ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

 နေပြည်တော် ဩဂုတ် ၂၀

ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း  ဆွမ်းကိစ္စရပ်များအဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္မူသီရိမြို့နယ်ရှိ ရွှေမြိုင်ကျောင်းတိုက်သို့လည်းကောင်း၊  ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လှိုင်ဝကျောင်းတိုက် သို့လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ အောင်သုခပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်ရှိ ရန်အောင်မြေ ဘုရားကြီးကျောင်းတိုက်သို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ ကမ္ဘာအေးပရိယတ္တိစာသင်တိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာနေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။