မင်းဘူး၊ လူမှုရေး
မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးသို့ မျောက်စာကျွေးရန် လာနေသူများအား လှေတင်တံတားထိပ်မှ ဝင်ခွင့်မပြုဘဲ တားမြစ်ထားကြောင်းကို မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
COVID-19 ရောဂါကြောင့် ဘုရားဖူးပြည်သူများအား စက်တင်ဘာ ၃၀ ရက်အထိ ပိတ်ထားသော် လည်း ယခုအောက်တိုဘာ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်လိုက်ခြင်းကြောင့် ဘုရားဖူးများအား တားမြစ်ခြင်း ဖြစ်ကြောင်းသိရသည်။
“COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ထပ်မံ သတိပေး ကြေညာချက်အရ မန်းရွှေစက်တော်ဘုရားကြီး အဝင်လမ်း လှေတင်တံတားထိပ်က ဝင်ရောက်နေမှုကို အောက်တိုဘာ ၃၁ ရက်အထိ ပိတ်ထားမှာဖြစ်ပါတယ်။ ဘုရားဖူးရန်လာရောက် သူများနှင့် မျောက်စာကျွေးရန် လာရောက်သူများ မျောက်စာကျွေးလိုပါက အဝင်ဂိတ်အပြင်တွင်သာ ပေးပို့ထားမှာ ဖြစ်ပါတယ်။ ဘုရားရှိဝန်ထမ်းများက တာဝန်ယူကျွေးပေးရန် စီစဉ်ထားပါတယ်” ဟု မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်စိုးက ပြောသည်။
မန်းရွှေစက်တော်ဘုရားကြီးသို့ ယခင်က သုံးမိုင်လမ်းတွင် မန်းချောင်း ဖြတ်ကူးတံတားမရှိသဖြင့် ပွဲတော်ချိန်ကာလမှသာ ဘုရားဖူးများ လာရောက်ကြပြီး ကျန်အချိန်များတွင် လာရောက်သူ နည်းပါး ခဲ့ကြောင်း၊ ယခုလှေတင်တံတားကြီး ဖွင့်လှစ်ပြီး နောက်ပိုင်းတွင် ပွဲတော်ချိန်ကာလ မဟုတ်သည့် တိုင်ဘုရားဖူးများ လာရောက်နေကြကြောင်း သိရသည်။
ဘုန်းလင်္ကျာ(မင်းဘူး)