မြစိမ်းရောင်ဟုခေါ်ပါသည် (၁)

မြစိမ်းရောင်ဟုခေါ်ပါသည် (၁)

ဝမ်းသာဂုဏ်ယူခဲ့ကြသည်

ပြည်ထောင်စု အစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့် သြဂုတ် ၁၀ ရက်  နံနက်ပိုင်းတွင် တတိယနေ့အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး  အစည်းအဝေး ခန်းမ၌  ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

မိမိတို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း လမ်းညွှန် မှာကြားခဲ့သည် -

သမဝါယမလုပ်ငန်းများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့်    ကုန်ထုတ်လုပ်မှု  တိုးတက်အောင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ မြစိမ်းရောင်စီမံကိန်း အနေဖြင့်လည်း အောင်မြင်တိုးတက်မှုများရှိကြောင်း၊ သမဝါယမအသင်းများကို  အမှန်တကယ်လုပ်ကိုင်သူများ စုပေါင်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆက်လက်တိုးချဲ့ဖွဲ့စည်းဆောင်ရွက်သွားမည်ဆိုပါက ကျေးလက်နေပြည်သူများ၏  လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း မြစိမ်းရောင်စီမံကိန်း၏  အောင်မြင်မှုများနှင့် ပတ်သက်၍ ယင်းကဲ့သို့ ထည့်သွင်းမိန့်ကြားသွားခဲ့ရာ ထိုစီမံကိန်းကို လွန်ခဲ့သည့်  ရှစ်နှစ်ခန့်ကတည်းက အားကြိုးမာန်တက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝန်ထမ်းများ အနေဖြင့်လည်း များစွာဝမ်းသာပီတိ ဖြစ်ခဲ့ကြရသည်။ ဂုဏ်ယူဝမ်းမြောက်ခဲ့ကြရသည်။

မြစိမ်းရောင်ဆိုသည်မှာ

နိုင်ငံလူဦးရေ၏  ၇၀  ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြသူများ ဖြစ်ကြသည်။ ထိုအထဲတွင်မှ ထက်ဝက်နီးပါးခန့်က စီးပွားရေး အခက်အခဲရှိနေကြသူများ ဖြစ်နေကြပြန်သည်။ မိမိတို့နိုင်ငံ၏ ပကတိ အခြေအနေနှင့် နိုင်ငံတကာဖွံ့ဖြိုးရေး အတွေ့အကြုံများအရ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများ  ဆောင်ရွက်ရာတွင် အခြေခံအဆောက်အဦဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် မိသားစုဝင်ငွေ တိုးပွားရေး၊     စွမ်းဆောင်ရည်မြှင့်တင်ရေး ကိစ္စရပ်များကိုပါ အကောင်အထည်ဖော် ချိတ်ဆက် ဆောင်ရွက်ပေးရန် လိုအပ်လာကြောင်း တွေ့ရသည်။ နိုင်ငံအတွင်း ကွင်းဆင်းကောက်ယူခဲ့သော စစ်တမ်းများအရ   ကျေးလက်နေဆင်းရဲသူများအတွက် အသက်မွေးဝမ်းကျောင်းနှင့် မိသားစု ဝင်ငွေတိုးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတိုးမဲ့ချေးငွေ   သို့တည်းမဟုတ်  အတိုးနည်းချေးငွေတစ်ရပ် ထူထောင်ပေးရန် လိုအပ်လာကြောင်း တွေ့ရသည်။ ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လည်းကောင်း၊   ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဥပဒေပုဒ်မ ၈ ပုဒ်မခွဲ ဃ အပိုဒ် ၅ ပါပြဋ္ဌာန်းချက်အရ ကျေးလက်ဒေသ နေပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ချက် များနှင့်အညီ အရင်းမပျောက်မတည်ရန်ပုံငွေ  ထူထောင်ပေးနိုင်ရန်အတွက် လည်းကောင်း၊   ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်များ ညှိနှိုင်းရေးဆွဲထားသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင်ပါ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူဗဟိုပြုအသွင်ဖြင့် စဉ်ဆက်မပြတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစ၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ဒီဇိုင်းရေးဆွဲ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

မည်သည့်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းဟု အမည်ပေးရပါသနည်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည်။ ကျေးလက်နေပြည်သူများ၏ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ လုပ်ငန်းများ ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍကို ဖော်ညွှန်းရန်နှင့် နိုင်ငံတကာတွင် ဆောင်ရွက်နေသော အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကို ထင်ဟပ်စေရန်အတွက် မျှော်မှန်းလျက် အရင်းမပျောက်မတည်ရန်ပုံငွေ ထူထောင်ပေးခြင်းလုပ်ငန်း စီမံကိန်းအား မြစိမ်းရောင်ကျေးရွာစီမံကိန်း ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။

စီမံကိန်းကျေးရွာ ရွေးချယ်ရာတွင် အခြေခံရမည့်မူများ

အောက်ဖော်ပြပါအချက်များကို  အခြေခံ၍ ပွင့်လင်းမြင်သာစွာ စိစစ်ရွေးချယ်ရပါမည်-

(က)   ဆင်းရဲသောကျေးရွာဖြစ်ခြင်း

(ခ)     စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိခြင်း

(ဂ)     တရားဥပဒေစိုးမိုးခြင်း

(ဃ)   ကျေးရွာသူ၊ ကျေးရွာသားများ၏ စည်းလုံးညီညွတ်မှုနှင့် စိတ်အားထက်သန်မှုရှိခြင်း (ကျေးရွာအား စီမံကိန်းဆောင်ရွက်ပေးရန် လိုလားထက်သန်စွာ တင်ပြတောင်းခံခြင်း)

(င)     လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုနှင့် နယ်မြေတည်ငြိမ်အေးချမ်းလုံခြုံမှုရှိခြင်း

စီမံကိန်းဆောင်ရွက်မည့်နည်းလမ်း

စီမံကိန်းဆောင်ရွက်ရန်  ရွေးချယ်ထားသော ကျေးရွာတွင် အရင်းမပျောက်မတည်ရန်ပုံငွေကို စီမံကိန်းမှ ထောက်ပံ့ပေးမည် ဖြစ်သည်။ ယင်းမတည်ရန်ပုံငွေကို ပြည်သူဗဟိုပြု ချဉ်းကပ်မှု နည်းလမ်းဖြင့် အများသဘော တူညီချက်ရယူကာ ကျေးရွာလူထုကိုယ်တိုင် စီမံခန့်ခွဲအကောင်အထည်ဖော် ဆောင်ရွက်သော နည်းလမ်းကို  အသုံးပြုမည် ဖြစ်သည်။ ကြီးကြပ်စီမံခန့်ခွဲနိုင်ရန်အတွက် ကျေးရွာမှအများသဘောတူမဲစနစ်ဖြင့်  ရွေးချယ်ထားသော မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းရမည်။ အဆိုပါ လုပ်ငန်းအဖွဲ့ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကိုထိန်းသိမ်းကာ ကျေးရွာအတွင်းရှိ အိမ်ထောင်စုများက လိုအပ်နေသော ငွေကြေးအရင်းအနှီးအား သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးရမည်။ ဤနည်းဖြင့် ရန်ပုံငွေကို တိုးပွားစေကာ ရေရှည်တည်တံ့ခိုင်မြဲသော မြစိမ်းရောင်ကျေးရွာစီမံကိန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဖြစ်သည်။

ရန်ပုံငွေများ သတ်မှတ်ပေးခြင်း

စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ၏အိမ်ခြေပေါ် မူတည်ပြီး ရန်ပုံငွေသတ်မှတ်ခြင်းကို အောက်ပါအတိုင်း ၄ မျိုးခွဲခြားထားသည် -

(က)   အိမ်ခြေ ၁၀၀ နှင့်အထက် (Type-1)      ကျပ်သိန်း ၃၀၀

(ခ)     အိမ်ခြေ ၅၀ နှင့် ၁၀၀ ကြား (Type-2)   ကျပ်သိန်း ၂၀၀

(ဂ)     အိမ်ခြေ ၅၀ နှင့်အောက် (Type-3)         ကျပ်သိန်း ၁၀၀

(ဃ)   အိမ်ခြေ ၈၀ အောက် (Type-4)   

                             လျော့နည်းသော ကျေးရွာများအား စုစည်းဆောင်ရွက်ခြင်း ကျပ်သိန်း ၃၀၀ ကော်မတီများ၊ လုပ်ငန်းအဖွဲ့များဖွဲ့စည်းခြင်း အရင်းမပျောက်မတည်ရန်ပုံငွေ ထူထောင်ပေးခြင်းလုပ်ငန်း သို့တည်းမဟုတ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအဆင့်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်မှသည် ကျေးရွာအဆင့်ထိ ကော်မတီနှင့်လုပ်ငန်းအဖွဲ့အသီးသီးကို အောက်ပါအတိုင်း ဖွဲ့စည်းဆောင်ရွက်သည် -

          (က)   ပြည်ထောင်စုအဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဗဟိုကြီးကြပ်မှုကော်မတီ

(ခ)     ပြည်နယ်/တိုင်းဒေသကြီး  မြစိမ်းရောင်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ

(ဂ)     ခရိုင်မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့

(ဃ)   မြို့နယ်မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့

(င)     ကျေးရွာမြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပုဒ်မ ၄ နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး နည်းဥပဒေပုဒ်မ ၆၈ တို့အရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကြီးကြပ်မှုကော်မတီသည် ပြည်ထောင်စုအဆင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း ဗဟိုကြီးကြပ်မှုကော်မတီအဖြစ် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းဥပဒေ သတ်မှတ်ချက်များအရ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် အတွင်းရေးမှူး တာဝန်ထမ်းဆောင်ရမည်။ ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌတာဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ပြင်ပကျွမ်းကျင်ပညာရှင်များက အဖွဲ့ဝင်အဖြစ် ပါဝင်ဖွဲ့စည်းထားပြီး တာဝန်နှင့် လုပ်ပိုင်ခွင့်များ သတ်မှတ် ပေးထားသည်။ ထိုနည်းတူစွာပင် ပြည်နယ်/တိုင်းဒေသကြီးအဆင့်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်သော ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ တိုင်းဒေသကြီး ဦးစီးမှူးများက အတွင်းရေးမှူး တာဝန်ထမ်းဆောင်ရပါမည်။ ခရိုင်၊ မြို့နယ်၊ ကျေးရွာအဆင့် စီမံကိန်းလုပ်ငန်း အဖွဲ့များကိုလည်း သတ်မှတ်ချက်များနှင့်အညီ ဖွဲ့စည်းထားရှိပြီး တာဝန်နှင့်လုပ်ပိုင်ခွင့်များ သတ်မှတ် ပေးထားသည်။

ကျေးရွာအဆင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ

မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရာတွင် ကျေးရွာအဆင့်၌ အောက်ဖော်ပြပါလုပ်ငန်း

စဉ် ၁၁ ရပ်ဖြင့် ဆောင်ရွက်ရမည် -

လုပ်ငန်းစဉ်-၁        ရွာလုံးကျွတ်အစည်းအဝေးကျင်းပ၍ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်း

လုပ်ငန်းစဉ်-၂         စီမံကိန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ     တက်ရောက်ခြင်း

လုပ်ငန်းစဉ်-၃        မြန်မာ့စီးပွားရေးဘဏ်တွင် ငွေစာရင်းရှင်ဖွင့်လှစ်ခြင်း

လုပ်ငန်းစဉ်-၄        အတိုးနှုန်း၊   ချေးငွေပမာဏ၊ စည်းမျဉ်းစည်းကမ်းများ          သတ်မှတ်ခြင်း

လုပ်ငန်းစဉ်-၅        ကျေးရွာသူ၊ ကျေးရွာသားများသို့ အသိပေးကြေညာခြင်း

လုပ်ငန်းစဉ်-၆        ချေးငွေအဆိုပြုလွှာများ တောင်းခံခြင်းနှင့်   စိစစ်       အတည်ပြုခြင်း၊ ချေးယူသူ စာရင်းများအား ကြော်ငြာဆိုင်းဘုတ်ဖြင့် ကြေညာခြင်း

လုပ်ငန်းစဉ်-၇        စိစစ်ပြီး ချေးငွေအဆိုပြုလွှာများအား မြို့နယ်လုပ်ငန်းအဖွဲ့သို့ တင်ပြအတည်ပြုချက် ရယူခြင်း

လုပ်ငန်းစဉ်-၈        ချေးငွေထုတ်ချေးပေးခြင်း

လုပ်ငန်းစဉ်-၉        ချေးငွေနှင့် အတိုးကောက်ခံခြင်း၊ ချေးငွေစီမံခန့်ခွဲခြင်း

လုပ်ငန်းစဉ်-၁၀      လုပ်ငန်းများစစ်ဆေးခြင်း၊ စာရင်းပြုစုခြင်း၊ အစီရင်ခံခြင်း

လုပ်ငန်းစဉ်-၁၁      ရွာလုံးကျွတ်အစည်းအဝေးကျင်းပ၍   စီမံကိန်းသုံးသပ်ခြင်း            

(ဆက်လက်ဖော်ပြပါမည်)