ပိုမိုဖွံ့ ဖြိုးတိုးတက်ရေး ဝိုင်းဝန်းကြိုးပမ်း

ပိုမိုဖွံ့ ဖြိုးတိုးတက်ရေး ဝိုင်းဝန်းကြိုးပမ်း

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၂ ရက်)

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းကို ဘိုးစဉ်ဘောင်ဆက် လုပ်ဆောင်လာခဲ့သော နိုင်ငံဖြစ်ပြီး ယခုအခါ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကိုလည်း ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက် အောင် တည်ဆောက်လျက်ရှိပါသည်။

ထိုလုပ်ငန်းများကို ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ပြီး ပြည်တွင်းစားသုံးမှု ဖူလုံရေးအပြင် ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်မည်ဆိုပါက နိုင်ငံခြားငွေကြေးများ စီးဝင်လာမည်ဖြစ်သည်။ ထို့ပြင်စိုက်ပျိုး မွေးမြူရေးမှာ လူသားတို့နေ့စဉ် စားသုံးနေကြရသည့် အရာများလည်း ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများ၊ အခြားသောနိုင်ငံများသို့ တင်ပို့နိုင်သည်အထိ အရည်အသွေးမြင့်မားအောင် လုပ်ဆောင်ကြမည် ဆိုပါက ဈေးကွက် အခက်အခဲလည်း ရှိမည်မဟုတ်ပါ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သြဂုတ် ၁၂ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ရန်ပုံငွေလွှဲအပ်ခြင်း အခမ်းအနားတွင် အမှာစကား ပြောကြားရာ၌ “ယခုထုတ်ပေးသည့် ရန်ပုံငွေများသည် နိုင်ငံတော်မှ ရင်းနှီးငွေပေးအပ်ထားခြင်း ဖြစ်ပြီး နောင်လာမည့် ရာသီတွင်လည်း  ပြန်လည်ရရှိလာမည့် ၎င်းငွေကြေးကိုပင် ရင်းနှီးမြှုပ်နှံနိုင်ရန် ထပ်မံ ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရင်းနှီးဆောင်ရွက်ရာတွင် ရောင်းကုန်ပစ္စည်းများ ဖြစ်စေရေး စဉ်းစားဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ၎င်းမှတစ်ဆင့် ပြည်ပသို့တင်ပို့ ရောင်းချ၍ နိုင်ငံခြားငွေ ပြန်ရှာရမည်ဖြစ်ပြီး ရရှိလာသည့်ငွေကြေးများကို နိုင်ငံခြားငွေ အသုံးပြု၍ တင်သွင်းရသည့် စိုက်ပျိုးရေး သွင်းအားစုသွင်းကုန်များနှင့် အခြားလိုအပ်သည့် သွင်းကုန်များကို တင်သွင်းရာတွင် အသုံးပြုသွားနိုင်မည် ဖြစ်ကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။

စိုက်ပျိုးရေးဟုဆိုရာတွင် မြန်မာနိုင်ငံအတွင်း စိုက်ပျိုးဖြစ်ထွန်းသော စပါးအပါအဝင် ပဲ၊ ပြောင်း၊ နှမ်း၊ ဝါကြံ၊ ကော်ဖီစသည်ဖြင့် မြောက်မြားစွာ ပါဝင်သည်။ ပြည်ပဈေးကွက် တွင်ကျယ်နေသည့် ပဲတီစိမ်းကိုလည်း အထူးအားပေး စိုက်ပျိုးလျက်ရှိသည်။ စိုက်ပျိုးသူ တောင်သူဦးကြီးများအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရေးအတွက် ခေတ်မီစက်ယန္တရားများကို တောင်သူများလက်ဝယ် အရောက်ပေးအပ်လျက် ရှိသည်။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန သမဝါယမဦးစီးဌာနသည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရန် နိုင်ငံတော်ဘတ်ဂျက်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဘတ်ဂျက်တို့မှ ခေတ်မီယန္တရားများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လက်တွန်းထွန်စက်နှင့် ထွန်စက်အမျိုးအစား ၁၀ မျိုးအတွက် စုစုပေါင်း ၁၁၉ စီး ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ကိုးခုတွင် စံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာများရှိ သမဝါယမအသင်းများမှ အသင်းသားများသို့ လယ်ယာမြေ ဝန်ဆောင်မှု လုပ်ကိုင်နိုင်ရန် ခေတ်မီစက်ယန္တရားများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။ ပြည်ထောင်စု ဘတ်ဂျက်မှခွင့်ပြုသော စက်ယန္တရား ၇၅ စီး၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ ဘတ်ဂျက်မှ ခွင့်ပြုသော စက်ယန္တရား ၄၄ စီး စုစုပေါင်း စက်ယန္တရား ၁၁၉ စီးကို နိုင်ငံတော်က ၅၀ ရာခိုင်နှုန်း ကျခံပြီး ကျန်သည့် ၅၀ ရာခိုင်နှုန်းကို စံပြကျေးရွာများရှိ သမဝါယမ အသင်းသားများက လက်ငင်းစနစ် သို့မဟုတ် အရစ်ကျစနစ်တို့ဖြင့် ဝယ်ယူခွင့်ပြုထားသည်။ အရစ်ကျစနစ်ဖြင့် ဝယ်ယူမည်ဆိုပါက မူလပစ္စည်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ဦးစွာပေးသွင်း ရမည်ဖြစ်သည်။

တောင်သူများအနေဖြင့် စက်ယန္တရားများကို ပြင်ပမှ ဝယ်ယူမည်ဆိုပါက  ဈေးနှုန်းကြီးမြင့်မှုနှင့် ကြုံတွေ့ရမည်ဖြစ်သည့်အတွက် နိုင်ငံတော်က ယခုကဲ့သို့ စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။ သမဝါယမ ဦးစီးဌာနက ရောင်းချပေးသည့် စက်ယန္တရားများသည်  ကိုရီးယား အမျိုးအစားဖြစ်သည်။တောင်သူများအနေဖြင့် စက်ပစ္စည်း၏တန်ဖိုးတစ်ဝက်ကို နိုင်ငံတော်ကကျခံပေးသည့်အတွက် တောင်သူအနေဖြင့် စက်ယန္တရားတစ်ခုကို အလွယ်တကူ ပိုင်ဆိုင်နိုင်အောင် ဖန်တီးပေးသည့် အခြေအနေကောင်းဖြစ်သည်။

သက်ဆိုင်ရာ လုပ်ငန်းခွင်တွင် လုပ်ကိုင်နေကြသူများ အားလုံးအနေဖြင့် မိမိတို့၏ လုပ်ငန်းများ တိုးတက်ကြီးပွားရေးကို အစဉ်တစိုက် တွေးတောကြံဆတီထွင် လုပ်ဆောင်ကြရမည်ဖြစ်သည်။ မိမိတို့ ကုန်ထုတ်လုပ်မှုများမှ အကျိုးအမြတ်ရရှိခြင်းသည် နိုင်ငံအတွက် အကျိုးရှိခြင်းပင်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မိမိနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး၊ မိမိတို့ တိုင်းသူပြည်သားများ စားရေရိက္ခာဖူလုံရေးမှာ တောင်သူဦးကြီးများ အပါအဝင် ပြည်သူတစ်ရပ်လုံးက ကျရာကဏ္ဍတွင် ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ကြိုးစားကြရန် ဖြစ်ပါကြောင်း  ရေးသားလိုက်ရပေသည်။   ။