မြစိမ်းရောင်ဟုခေါ်ပါသည်(၂)

မြစိမ်းရောင်ဟုခေါ်ပါသည်(၂)

    မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့်ပတ်သက်၍ အမည်ခေါ်တွင်ပုံ၊ စီမံကိန်းကျေးရွာ ရွေးချယ်ရာတွင် အခြေခံရမည့်မူများ၊ ဆောင်ရွက်ရမည့်နည်းလမ်း၊ ရန်ပုံငွေသတ်မှတ်ခြင်း၊ ကော်မတီများနှင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်း၊ ကျေးရွာအဆင့်တွင် ဆောင်ရွက်ရမည့် အဓိကကျသော လုပ်ငန်းစဉ်များကို တင်ပြခဲ့ပြီးဖြစ်ပါသည်။ အဆိုပါစီမံကိန်းကို  လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  လိုက်နာကျင့်သုံးရမည့် အချက်များ၊ သိမှတ်ဖွယ်ရာများနှင့် စပ်လျဉ်း၍ ဆက်လက် တင်ပြသွားပါမည်။

စီမံကိန်းကျေးရွာများ ပြောင်းလဲဆောင်ရွက်ခြင်း

    မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာများတွင် အောက်ပါအခြေအနေ တစ်ရပ်ရပ်ဖြစ်ပေါ်လာခဲ့သည် ဆိုပါက စီမံကိန်းကျေးရွာ ပြောင်းလဲ ဆောင်ရွက်နိုင်ပါသည်-

    (က)ကျေးရွာမြစိမ်းရောင် စီမံကိန်း လုပ်ငန်းအဖွဲ့နှင့် ကျေးရွာသူ ကျေးရွာသားများက စီမံကိန်းကို ဆက်လက် ဆောင်ရွက်လိုမှု မရှိခြင်း၊

    (ခ  )စီမံကိန်းအပေါ် စိတ်ပါဝင်စားမှု အားနည်းခြင်း၊ စည်းလုံးညီညွတ်မှု မရှိခြင်း၊

    (ဂ) စီမံကိန်း ရန်ပုံငွေများအား ပုံမှန်ပြန်လည် ပေးဆပ်မှု မရှိခြင်း၊

    (ဃ)ကာလရှည်ကြွေးကျန်များ ဖြစ်ပေါ်နေခြင်း၊

    (င) ကျေးရွာမြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့ သို့မဟုတ် ကျေးရွာသူ ကျေးရွာသားများက စီမံကိန်း ရန်ပုံငွေအား အလွဲသုံးစားပြုခြင်း၊ ကိုယ်ကျိုးရှာခြင်း၊ စီမံကိန်း လက်စွဲစာစောင်ပါ လုပ်ထုံးလုပ်နည်းများအား   လိုက်နာမှုမရှိခြင်း၊

    (စ) ကျေးရွာမှ စီမံကိန်းအောင်မြင်အောင် စီမံခန့်ခွဲ လည်ပတ်နိုင်မှု မရှိခြင်း၊ ဘဏ္ဍာရေး ဆပ်ကော်မတီ ဖွဲ့စည်းရမည် စီမံကိန်းရန်ပုံငွေနှင့် သက်ဆိုင်သည့် ငွေကြေးများ ကိုယ်တွယ်သုံးစွဲခြင်း၊  ငွေစာရင်း ထိန်းသိမ်းခြင်းနှင့် အစီရင်ခံခြင်း အစရှိသည့် ကိစ္စရပ်များအား ဆောင်ရွက်နိုင်ရန် ဘဏ္ဍာရေး ဆပ်ကော်မတီကို ကျေးရွာလုပ်ငန်း အဖွဲ့ဝင်များက ရွေးချယ်ပေးသည့် ပုဂ္ဂိုလ်သုံးဦးဖြင့် ဖွဲ့စည်းရမည်။ ၎င်းတို့ သုံးဦးသည် ဘဏ္ဍာရေး ဆပ်ကော်မတီတွင် ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူး၊ စာရင်းကိုင် တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။

    မြစိမ်းရောင်၏ သက်သာသော အတိုးနှုန်း ကျေးရွာသူ ကျေးရွာသားများ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  အခြားသော လူမှုစီးပွားဘဝ အခြေအနေ မြင့်မားတိုးတက်လာစေမည့် ကိုယ်ပိုင်ဝင်ငွေရ လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အလို့ငှာ ချေးငွေထုတ်ချေးပေးရာတွင် အများ သဘောတူညီချက်အရ ကျေးရွာမြစိမ်းရောင် စီမံကိန်း လုပ်ငန်းအဖွဲ့က အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် သတ်မှတ်ထားသော အတိုးနှုန်းမှာ ငွေ ၁၀၀ ကျပ် အတွက် တစ်လအတိုးငွေ ၅၀ ပြားမှ ၁ ကျပ် ၅၀ ပြား အတွင်းသာဖြစ်သည်။ ချေးငွေပြန်လည်ပေးဆပ်ရန် ကာလသတ်မှတ်ချက်မှာလည်း ကျွဲ၊ နွားများ၊ နွားနောက်များ မွေးမြူသူများအတွက် ချေးငွေပြန်လည် ပေးဆပ်ရမည့်ကာလ သုံးနှစ်၊ အခြားလုပ်ငန်းများ အတွက် တစ်နှစ်သတ်မှတ်ထားပြီး ကာလရှည် သုံးနှစ်သမားများ အနေဖြင့် တစ်နှစ်တစ်ကြိမ် စာချုပ်ချုပ်ဆို သက်တမ်းတိုးရမည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း မြစိမ်းရောင် စီမံကိန်းကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ စီးပွားရေး၊ လူမှုရေး အခက်အခဲများ လျော့နည်း သက်သာစေရန်အတွက်   ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စီမံကိန်း လက်စွဲစာစောင်ပါ ပြဋ္ဌာန်းချက်ပါ အတိုင်း အတိုးနှုန်းများအား ဖြေလျှော့ သတ်မှတ်ပေးခဲ့သည်။ ယင်းကဲ့သို့ ဖြေလျှော့ သတ်မှတ်ပေးမှုကြောင့် ပထမအကြိမ် ၂၀၂၀ ပြည့်နှစ် ဧပြီလမှ ၂၀၂၁ ခုနှစ် မတ်လအထိ ကာလအတွင်း ငွေကျပ် ၁၀၀ အတွက် တစ်လလျှင် အတိုးနှုန်း ၅၀ ပြားသာ ကောက်ခံရန် သတ်မှတ်ပေးခဲ့သည်။ ယင်းကဲ့သို့ ဖြေလျှော့ပေးမှုကြောင့် နိုင်ငံအဝန်း မြစိမ်းရောင် ကျေးရွာများအနေဖြင့် ငွေကျပ် ၃၄ ဒသမ ၇၅၄  ဘီလီယံပေးသွင်းရန်  သက်သာခဲ့ကြသည်။

ထိုကဲ့သို့ပင် ဒုတိယအကြိမ် ဖြေလျှော့မှုအဖြစ် ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက် ထိ အထက်ပါနှုန်းအတိုင်း သတ်မှတ်ပေးခဲ့ရာ ငွေကျပ် ၄၆ ဒသမ ၃၃၉ ဘီလီယံ ပေးသွင်းရန် သက်သာခဲ့ကြသည်။  ကျေးလက်နေ ဆင်းရဲသူများအတွက်  မြစိမ်းရောင် စီမံကိန်း၏ စာနာမှု တစ်ခုပါပေတည်း။

အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ခြင်း

    စီမံကိန်းသို့ ပြန်လည်ပေးသွင်းရသည့် အတိုးငွေများဖြင့် ရန်ပုံငွေတိုးပွားအောင် ဆောင်ရွက်နိုင်သကဲ့သို့ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအတွက်လည်း သုံးစွဲနိုင်သည်။ တစ်ခုသတိပြုရမည်မှာ မြစိမ်းရောင်စီမံကိန်း၏ အဓိကစည်းမျဉ်းဖြစ်သော အရင်းမပျောက် မတည်ရန်ပုံငွေ ကျပ်သန်း ၃၀ (အချို့သန်း ၂၀၊ အချို့ ၁၀ သန်း) လျော့နည်းပျောက်ပျက် မသွားစေရေး အထူးအလေးထားရပေမည်။ အတိုးငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ပါသတ်မှတ်ချက်များအား လိုက်နာရမည်-

    (က) စီမံကိန်းကာလ သုံးနှစ်ပြည့်မြောက်ပြီး စတုတ္ထ နှစ်စက်ဝန်းသို့ ရောက်ရှိချိန်မှသာ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် သုံးစွဲဆောင်ရွက်ရန် သို့မဟုတ် အတိုးရငွေသည် ကျပ် ၁၀ သန်းနှင့် အထက်ရရှိလာမှသာ   ဆောင်ရွက်ရန်၊

    (ခ) အတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းကိုသာ ဖွံ့ဖြိုးရေး လုပ်ငန်းအတွက် သုံးရန်နှင့် ကျန် ၅၀ ရာခိုင်နှုန်းကို မူလလည်ပတ်ငွေများနှင့် ပေါင်းပြီး ပြန်လည် ထုတ်ချေးရန်၊

    (ဂ) ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းတစ်ခု ဆောင်ရွက်ပြီးပါက နောက်ထပ် အတိုးရငွေ ကျပ် ၁၀ သန်းကျော်မှသာ အခြားသော  ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းတစ်ခုကို ဆောင်ရွက်ရန်၊

    (ဃ)ဆောင်ရွက်ပြီး လုပ်ငန်းများ၊ ကြိုတင်ဆောင်ရွက်ထားသော လုပ်ငန်းများအတွက် မြစိမ်းရောင်အတိုးရငွေကို ကျခံသုံးစွဲခွင့်မရှိ၊ ချက်ချင်းအကျိုး ရလဒ် (Quick Win) ရရှိသည့် လုပ်ငန်းများကိုသာ ဆောင်ရွက်ရန်၊

    အတိုးရငွေဖြင့်  ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်  အကျုံးဝင်သော လုပ်ငန်းများ၊ အကျုံးမဝင်သော လုပ်ငန်းများဟူ၍လည်း ခွဲခြား သတ်မှတ်ထားပါသေးသည်။ ကျေးရွာလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ကျေးရွာ၏ အခြေခံ အဆောက်အဦများကို  ပြန်လည်ပြင်ဆင်ခြင်း၊  အသေးစား တိုးချဲ့ခြင်း၊ အဆင့်မြှင့်ခြင်း လုပ်ငန်းများ၊ ကျေးရွာအသက် မွေးဝမ်းကျောင်းနှင့် မိသားစုဝင်ငွေ တိုးပွားရေးဆိုင်ရာ ဆက်စပ်လုပ်ငန်းများ အစရှိသည်တို့ကို အကျုံးဝင်သော လုပ်ငန်းများတွင် ထည့်သွင်း သတ်မှတ်ထားသည်။

တစ်ဦးတစ်ယောက် သို့မဟုတ်  အစုအဖွဲ့တစ်ခုကိုသာ အကျိုးဖြစ်စေမည့် လုပ်ငန်းများ၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သော၊ ထိခိုက်စေနိုင်သော လုပ်ငန်းများ၊  နည်းပညာပိုင်းဆိုင်ရာ ခက်ခဲရှုပ်ထွေးသော လုပ်ငန်းများ၊ ရုံးအဆောက်အအုံ ဆောက်လုပ်ခြင်း၊  ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းများ အစရှိသည်တို့မှာ အကျုံးမဝင်ဟု သတ်မှတ်ထားသော လုပ်ငန်းများ ဖြစ်ကြသည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်း များကို ခွင့်မပြုပေ။

အတိုးရငွေဖြင့် ဆောင်ရွက်ခဲ့ကြသော ဖွံ့ဖြိုးရေးလုပ်ငန်းများ

    အတိုးရငွေအား သုံးစွဲရမည့် သတ်မှတ်ချက်များနှင့် အညီ စနစ်တကျသုံးစွဲ ဆောင်ရွက်လာခဲ့ကြရာ မြစိမ်းရောင်စီမံကိန်း စတင်ခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ယနေ့ထိ မြို့နယ်ပေါင်း ၂၆၆ မြို့နယ်၊ ကျေးရွာပေါင်း ၂၉၇၈ ရွာတွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းပေါင်း ၃၅၂၀ ခုကို ဆောင်ရွက်ခဲ့ကြပြီးဖြစ်သည်။ ယင်းလုပ်ငန်းများထဲတွင် လမ်း၊ တံတားလုပ်ငန်း ၁၈၆၂ ခု၊ ရေရရှိရေးလုပ်ငန်း ၁၉၄ ခု၊ မီးလင်းရေး လုပ်ငန်း ၉၁၇ ခု၊ စာသင်ကျောင်း ၁၃၄ ကျောင်း၊ ဆေးပေးခန်း ကိုးခု၊ စာကြည့်တိုက် ၁၂ ခု၊ ဘက်စုံသုံး ခန်းမဆောင် ၁၉၂ ခု၊ အခြားလုပ်ငန်းများ ၂၀၀ ခုတို့ဖြစ်သည်။ ထူးခြားချက်မှာ အထက်ပါကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ၏ စုစုပေါင်းတန်ဖိုး ၃၈ ဒသမ ၂၃ ဘီလီယံတွင် အတိုးမှ လုပ်ထုံးလုပ်နည်းနှင့်အညီ သုံးစွဲငွေ ၂၅ ဒသမ ၂၅ ဘီလီယံ၊ ပြည်သူလူထု၏ထည့်ဝင်ငွေ ၁၂ ဒသမ ၉၈ ဘီလီယံ ပါဝင်လာခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ပြည်သူလူထုသည် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ယုံကြည်သည့်အပြင် မိမိတို့ပူးပေါင်း ပါဝင်ဆောင်ရွက်ရမည့် အသိစိတ်၊ တာဝန်သိစိတ်ကို ဖော်ထုတ်ပြသ လိုက်ခြင်းပင်ဖြစ်ပေသည်။ တစ်နည်းဆိုရလျှင် ကျေးရွာလူထု၏ စွမ်းဆောင်ရည် မြင့်မားလာခြင်းနှင့် ဒီမိုကရေစီ နည်းလမ်းကျကျ စုပေါင်းညှိနှိုင်း ဆောင်ရွက်တတ်လာသည့် အလေ့အကျင့်ကောင်းများ ရရှိလာခြင်းပင်ဖြစ်သည်။

ထိုထက်ပို၍ ရည်ညွှန်းဆိုရလျှင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း၏ “ကျေးရွာစိတ်ဓာတ်” ဆောင်ပုဒ်ပါအတိုင်း “တို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တို့အားလုံးတွင် တာဝန်ရှိသည်၊ စည်းလုံးညီညွတ်ပါ၊ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပါ၊ ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ် မွေးမြူပါ၊ မိမိကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်လိုစိတ် မွေးမြူပါ၊ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထားပါ၊ အကျိုးရှိစွာ အသုံးပြုပါ”ဆိုသည့် ယုံကြည်ချက်၊ ခံယူ ချက်များပြည့်ဝသည့် ကျေးရွာသူ ကျေးရွာသားများ ဖြစ်လာကြသည်။

စီမံကိန်း၏ အကျိုးရလဒ်များ

    မြစိမ်းရောင်ကျေးရွာ စီမံကိန်း၏ ရည်ရွယ်ချက်များထဲတွင် အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသ ဆင်းရဲမှုနှုန်းကို လျှော့ချနိုင်ရန်ဆိုသည့်အချက်လည်း ပါဝင်ပေရာ အကောင်အထည်ဖော်ပြီး ကျေးရွာအသီးသီးမှ ဒေသခံ ပြည်သူများ လက်တွေ့ခံစားနေရသော အကျိုးရလဒ်များက အဆိုပါရည်ရွယ်ချက် ပေါက်မြောက်အောင်မြင်ကြောင်း သက်သေပြနေပေသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် ရိုးကြီးကျေးရွာနေ ဒေါ်လှကြည်၏ ရင်တွင်းစကားကို နားထောင်ကြည့်စေချင်ပါသည်။                     

“အရင်က စားဝတ်နေရေးကို ကြုံရာကျပန်းလုပ်ပြီး ခက်ခက်ခဲခဲ ဖြေရှင်းခဲ့ရတယ်၊ မြစိမ်းရောင် ချေးငွေလေးရတော့ ပန်းစိုက်ဖို့ မြေကွက်လပ်လေး နည်းနည်းဝယ်၊ ပန်းတွေစိုက်၊ တစ်နေ့ဝင်ငွေ ၅၀၀၀ ကျပ်လောက် ရလာတယ်၊ ငွေပိုငွေလျှံလေးလည်း ထွက်လာတယ်၊ အခုဆို မြစိမ်းရောင်ကျေးဇူးကြောင့် ကျွန်မတို့သားအမိ အရင်လို ကြုံရာကျပန်း လုပ်ရတဲ့ဘ၀ မဟုတ်တော့ဘူး၊ ပုံမှန်ဝင်ငွေရ အလုပ်ကလေးနဲ့ ဖြစ်နေပြီ” ...တဲ့လေ။

နောက်ထပ်စကားသံတစ်ခုကို ကျွန်တော်မျှဝေပေးချင်ပါသေးသည်။ သူက ဒေါ်တင်ဆန်း၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ် ရေအိုးစင်ကျေးရွာကဖြစ်၏။ မိရိုးဖလာ နှီးတောင်းလေးများ ရက်လုပ်ခြင်း လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည်။ ဒေါ်တင်ဆန်း ပြောလာသည်ကတော့ -

“အရင်က နှီးတောင်းရက်ရင်သုံးတဲ့ ကုန်ကြမ်းတွေ ကိုအကြွေးနဲ့ချေးပြီး ပေးဝယ်ရတော့ အမြတ်အစွန်း နည်းတယ်၊ အခု မြစိမ်းရောင်ချေးငွေရတယ်၊ အတိုး ပေးရတာလည်း အရမ်းနည်းတယ်၊ ကုန်ကြမ်းပစ္စည်းတွေ   လက်ငင်းဝယ်နိုင်လာတယ်၊  အရင်ကထက် အမြတ်အစွန်း ပိုလာတာပေါ့၊ မိသားစု စားဝတ်နေရေး အဆင်ပြေလာတယ်”

လက်တွေ့ဆန်သော၊ အပိုအလိုမရှိသော၊ ဘဝနှင့် ထပ်တူကျသော  ရင်ထဲကလာသည့် မြစိမ်းရောင် ပဲ့တင်သံများဟု ဆိုလျှင် လွန်အံ့မထင်ပါ။ သို့သော် မြစိမ်းရောင်ကျေးရွာ စီမံကိန်းသည် မည်သည့်အခက် အခဲမျှမရှိ၊ မည်သို့သော အထစ်အငေါ့မျှ မကြုံရပါဘဲ စင်းလုံးချော အောင်မြင်ခဲ့သည်ဟု ပြောဖို့ရာမလွယ်ကူပါ။ အခက်အခဲများစွာနှင့် ကြုံခဲ့ရသည်။ ထိုအခက် အခဲများကို ဖြတ်သန်းကျော်လွှား၍ သူတို့ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်။ သူတို့ဆိုသည်မှာ သမဝါယနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများ ပါပေတည်း။   ။

(ဆက်လက်ဖော်ပြပါမည်။