မြစိမ်းရောင်ဟု ခေါ်ပါသည် (၃)
ယမန်နေ့မှအဆက်
ယခု ကျွန်တော်ရေးသားတင်ပြနေသော မြစိမ်းရောင်ကျေးရွာ စီမံကိန်း ဆိုင်ရာ အကြောင်းအရာအချက်အလက်ကိန်းဂဏန်းများသည် သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ရေးသားပြုစုထားသော မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော် ရေး လက်စွဲစာစောင်နှင့် ၂၀၂၂ ခုနှစ် သြဂုတ်လအထိ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေတင်ပြချက်စာစောင်တို့ အပေါ်အခြေခံ၍ အကျဉ်းမျှထုတ်နုတ် ရေးသား တင်ပြထားခြင်းဖြစ်သည်။ ပြီးပြည့်စုံသောတင်ပြချက် တစ်ခုမဟုတ်ပါ။ ယခုဆက်လက်၍ မြစိမ်းရောင် ကျေးရွာစီမံကိန်းတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် အချို့နှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း၏အားသာချက်၊ အားနည်းချက်များကို တင်ပြလိုပါသည်။
စာရင်းစစ်ဆေးခြင်း မြို့နယ်နှင့်ကျေးရွာအဆင့် အရင်းမပျောက် ည်ပတ်ရန်ပုံငွေစီမံခန့်ခွဲမှု၊ ချေးငွေထုတ်ချေးမှု၊ အတိုး/အရင်းပြန်လည် ကောက်ခံမှု၊ စာရင်းထိန်းသိမ်း မှု၊ ချေးငွေလည်ပတ်မှုအခြေအနေများအား မြို့နယ် စာရင်းရုံးမှ စာရင်းစစ်ဆေးသွားမည်ဖြစ်သည်။ မြို့နယ် လုပ်ငန်းအဖွဲ့ သို့မဟုတ် လုပ်ငန်းအဖွဲ့အဆင့်ဆင့်မှ တာဝန်ပေးအပ်သော အဖွဲ့အစည်းများကလည်း စာရင်းစစ်ဆေးနိုင်သည်။
စောင့်ကြည့်စစ်ဆေးခြင်း စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို အဓိက ဆောင်ရွက်ရမည့်အဖွဲ့မှာ ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ဖြစ် သည်။ အဆိုပြုထုတ်ချေးငွေအပေါ် ကျေးရွာသူ၊ ကျေးရွာသားများက အမှန်တကယ် လုပ်ကိုင်ခြင်း ရှိ/မရှိ ပုံမှန်ကွင်းဆင်းစစ်ဆေးရမည်။ လုပ်ငန်းဆောင်ရွက်မှုအားနည်းပါက နှိုးဆော် တိုက်တွန်းခြင်း၊ ခေါ်ယူသတိပေးခြင်း၊ နောက်တစ်ကြိမ် ငွေထုတ်ချေးပေးမည် မဟုတ်ကြောင်း အသိပေးခြင်း များဆောင်ရွက်ရမည်။ စီမံကိန်းကျေးရွာများ အား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဦးစီးဌာနများ၊ ခရိုင်နှင့်မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန များကလည်း ဝိုင်းဝန်းကြည့်ရှုစစ်ဆေးတည့်မတ်ပေး
လျက်ရှိသည်။
စစ်တမ်းများကောက်ယူခြင်း
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မြစိမ်းရောင် ကျေးရွာ စီမံကိန်းဆောင်ရွက်မှုအခြေအနေ များ၊ အခက်အခဲများ၊ တိုးတက်အောင်မြင်မှုများကို စိစစ်အကဲဖြတ်သုံးသပ်နိုင်ရန်အတွက် စစ်တမ်းများ ကောက်ယူခြင်းကို အလျဉ်းသင့်သလိုဆောင်ရွက်နိုင် ကြောင်း ဖော်ပြထားသည်။
သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ခဲ့သော်မြစိမ်းရောင် ကျေးရွာစီမံကိန်းဆောင်ရွက်နေသည့် ဒေသများတွင် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များဖြစ်သည့် မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးမှု၊ လေပြင်းတိုက်ခတ်မှု၊ မြေပြိုမှု၊ မီးလောင်မှု၊ ငလျင်ဒဏ်ခံရမှု၊ မိုးခေါင်ခြင်း၊ သီးနှံဖျက်ပိုးများ ကျရောက်ခြင်း စသည်တို့ ကြုံတွေ့ရတာမျိုးလည်းရှိခဲ့ သည်။ ထိုကဲ့သို့ ကြုံတွေ့လာခဲ့လျှင် အနီးကပ်ရှိနေ သည့် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့သည် မြို့နယ်လုပ်ငန်းအဖွဲ့သို့ ဆောလျင်စွာသတင်းပို့ ရမည်။ ပျက်စီးဆုံးရှုံးမှုစာရင်းဇယားများကောက်ယူရေး ဆောင်ရွက်ကြရမည်။ အလားတူပင် မြို့နယ် လုပ်ငန်းအဖွဲ့မှ သေချာစွာစိစစ်၍ တိုင်းဒေသကြီး/ပြည်နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ရုံးများမှတစ်ဆင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)သို့ ဆက်သွယ်သတင်းပေးပို့ရမည်။ ဖြေရှင်းဆောင်ရွက်နိုင်သမျှကိုနည်းလမ်းပေါင်းစုံ သုံး၍ဖြေရှင်းရမည်။ လိုအပ်လျှင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှတစ်ဆင့် ဗဟိုကြီးကြပ်မှုကော်မတီ၏ ဆုံးဖြတ်လမ်းညွှန်မှုကို ခံယူရမည်ဖြစ်သည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ အားသာချက်များ အောက်ဖော်ပြပါ အားသာချက်များကိုတွေ့ရှိရပါ သည်-
(က) မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ပေး ခြင်းဖြင့် ကျေးရွာသူ၊ ကျေးရွာသားများ သည် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများဆောင်
ရွက်ရန် လိုအပ်သောအရင်းအနှီးကို အတိုး နှုန်းသက်သာစွာရရှိစေပြီး လုပ်ငန်းများချဲ့ထွင် လုပ်ကိုင်လာနိုင်ခြင်း၊
(ခ) တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများသည် ဒေသဖွံ့ဖြိုးရေးကို များစွာအထောက်အကူပြု သည့်အပြင် ရရှိလာသည့်အတိုးငွေများကြောင့် ကျေးရွာရန်ပုံငွေတိုးပွားလာစေခြင်း၊
(ဂ) ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု အလေ့အကျင့် ကောင်းများရရှိစေခြင်း၊
(ဃ) ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ ဖွဲ့စည်းရာတွင် ကျား၊ မ အချိုးဖြင့် ဖွဲ့စည်းရခြင်းကြောင့် အမျိုးသမီးများ၏ ပူးပေါင်း ပါဝင်မှုအားကောင်းလာခြင်း၊ သင်တန်းများ တက်ရောက်ခြင်းဖြင့် စွမ်းဆောင်ရည်မြင့်မား လာခြင်း၊ ကျား၊ မ တန်းတူညီမျှသော အလေ့ အထဖွံ့ဖြိုးလာခြင်း၊
(င) ကျေးရွာ၏အမှန်တကယ်လိုအပ်ချက်ကို တင်ပြ တောင်းခံတတ်လာခြင်း၊ ကျေးရွာမြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့များက စာရင်းဇယား အချက်အလက်များ ရေးသွင်းပြုစုထိန်းသိမ်း သည့်အလေ့အကျင့်ရရှိလာခြင်း။
အားနည်းချက်များ
မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်ရာတွင် တွေ့ရှိရသော အားနည်း ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် -
(က) ဆောင်ရွက်ရသော ဖွံ့ဖြိုးရေးလုပ်ငန်းပမာဏနှင့် ဝန်ထမ်း အင်အား အချိုးညီမျှမှုမရှိ၍ က်ရှိတာဝန်ယူဆောင်ရွက်နေသည့် ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းအောင်မြင်အောင် ပိုမို ကြိုးပမ်းအားထုတ်ခဲ့ရခြင်း၊
(ခ) အချို့မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များသည် စာရင်း ဇယားများမှန်ကန်စွာ ရေးသွင်းဆောင်ရွက်ရန်အားနည်းခြင်း၊
(ဂ) မမျှော်မှန်းနိုင်သော အကြောင်းအမျိုးမျိုး ကြောင့် ရန်ပုံငွေ အရင်း၊ အတိုးပေးသွင်းရန် ပျက်ကွက်ခြင်း၊ ကြွေးကျန်များဖြစ်ပေါ်နေခြင်း၊
(ဃ) စီမံကိန်းရန်ပုံငွေများကို အလွဲသုံးစားပြုခြင်း၊ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေခြင်းတို့ အပေါ် ထိရောက်မြန်ဆန်စွာ အရေးယူဖြေရှင်း ပေးရန်လိုအပ်ခြင်း။
စိတ်ချမ်းမြေ့ခဲ့ရသော မြင်ကွင်းနှစ်ခု
ပထမမြင်ကွင်းမှာ နေပြည်တော်တွင်ရောက်ရှိ နေသော တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများမှဥက္ကဋ္ဌများသည် နိုင်ငံတော် အကြီးအကဲ၏လမ်းညွှန်ချက်အရ သြဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် လယ်သာကျေးရွာရှိ ရွှေကမ္ဘာငွေစု ငွေချေးသမဝါယမအသင်းနှင့် စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေသြဇာ ထုတ်လုပ်ရေးသမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေသော စမ်းဝတီ သဘာဝမြေသြဇာစက်ရုံကို လာရောက်ကြည့်ရှု လေ့လာကြသည့်မြင်ကွင်းဖြစ်သည်။ ယင်းအခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဝန်ကြီးချုပ်များ၊ ဥက္ကဋ္ဌများအနေဖြင့် မိမိတို့တိုင်းဒေသကြီး၊ ပြည်နယ် ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့ သဘာဝမြေသြဇာများထုတ်လုပ်မည်ဆိုပါက မိမိတို့ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက တတ်စွမ်းသမျှ ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ ယခုကဲ့သို့ ဖိတ်ကြားပြသရခြင်းမှာ တစ်နိုင် တစ်ပိုင်မွေးမြူရေးလုပ်ငန်းများမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများကို အကျိုးရှိသည့်သဘာဝမြေသြဇာများ အဖြစ် မိမိတို့၏တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ပြန်လည်ထုတ်လုပ်အသုံးပြုနိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ မကြာမီ ကာလအတွင်း တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင် သဘာဝမြေသြဇာထုတ်လုပ် သုံးစွဲကြမည်ဟု အလေးအနက်ယုံကြည်မိသည်။ ထိုနေ့မြင်ကွင်းက ကျွန်တော့်ကို စိတ်ချမ်းသာမှုရစေခဲ့ တာတော့အမှန်ပင်။
ဒုတိယမြင်ကွင်းကတော့ သြဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရန်ပုံငွေလွှဲအပ်ခြင်းအခမ်း အနားမြင်ကွင်းများပဲဖြစ်သည်။ ယင်းအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က လမ်းညွှန်အမှာစကားပြောကြားပြီးနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်ဘီလီယံ ၄၀၀ မှ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ၁၇၀ ဘီလီယံ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့ ၆၀ ဘီလီယံ၊ မြစိမ်းရောင်စီမံကိန်းများ လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့သို့ ပြည်နယ်တစ်ခုလျှင် ၁၀ ဘီလီယံ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့သို့ ပြည်နယ်နှင့်တိုင်းဒေသကြီးတစ်ခုလျှင် ၈ ဘီလီယံ၊ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့နှင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတို့သို့ ဒေသတစ်ခုလျှင် ၅ ဘီလီယံ စုစုပေါင်း ငွေကျပ် ဘီလီယံ ၃၃၀ ကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများမှဥက္ကဋ္ဌများက လက်ခံရယူခဲ့ကြသည်။
ထိုသို့ လွှဲပြောင်းပေးရသည့်ရည်ရွယ်ချက်မှာ နိုင်ငံတော်၏စီးပွားရေးကို တိုက်ရိုက်အထောက်အကူ ပြုစေမည့် စပါးစိုက်ပျိုးရေး၊ ပဲစိုက်ပျိုးရေးလုပ်ငန်းများ အားပေးဆောင်ရွက်ရန်နှင့် ပြည်နယ်၊ တိုင်းဒေသကြီး နှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက် ရန်အတွက်ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးဌာန နှစ်ခုသည် နွေစပါးနှင့်ပဲတီစိမ်းစိုက်ပျိုးရေးကို ဦးတည် ဆောင်ရွက်ကြမည်ဖြစ်ပြီး ကျန်ပြည်နယ်နှင့်တိုင်းဒေသ ကြီးတို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ရာ ယခုကဲ့သို့ရန်ပုံငွေများထုတ်ပေး ခြင်းသည် နိုင်ငံအတွက်အားတစ်ခုဖြစ်စေမည်ဟု အလေးအနက်ယုံကြည်မိသည်။
ပြည်နယ်၊ တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် မကြာမီစတင် အကောင်အထည်ဖော်ကြတော့မည့် မြစိမ်းရောင် ကျေးရွာစီမံကိန်းများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ် များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက် အောင် တည်ဆောက်ရေးဆိုသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်ကို များစွာအထောက်အကူပြုပါလိမ့်မည်။ စိုက်ပျိုးရေး လုပ်ငန်းများကိုဆောင်ရွက်ရာတွင် သမဝါယမအစုအဖွဲ့ ဝိုင်းကြီးချုပ်စနစ်ဖြင့် အောင်မြင်အောင်ဆောင်ရွက် ကြမည်ဖြစ်သကဲ့သို့ မြစိမ်းရောင်ကျေးရွာစီမံကိန်းများ သည်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်ဓာတ် အပြည့်ဖြင့် ဝိုင်းကြီးချုပ်စနစ်ဖြင့် အကောင်အထည်ဖော် ကြရမည်ဖြစ်သည်။ လက်တွေ့အကျိုးကျေးဇူးခံစားကြရမည့်သူများကတော့ နိုင်ငံတော်၏ ၇၀ ရာခိုင်နှုန်း ကျော် လူဦးရေဖြစ်သော ကျေးလက်နေပြည်သူများ ဖြစ်ကြသည်။ စီမံကိန်းအောင်မြင်ရန် သူတို့၏ပူးပေါင်း ပါဝင်မှုအခန်းကဏ္ဍကလည်း အလွန်အရေးကြီး သည်။
နိဂုံးချုပ်တင်ပြလိုသည်မှာ အထက်တွင်ရေးသား တင်ပြခဲ့သော မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင် အထည်ဖော်ရေး လက်စွဲစာစောင်ပါအချက်အလက် များသည် အကျဉ်းမျှသာဖြစ်သည်။ မိမိတို့အကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းနှင့်ကိုက်ညီသော စီမံကိန်းဒီဇိုင်းဖြစ်ရန်လိုသည်။ ဆောင်ရွက်မည့် နည်းလမ်း၊ ဖွဲ့စည်းမှု၊ ရန်ပုံငွေလည်ပတ်စီးဆင်းမှု များကအစ ပြောင်းလဲသင့်သည်များကို ပြောင်းလဲ ရမည်ဖြစ်သည်။ ကျွန်တော်တို့အားလုံးကိုယ်စီကိုယ်စီ ယူထားရသည့် တာဝန်တွေရှိလာကြပြီဖြစ်သည်။ အောင်မြင်မှုအသီးအပွင့်များကို ကျေးလက်နေပြည်သူ များ ရရှိခံစားကြရမည်ဟူ၍လည်း အလေးအနက် ယုံကြည်ထားပါသည်။ ။