ထည်ဝါခံ့ညားစွာ ကျင်းပမည့် အဆို အက အရေး အတီးပြိုင်ပွဲကြီး
အယ်ဒီတာ့အာဘော်
(၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၁ ရက်)
မြန်မာတို့သည် နှစ်ပေါင်းထောင်သောင်းချီသည့် သမိုင်းကြောင်းနှင့်အတူ ယဉ်ကျေးမှု အမွေအနှစ်ကောင်းများ ပေါ်ထွန်းခဲ့သည်မှာ ယနေ့ကာလတိုင်ဖြစ်သည်။ ယဉ်ကျေးမှုဆိုရာတွင် ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုတို့ ပါဝင်သည်။ ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုကို ဒြပ်ရှိယဉ်ကျေးမှုဟု သတ်မှတ်ထားပြီး စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုကို ဒြပ်မဲ့ယဉ်ကျေးမှုဟု သတ်မှတ်ထားသည်။ ကမ္ဘာကြီးကို ရွာကြီးတစ်ရွာပမာကဲ့သို့ တင်စားထားသည်မှာ နည်းပညာ တိုးတက်မှုနှင့်အတူ ဆက်သွယ်မှု လွယ်ကူလျင်မြန်လာခြင်း ဟူသောအကြောင်း အချက်လည်း ပါဝင်သည်။
တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူးလူးဆက်ဆံမှု ပြုနေကြရသော အခါကာလတွင် ယဉ်ကျေးမှုချင်း မတူညီသည်များ၊ လူနေမှုစရိုက် မတူညီသည်များ တွေ့ကြုံလာကြသည်။ ထိုအခါ မိမိတို့၏ဘိုးဘွားများ အနှစ်နှစ်အလလ ထိန်းသိမ်းစောင့်ရှောက်ခဲ့သော ယဉ်ကျေးမှု အမွေအနှစ်များ မကွယ်ပျောက်ဖို့ လိုအပ်လာပေသည်။ မြန်မာ့ယဉ်ကျေးမှု အစစ်အမှန်တွင် အနောက်တိုင်းဆန်သော ယဉ်ကျေးမှုများ ရောနှောလာမည်ကို ကာကွယ်ကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ စုစည်း နေထိုင်ကြသည့် နိုင်ငံဖြစ်သည်။ နေထိုင်ရာ ရေမြေဒေသကို လိုက်၍ ဘာသာစကားများနှင့် ယုံကြည်သက်ဝင်သည့် ဓလေ့ထုံးတမ်းများ ကွဲပြားမှုများ ရှိသကဲ့သို့ တူညီသည်များလည်း ရှိသည်။ တိုင်းရင်းသားအားလုံး၏ “ဘုံ”သဘောဆောင်သည့် တူညီမှုမှာ မိမိနိုင်ငံ၊ မိမိလူမျိုး၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို အတူတကွ မြတ်နိုးထိန်းသိမ်းမှု ဆိုသည့် အခြေခံစိတ်ဓာတ်ပင်ဖြစ်သည်။
တိုင်းရင်းသားအားလုံး၏ ရိုးရာဂီတကို ဖန်တီးသော အခြေခံတူရိယာများမှာ”ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်”ဟူသည့် တူရိယာငါးပါးဖြစ်သည့်အပြင် တိုင်းရင်းသားတို့၏ အကအခြေခံများမှာလည်း “ခေါင်း၊ ခါး၊ ခြေ၊ လက်” ဤလေးချက်ကိုသာ အခြေခံထားခြင်းဖြစ်သည်။ အတီးပညာရပ်ကို သင်ယူသူတိုင်းသည် ဝန်ကြီးပဒေသရာဇာ ရေးသားခဲ့သည့် ပုစဉ်းတောင်သံကြိုး “ထံတျာတေရှင်”ကို ပထမဦးဆုံး စတင်သင်ယူရသလို အကမှာလည်း စည်းနှင့်ဝါးကို အခြေခံသည့် ကဗျာလွတ်အကကို ပထမဦးစွာ သင်ယူကြရသည်။
၁၉၉၃ ခုနှစ်တွင် စတင်ခဲ့သည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည် ၂၀၁၆ ခုနှစ်တွင် ရပ်တန့်ခဲ့သည်။ “အကျိုးဆက်အားဖြင့် မျိုးဆက်သစ်လူငယ်လူရွယ်များ အကြား မြန်မာ့ရိုးရာ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ တိမ်ကောစပြုလာခြင်း၊ ထိန်းသိမ်းပြန့်ပွားနိုင်သည့် ပညာရှင်များ လျော့ပါးလာခြင်း၊ ရိုးရာယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သည့် လှုပ်ရှားမှုများ ခေါင်းထောင်လာရုံမျှမက ရိုးရာယဉ်ကျေးမှု၏ အမွေအနှစ်အချို့ကို ပညာရှင်ကြီးများ စိတ်မချမ်းသာဖြစ်ရသည်အထိ ထိပါးသွေးတိုး စမ်းခြင်းများ ရှိလာကြောင်း” (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဦးစီးကော်မတီနာယက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
မကျင်းပနိုင်ခဲ့သည်မှာ ကြာပြီဖြစ်သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ဦးတည်ချက်(၉)ရပ်၏ လူမှုရေး ဦးတည်ချက်များတွင် တစ်ချက်အပါအဝင်ဖြစ်သည့် “တိုင်းရင်းသားလူမျိုး အပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစား လိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” ဆိုသည့် ဦးတည်ချက်နှင့်အညီ (၂၃)ကြိမ်မြောက်အဖြစ် ယခင်ကာလများကဲ့သို့ ခံ့ညားထည်ဝါစွာ ပြန်လည် ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ အဆိုဘာသာရပ်တွင် ပြိုင်ပွဲအမျိုးအစား သုံးခု၊ အကဘာသာရပ်တွင် ပြိုင်ပွဲအမျိုးအစားရှစ်ခု၊ အရေးဘာသာရပ်တွင် ပြိုင်ပွဲအမျိုးအစားတစ်ခုနှင့် အတီးဘာသာရပ်တွင် ပြိုင်ပွဲအမျိုးအစား ၁၃ ခုတို့ ထည့်သွင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယခု(၂၃)ကြိမ်မြောက်တွင် ဇာတ်သဘင်ပြိုင်ပွဲအဖြစ် ထည့်သွင်း ယှဉ်ပြိုင်မည့် “ရာမာယဏ” ဇာတ်တော်ကြီးသည် အစဉ်အလာကြီးမားသည့် ဇာတ်တော်ကြီးဖြစ်ကြောင်း၊ မြန်မာသက္ကရာဇ် ၁၁၂၅ ခုနှစ် ဆင်ဖြူရှင်မင်း လက်ထက်မှစ၍ နန်းတွင်းရာမဇာတ်အဖြစ် စတင်ကပြခဲ့ကြောင်း မှတ်သားသိရှိရသည်။ ထိုဇာတ်တော်ကြီးအတွက် ရေးသားခဲ့သော မဟာဂီတသီချင်းများအဖြစ် ကြိုးညိုစံရာ၊ တောမြိုင်စွန်းက၊ ပန်းညောင်လှိုင်ဘွဲ့ စသည့်ရာမဇာတ်ဖြည့် သီချင်းများနှင့် ရာမဇာတ်ထွက်ပန်းမြိုင်လယ် သီချင်းတို့မှာ မြန်မာ့ဇာတ်သဘင်၏ အနှစ်သာရကို ဖော်ပြသည့် မဟာဂီတ သီချင်းများဖြစ်သည်။
ရာမဇာတ်ထွက်ပန်းမြိုင်လယ် သီချင်းမှာ သီချင်းစာသားကောင်းခြင်း၊ တီးကွက်ကောင်းခြင်း၊ အဆိုကောင်းခြင်း၊ အဓိပ္ပာယ်ပြည့်ဝခြင်း စသောဂုဏ်ထူး ဝိသေသများနှင့်ပြည့်စုံသည်။ တိုင်းရင်းသား ရိုးရာအကပြိုင်ပွဲတွင် မွန်ရိုးရာအကဖြစ်ပေရာ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အချင်းချင်း တစ်ဦး၏ ယဉ်ကျေးမှု အနုသုခုမ ပညာသီဆိုတီးမှုတ်မှု၊ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုနှင့် ဓလေ့ထုံးတမ်းများကို တစ်ဦးကလေ့လာသိရှိခွင့်၊ လေးစားလိုက်နာ ဆောင်ရွက်ခွင့်ရရှိမည်ဖြစ်ပေသည်။ အနှစ်ချုပ်ဆိုရသော် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့်အညီ ထည်ဝါခံ့ညားစွာ ကျင်းပမည့် ပြိုင်ပွဲကြီးဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။