ဆီးချိုရောဂါကုထုံးသစ်များ
ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး ဖြစ်သည်ဟု ဆိုကြသည်။ ရောဂါတစ်ခုခု စွဲကပ်လာသည့်အခါ လူနာကိုယ်တိုင်နှင့် မိသားစုဝင်များအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာတော့သည်။ နာတာရှည်ဖြစ်လာသည်နှင့်အမျှ ထမ်းထားရသည့် ဝန်ထုပ်ဝန်ပိုးက ကြီးလာသည်။ လေးလံလာသည်။ လူသားများကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည့် နာတာရှည်ရောဂါကြီးများထဲမှာ ဆီးချိုရောဂါကထိပ်ဆုံးမှပါဝင်သည်။ ကမ္ဘာနှင့်ချီပြီး သုံးသပ်မည် ဆိုပါကလည်း ကမ္ဘာ့လူသားများအပေါ် ပိနေသည့် ဆီးချိုရောဂါဝန်ထုပ်ဝန်ပိုးကြီးက အတော်လေးလေးလံနေသည်။
ဆီးချိုရောဂါဟုဆိုလိုက်လျှင် အမျိုးအစား(၂ )ဆီးချိုကို အများပိုသိကြသည်။ အမျိုးအစား(၂)ဆီးချိုသမားတွေက အသက်အရွယ်ရလာမှ ရောဂါစဖြစ်သည်၊ ကိုယ်အလေးချိန်များနေသူတွေ အဖြစ်များသည်၊ အစားအသောက် ချင့်ချိန်မှုနှင့် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းကို တစ်သက်လုံး လုပ်ဆောင်သွားကြဖို့ လိုသည်။ အမျိုးအစား(၁) ဆီးချိုလူနာများကျတော့ အသက်ငယ်ငယ်ကတည်းက စဖြစ်သည်၊ ရောဂါစဖြစ်ပြီ ဆိုကတည်းက အင်ဆူလင်နှင့်ပဲ ကုရသည်၊ အင်ဆူလင်ကို တောက်လျှောက်ထိုး နေကြရသည်။
အမျိုးအစား(၂)ဆီးချိုလူနာတချို့နှင့် အမျိုးအစား(၁)ဆီးချိုလူနာအားလုံးလိုလိုက တခြားဆီးချိုလူနာများထက် သွေးကိုပိုဖောက်ပြီး ဆီးချိုသွေးချိုတိုင်းနေကြရသည်။ လက်ထိပ်ကပဲ ဖောက်ဖောက်၊ လက်ပြန်သွေးကြောကပဲ ဖောက်ဖောက် ကြာလာတော့ လက်တွေ နာလာကြသည်။ သုတေသနများအရ ဆီးချိုလူနာအများစုက သွေးမဖောက်ချင်ကြကြောင်း အခိုင်အမာတွေ့ရသည်။
အဆက်မပြတ် ဆီးချိုတိုင်းစက်(CGMs)များ
သွေးဖောက်ရမှာကြောက်သော ဆီးချိုလူနာများအတွက် အဆက်မပြတ်ဆီးချိုတိုင်းစက်(CGMs) များ ပေါ်ပေါက်လာပါပြီ။ အရေပြားအောက်မှာ အပ်သေးသေးလေး စိုက်ထားရသည်၊ နာကျင်မှုရှိမှာမဟုတ်၊ ထိုအပ်ကလေးမှ အလိုအလျောက် သူ့အချိန်နှင့်သူ သွေးတွင်းသကြားဓာတ်ကို တိုင်းတာနေပြီး ရလဒ်အဖြေကို လူနာ၏စမတ်ဖုန်းသို့ သတင်းပို့ပေးမည်။ မိုဘိုင်းစမတ်ဖုန်း၏ မှတ်ဉာဏ်ထဲမှာ လူနာ၏ သွေးတွင်းသကြားဓာတ်များကို မှတ်ထားနိုင်သည့် အတွက် သကြားဓာတ်၏ နေ့အလိုက်၊ လအလိုက် အတက်အကျများ(တစ်နည်းအားဖြင့် ဆီးချိုထိန်းထားနိုင်မှု အခြေအနေ)ကိုလည်း မှတ်တမ်းတင်ထား နိုင်လိမ့်မည်။ အထူးသဖြင့် အင်ဆူလင်ထိုးဆေးကို ချိန်ဆပြီး ထိုးနှံနေရသည့် အမျိုးအစား(၂)ဆီးချို လူနာများအတွက် CGMs ဆီးချိုတိုင်းစက်များက အလွန်အသုံးတည့်ပါလိမ့်မည်။
အမှန်တော့ GMs များကို စတင်စမ်းသပ်သုတေသနပြုခဲ့စဉ်က အမျိုးအစား(၁)ဆီးချိုလူနာများနှင့် စတင်ခဲ့ခြင်းဖြစ်သည်။ ဖော်ပြထားခဲ့သလို အမျိုးအစား(၁)ဆီးချိုသမားတွေက အင်ဆူလင်ကိုအမြဲထိုးနေရသည်။ သွေးကိုလည်း အကြိမ်ကြိမ်ဖောက်စစ်နေရသည်။ CGMs တွေပေါ်လာတော့ သွေးခဏခဏဖောက်နေစရာမလို၊ အသားနာမှာ မပူရတော့။
CGMs က အလိုအလျောက် တိုင်းတာစစ်ဆေးပေးနေသည်။ ဆီးချိုလူနာများ၏ တိုးတက်မှု အခြေအနေကို HbA1c ဟု အတိုကောက်ခေါ်ကြသည့် ဓာတ်တစ်မျိုးကို တိုင်းတာစစ်ဆေးရသည်။
CGMs များ အသုံးပြုခြင်းဖြင့် ံဘဗ၁ခ ရလဒ်များ ကောင်းမွန်လာသည်ကိုတွေ့ကြရသည်။
၂၀၂၁ ခုနှစ်က အင်ဆူလင်ထိုးနေရသည့် အမျိုးအစား(၂)ဆီးချိုလူနာများကို အခြေခံပြီး သုတေသန တစ်ခုလုပ်သည်။ လူနာများကို အုပ်စု နှစ်ခုခွဲလိုက်ပြီး အုပ်စု(၁)က ဆီးချိုလူနာများကို လက်ထိပ်သွေးဖောက်ပြီး ဆီးချိုစစ်သည်။ အုပ်စု(၂)လူနာများကိုတော့ CGMs စက်များတပ်ဆင်ပြီး ဆီးချိုစစ်စေသည်။ သုတေသန အချိန်ပြည့်တော့ အုပ်စု(၂) CGMs စက်များဖြင့် သွေးတွင်းသကြားဓာတ်တိုင်းသည့် လူနာများက HbA1c ရလဒ်ပိုကောင်းပြီး ဆီးချိုပိုထိန်းနိုင်တာကို တွေ့ကြရသည်။ ဒါတင်မက အင်ဆူလင်ထိုးဆေးပမာဏပိုထိုးမိလို့ သကြားဓာတ်အလွန်အမင်းထိုးကျသည့် အန္တရာယ်ကိုလည်း CGMs များက ရှောင်လွှဲပေးနိုင်ကြောင်း တွေ့ရသည်။
ဆီးချိုလူနာ စုစုပေါင်း၏ ၉၀ရာခိုင်နှုန်းကျော်က အမျိုးအစား(၂)ဆီးချိုလူနာများဖြစ်သည်။ အမျိုးအစား(၂) ဆီးချိုလူနာများ၏ ၃၀ ရာခိုင်နှုန်းက အင်ဆူလင်ထိုးနေရသည်။ သည်တော့ ဆီးချိုလူနာအတော်များများက CGMs ကို အသုံးပြုသင့်သည့် အနေအထားဖြစ်သည်။ ယနေ့အချိန်ထိကတော့ အမျိုးအစား(၁) ဆီးချိုလူနာတွေမှာပဲ CGMs ကို တွင်တွင်ကျယ်ကျယ် သုံးနေကြဆဲဖြစ်သည်။ အမျိုးအစား(၂)ဆီးချိုလူနာတွေမှာ CGMs ကို များများ အသုံးပြုလာကြဖို့ တိုက်တွန်းနေကြဆဲကာလဖြစ်သည်။
အင်ဆူလင်ထိုးဖို့မလိုသည့် ဆီးချိုလူနာများမှာလည်း CGMs ကို အသုံးပြုသင့်ကြောင်း တိုက်တွန်းနေကြသည်။ ဆီးချိုလူနာတစ်ဦးအဖို့ အကြိမ်ကြိမ်သွေးဖောက်ဖို့ဆိုသည်မှာ မဖြစ်နိုင်။ CGMs တပ်ဆင်ထားခြင်းဖြင့် သိချင်သည့် အချိန်မှာ ချက်ချင်းဆိုသလို သွေးတွင်းသကြားဓာတ်ကို သိနိုင်သည်။ ဆီးချိုရှိမှန်းသိသော်လည်း ရောဂါလက္ခဏာတစ်စုံတစ်ရာမပြ၊ ဆေးပုံမှန်သောက်နေသော်လည်း ဆေးဝါးပမာဏလုံလောက်ခြင်း ရှိ၊ မရှိ မစစ်ဆေးဖြစ်ဘဲ ဆီးချို၏နောက်ဆက်တွဲရောဂါများ ပေါ်လာတော့မှ ဒုက္ခများကြသည့် အမျိုးအစား(၂) ဆီးချိုလူနာတွေ အများကြီးရှိနေသည်။
၎င်းဖြစ်ရပ်မျိုးကို ကာကွယ်ရန်အတွက် CGMs စက်များတပ်ဆင်ထားခြင်းဖြင့် အချိန်နှင့်အမျှ သွေးချိုတက်နေသလား၊ ကျနေသလား၊ မည်သည့် အစားအစာကိုစားမိပါက သွေးချိုပိုတက်သလဲ စသဖြင့် နိစ္စဓူ၀ အစားအသောက်၊ အနေအထိုင်၊ ပြုမူပုံများကအစ ချိန်ညှိသွားလို့ ရနိုင်သည်ဟု ပညာရှင်များက ထောက်ပြကြသည်။
CGMs များ၏ အားသာချက် နောက်တစ်ခုက အထက်မှာ တင်ပြခဲ့သလို သွေးချိုဓာတ် အတက်အကျကို ဂရပ်ဆွဲထားသလို မှတ်ဉာဏ်ဖြင့် သိမ်းထားနိုင်သည်။ ၎င်းမှတ်တမ်းများကို ဆရာဝန်ထံ အင်တာနက်ကွန်ရက် မှတစ်ဆင့် ပေးပို့ထားနိုင်သည်။ သည်တော့ ဆရာဝန်နှင့် သွားပြစရာပင် မလိုတော့ဘဲ ဆေးအတိုးအလျှော့ကို အွန်လိုင်းမှတစ်ဆင့် ချိန်ညှိနိုင်မည်။
အင်ဆူလင်ပုံမှန်ထိုးနေရသည့် လူနာများအတွက် အလိုအလျောက်အင်ဆူလင်ထိုးစက်များ ရှိနေပြီဖြစ်ရာ CGMs စက်များနှင့် ချိတ်ဆက်ထားလိုက်ခြင်းဖြင့် စက်အချင်းချင်းချိတ်ဆက်ပြီး အလိုအလျောက် အင်ဆူလင် ထိုးနှံပေးနိုင်မည့် အခြေအနေရှိသည်။ထို့ကြောင့် အဆက်မပြတ်ဆီးချိုတိုင်းစက်(CGMs) များကို ဆီးချိုရောဂါ၏ ကုထုံးသစ်တစ်ခုအဖြစ် ထည့်သွင်းသတ်မှတ်လာရခြင်းဖြစ်သည်။
ဆီးချိုလူနာများကို ကိုယ်အလေးချိန်လျှော့ချခွဲစိတ်နည်းဖြင့်ကုသခြင်း
ဆေးပညာသမိုင်းတစ်လျှောက် အဝလွန်နေသူများကို ခွဲစိတ်ကုသခြင်းဖြင့် ကုသခဲ့ကြတာရှိသည်။ Bariatric surgery ဟု ခေါ်ကြသည်။ ရည်ရွယ်ချက်ကတော့ အစာအိမ်ထဲ အစာမရောက်အောင် ခွဲစိတ်ခြင်းသာဖြစ်သည်။ BMI ခေါ် ကိုယ်အလေးချိန်ညွှန်းကိန်း ၄၀ ထက်ပိုပြီး အဝလွန်နေကြသူများကို ဤခွဲစိတ်နည်းဖြင့် ကုသကြလေ့ရှိသည်။ ခွဲစိတ်နည်းများစွာရှိသည့် အထဲမှာ အထင်ရှားဆုံး ခွဲစိတ်နည်းတစ်ခုက Rouxen-Y အစာအိမ်ကို ကျော်လွန်၍ အူသိမ်ဖြင့် ပြန်ဆက်ပေးသည့်နည်းဖြစ်သည်။ ပုံမှန်အားဖြင့် စားလိုက်သမျှ အစာအာဟာရတွေကို အစာအိမ်က စုပ်ယူသည်။ Rouxen-Y ခွဲစိတ်နည်းအရ စားသမျှအစာတွေက အစာအိမ်ထဲမရောက်တော့၊ အူသိမ်ထဲ တန်းရောက်သွားသည်။ သည်တော့ စားသလောက် အစာတွေက အာဟာရမဖြစ်တော့သလို အရင်လို များများလည်း မစားနိုင်တော့။ အဝလွန်နေသူများအများစုမှာလည်း ဆီးချိုရှိနေသူများဖြစ်လေတော့ ယခုလိုခွဲစိတ်မှုမျိုးက ဆီးချိုရောဂါကိုပါ ထိန်းနိုင်သည့် အလားအလာရှိသည်။
၂၀၁၈ ခုနှစ်ကပြုလုပ်ခဲ့သည့် သုတေသနတစ်ခုမှာ Rouxen-Y ခွဲစိတ်နည်းသည် အစားအသောက်ဖြင့် ဆီးချိုထိန်းခြင်း၊ ဆရာဝန်နှင့်ပြသခြင်း၊ ဆီးချိုထိန်းဆေးများသောက်ခြင်းထက် အမျိုးအစား(၂) ဆီးချို လူနာများတွင် ပိုအကျိုးများကြောင်းတွေ့ရှိခဲ့သည်။ ခွဲစိတ်ကုသမှုခံယူသည့် လူနာများမှာ ဆီးချိုပျောက်ကင်းမှုနှုန်းက ၂၈ ရာခိုင်နှုန်းရှိပြီး ခွဲစိတ်မှုမပြုဘဲ တခြားနည်းလမ်းများဖြင့် ကုသသူများမှာတော့ ဆီးချိုပျောက်ကင်းမှုက ၄ ရာခိုင်နှုန်းသာရှိသည်။တခြားသုတေသနအတော်များများမှာလည်း ဘမေငအေမငခ ခွဲစိတ်ကုသမှုများ၏ဆီးချိုရောဂါအပေါ် အကျိုးများမှုများကို တွေ့ကြရသည်။
ခွဲစိတ်မှုပြုလုပ်ပြီးသည့်နောက် ကိုယ်အလေးချိန် စပြီးမကျခင်မှာကိုပဲ ဆီးချိုသွေးချိုက စတင်ကျဆင်းနေပြီဟု တွေ့ရှိချက်များကဆိုသည်။ နောက်ခံအကြောင်းရင်းကို တိတိပပမပြောနိုင်ကြပေမယ့် ခွဲစိတ်မှု ပြုလုပ်ပြီးသည့်အခါ စားချင်သောက်ချင်စိတ်လျော့လာခြင်း၊ စားသောက်မှုလည်း လျော့လာခြင်း၊ ကယ်လိုရီဓာတ်စုပ်ယူမှု လျော့ကျသွားခြင်းနှင့် တခြားရှုပ်ထွေးသည့် လမ်းကြောင်းများကြောင့် ဆီးချိုဓာတ်ပါ လျော့ကျသွားခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။
မကြာမီကာလများမှာ Rouxen-Y လို ခွဲစိတ်မှုများကို အဝမလွန်သော်လည်း ဆီးချိုထိန်းရခက် နေသည့်လူနာများမှာ အသုံးပြုခွဲစိတ်လာဖွယ်ရှိသည်ဟု ခန့်မှန်းနေကြသည်။
ဆီးချိုရောဂါအတွက် ဆေးဝါးသစ်များ
လက်ရှိအသုံးပြုနေကြသည့် ဆီးချိုထိန်းဆေး၊ သောက်ဆေးများစွာရှိသည်။ အကျိုးအာနိသင်၊ ဘေးထွက်ဆိုးကျိုး ကိုယ်စီရှိကြသည်။
ဥပမာ metformin လို ဆေးမျိုးဆို အများသိကြပြီး ဆီးချိုလူနာအတော်များများ မှီဝဲဖူးကြသည်။ အမျိုးအစား(၂)ဆီးချိုလူနာများအတွက် နောက်ဆုံးပေါ်ထွက်လာသည့် ဆေးများဟု ဆိုနိုင်ပြီး အတော်လေး အစွမ်းထက်သည့် ဆေးနှစ်မျိုးရှိသည်။ တစ်မျိုးက GLP-1 receptor agonists ဟု အမည်ရသည်။ LP-1 ဆိုသည်က အူလမ်းကြောင်းအတွင်း အစာချေဖျက်သည့်အချိန်မှာ ပုံမှန်ထွက်တတ်သည့် ဓာတ်တစ်မျိုး ဖြစ်သည်။ ၎င်း GLP-1 receptors နေရာများမှာ အာနိသင်ရှိစေသည့် ဆေးများဖော်ထုတ်လိုက်ခြင်းဖြင့် အစာစားချင် စိတ်လျော့သွားသည်၊ အစာခြေမှုကို နှေးကွေးသွားစေသည်။
GLP-1 ဆေးများက အခုမှအသစ်ထွက်လာသည်တော့မဟုတ်ပါ။ အရင်ကတည်းကရှိခဲ့သည်။ သို့သော် အခုမှနောက်ဆုံးထွက်လာသည့် မျိုးဆက်သစ် GLP-1 ဆေးများက ကိုယ်အလေးချိန် လျှော့ချနိုင်စွမ်းနှင့် ဆီးချိုထိန်းနိုင်စွမ်းများမှာ ပိုပြီးအစွမ်းထက်လာသည်။ အထူးသဖြင့် နှလုံးနှင့်သွေးကြောရောဂါရှိနေသူ ဆီးချိုလူနာများအတွက် ပိုအစွမ်းထက်တာ တွေ့ရသည်။
နောက်ထပ်ဆီးချိုထိန်းဆေးသောက်ဆေးတစ်မျိုးကတော့ SGLT-2 ဟု အတိုကောက်ခေါ်ကြသည့် ဆီးချိုထိန်းဆေးများဖြစ်သည်။ ၎င်းဆေးများက သွေးထဲမှ သကြားဓာတ်များကို ကျောက်ကပ်မှတစ်ဆင့် စွန့်ထုတ်နိုင်ဖို့ အားပေးကြသည်။ ဆီးချိုထိန်းပေးနိုင်ရုံမျှမက နှလုံးနှင့်ကျောက်ကပ်ရောဂါများ ဖြစ်ပွားနိုင်ခြေကိုပါ လျှော့ချပေးနိုင်သည်ဟု ဆိုသည်။
နိဂုံး
ဆီးချိုရောဂါအတွက် ကုထုံးသစ်များကို ဖော်ပြခဲ့ရာတွင် ဆီးချိုထိန်းညှိရေးအတွက် အရေးပါသည့် အဆက်မပြတ် ဆီးချိုတိုင်းစက်များအကြောင်း၊ ကိုယ်အလေးချိန်လျှော့ချသည့် ခွဲစိတ်နည်းများအကြောင်းနှင့် နောက်ဆုံးပေါ် ဆီးချိုထိန်းဆေးများ အကြောင်းဖော်ပြခဲ့သည်။ နိဂုံးအားဖြင့် အမျိုးအစား(၂)ဆီးချိုရောဂါကို ကုသရာမှာသော်လည်းကောင်း၊ မဖြစ်ပွားအောင် ကာကွယ်ရန်အတွက်လည်းကောင်း အရေးကြီးသည့်ကုထုံးမှာ ကိုယ်အလေးချိန်လျှော့ချခြင်းဖြစ်ကြောင်း ဖော်ပြလိုသည်။ ကိုယ်အလေးချိန်လျှော့ချရာတွင် အချိန်ပိုင်း အစာဖြတ်ခြင်း (Intermittent fasting)သည် ကိုယ်အလေးချိန်ကိုအမှန်တကယ်လျော့ကျစေနိုင်သလို ဆီးချိုသွေးချိုကိုလည်း ထိန်းညှိနိုင်ကြောင်းတွေ့ရှိကြရသည်။
ဆီးချိုလူနာများအနေဖြင့် အသစ်ထွက်ပေါ်နေသည့် ဆီးချိုကုထုံးများကို မျက်ခြည်ပြတ်မခံ စောင့်ကြည့်ရန် လိုအပ်သလို တစ်ဖက်ကလည်း အကုန်အကျနည်းပြီး အစွမ်းထက်သည့် termittent fasting နည်းလမ်းကို သက်ဆိုင်ရာဆရာဝန်များနှင့်တိုင်ပင်ပြီး လိုက်နာဆောင်ရွက်သင့်ကြောင်း အကြံပြု တင်ပြလိုက်ရသည်။
Ref: These New Developments Could Make Living With Type 2 Diabetes More Manageable from Time Magazine July,2022
ဒေါက်တာလွှမ်းမိုးဟန်