စေ  နာတာရှည်အဆုတ်ရောင် ရောဂါ၊   အဆုတ်ရဲ့ကျုံ့နိုင်၊     ဆန့်နိုင်တဲ့ သတ္တိကိုလျော့ပါးစေတဲ့   အင်ပိုင်ရီးမား  ခေါ် အဆုတ်ရောဂါနဲ့ ချောင်းကြာရှည်ဆိုးခြင်း ဖြစ်ပေါ်စေတယ်။  အဆိုပါရောဂါတို့ဟာ  လူကိုလွန်စွာ ကျန်းမာရေးချို့တဲ့စေကာ  လှုပ်ရှားသွားလာမှု အနည်းငယ်ပြုလုပ်လိုက်တာနဲ့ အရမ်းမောစေတယ်။

လက်တွေ့စမ်းသပ်ချက်အရ   ဆေးလိပ်ကိုယ်တိုင် မသောက်ပေမယ့်  ဆေးလိပ်သောက်သူ အနားရှိနေရင် နီကိုတင်း ၊ ကတ္တရာနဲ့ ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့တို့ ဆေးလိပ်သောက်သူတစ်ဦးလို ရှိုက်နေရလို့ ဆေးလိပ်နဲ့ အန္တရာယ်များ ရရှိကြောင်း တွေ့ရှိရတယ်။  ဆေးလိပ်သောက်သူရရှိတဲ့ နှလုံးရောဂါ၊  အဆုတ်ရောင်ရောဂါ ၊ အဆုတ်ကင်ဆာတို့ ဖြစ်စေနိုင်တယ် ။ ဆေးလိပ်သောက်သူတစ်ဦးဟာ ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့ ၉ ရာခိုင်နှုန်းရှိတဲ့ ပတ်ဝန်းကျင်မှလေကို ရှူရှိုက်နေရသလိုညစ်ညမ်းတဲ့ လေရှူရှိုက်နေရတာ  မိသားစုဝင်ပဲဖြစ်တယ်။

 အီးစီးကရက်ကို ပထမတီထွင်ခဲ့စဉ်က ဆေးလိပ်ဖြတ်ဖို့ဖြစ်တယ်။ အီးစီးကရက်မှာ နီကိုတင်း ပါရှိနေလို့ ဆေးလိပ်ဖြတ်သွားတဲ့တိုင် အီးစီးကရက် စွဲလာကြတယ်။  ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်းလိုပဲ လူကိုစွဲလမ်းကာ  အဆုတ်ကိုဒုက္ခပေးတယ်။   ၁၉၂၇ ခုနှစ်က   ဂျိုးဇက်ရော်ဘင်ဇင်က စိတ်ကူးခဲ့ဖူးတယ်။

အနံ့ထွက်တဲ့ ပစ္စည်းတစ်ခုခု ရှူရှိုက်စေဖို့ ကြံစည်ခဲ့ခြင်းဖြစ်တယ်။  ယခုအီးစီးကရက်တွေက တရုတ်လူမျိုး ဆေးဝါးပညာရှင် “ဟွန်လင့်” တီထွင်ခဲ့တာဖြစ်တယ်။ ဟွန်လင့်ဖခင်ဟာ အဆုတ်ကင်ဆာနဲ့ ကွယ်လွန်တဲ့အခါ “ဟွန်လင့်”ဆေးလိပ်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဆေးလိပ်အစား အငွေ့ထွက်စေတဲ့ အီလက်ထရွန်နစ်ပစ္စည်းများ တီထွင်ဖန်တီးခဲ့တယ်။ မူလရည်ရွယ်ချက်က ဆေးလိပ်ဖြတ်ဖို့ပဲဖြစ်တယ်။

အီးစီးကရက်မှာ  ပါးစပ်မှာတပ်ပြီး    အငွေ့ဖို့အစီခံပိုင်း ၊  ဆေးရည်ထည့်ဘူး၊ အငွေ့ပြန်စေတဲ့ ကိရိယာ၊ အီလက်ထရွန်နစ်ပရိုဆက်စာ၊  ဘက်ထရီနဲ့ ဆေးလိပ်မီးနဲ့ တူစေတဲ့ (LED) မီးသီးဆိုပြီး အစိတ်အပိုင်းပေါင်း ခြောက်ခုပါဝင်တယ်။  မူလရည်ရွယ်ချက်ကောင်းပေမယ့်   ဆေးလိပ်ကုမ္ပဏီကြီးတွေက ဆေးရည်ထည့်ဘူးထဲမှာ လူကိုစွဲလမ်းစေတဲ့ နီကိုတင်းများ ထည့်သွင်းကာ    အီးစီးကရက်လို့ အမည်ပေး ရောင်းချလာတယ်။ နီကိုတင်းထက်ပိုဆိုးတဲ့ ဓာတုပစ္စည်းများ ထည့်သွင်းလာတယ်။  အချို့အီးစီးကရက်မှာ လူကိုဒုက္ခပေးစေတဲ့ ဓာတုပစ္စည်း ၈၀၀၀ ကျော်ထိ ပါဝင်လာရာ ဆေးလိပ်ထက် နှစ်ဆများတယ်။

 ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ အမေရိကန် ပြည်ထောင်စုက လူပေါင်း ၁၀၈၀ ဦးဟာ အဆုတ်ရောဂါ တစ်မျိုးပြင်းထန်စွာ ခံစားရပြီး ဆေးရုံရောက်ရှိလာတယ်။

၂၁ ဦးမှာ သေဆုံးသွားကြရတယ်။   အမေရိကန် ရောဂါထိန်းချုပ်မှု ဗဟိုဌာန (CDC)က အီးစီးကရက် သောက်သုံးသူများ ဖြစ်ကြောင်း သိရှိလာတယ်။ အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက်မှာ တစ်ကမ္ဘာလုံးက အီးစီးကရက်များမှာ ဆေးလိပ်လိုပဲ လူကိုဒုက္ခပေးတဲ့အရာအဖြစ် သတ်မှတ်လိုက်ကြောင်းနဲ့ အီးစီးကရက် သောက်သုံးမှုဟာ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ကြောင်း     ပြန်လည် ကြေညာလာရတဲ့အထိ အီးစီးကရက် ဆိုးကျိုး ပြင်းထန်လှပါတယ်။   ။

ဒေါက်တာလွင်သန့်