ကော့ကရိတ်မြို့နယ်အတွင်း ကော့ကရိတ်- မြဝတီသွား အာရှလမ်းသစ်ပေါ်တွင် ၁၀ ဘီးမော်တော်ယာဉ် ၁ စီးအား အကြမ်းဖက်သမားများက  လက်နက်ငယ်များဖြင့် ပစ်ခတ်၊ မီးရှို့ဖျက်ဆီး

ကော့ကရိတ်မြို့နယ်အတွင်း ကော့ကရိတ်- မြဝတီသွား အာရှလမ်းသစ်ပေါ်တွင် ၁၀ ဘီးမော်တော်ယာဉ် ၁ စီးအား အကြမ်းဖက်သမားများက  လက်နက်ငယ်များဖြင့် ပစ်ခတ်၊ မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဩဂုတ် - ၂၀

ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုနယ်၊ ရွာသစ်ကုန်းကျေးရွာ၏ အနောက်ဘက် မီတာ ၁၀၀ ခန့်အကွာရှိ ကော့ကရိတ်- မြဝတီသွား အာရှလမ်းသစ်၌ ဩဂုတ် ၁၉ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်တွင်  အိမ်ဆောက် ကြွေပြားများတင်ဆောင်ပြီး မြဝတီမြို့မှ မော်လမြိုင်မြို့သို့ ပို့ဆောင်ရန် ထွက်ခွာလာသည့် NISSAN အမျိုးအစား ၁၀ ဘီးမော်တော်ယာဉ် ၁ စီးအား  လမ်း၏ တောင်ဘက် မီတာ ၂၀၀ ခန့်အကွာမှ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ် ရပ်တန့်စေပြီး မော်တော်ယာဉ်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရသည်။

အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၁ ဦး လက်နက်ငယ်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး မော်တော်ယာဉ်မှာ မီးလောင်ပျက်စီးသွားခဲ့ ကြောင်းသိရှိရသည်။

ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အမျိုးသား ၁ ဦးအား လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးကာ ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ပြီး အဆိုပါအကြမ်းဖက်အဖွဲ့များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိကြောင်းနှင့် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။