ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အသင်း တစ်သင်းတည်းတွင် သွင်းဂိုး အများဆုံး ကစားသမားအဖြစ် ဟယ်ရီကိန်း စံချိန်သစ်တင်
ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၃)အဖြစ် ကစားခဲ့သည့် စပါးအသင်းနှင့် ဝုဗ်ဗာဟမ်တန် အသင်းပွဲစဉ်တွင် ဟယ်ရီကိန်းက စပါးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးသွင်း ယူနိုင်ပြီးနောက် ပရီးမီးယား လိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အသင်းတစ်သင်းတည်းတွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်၌ ဟယ်ရီကိန်းက ပွဲချိန် ၆၄ မိနစ် တွင် အိုင်ဗန်ပါရီဆစ်၏ ဖန်တီးပေးမှုမှ တစ်ဆင့် ခေါင်းတိုက်ပြီး အသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်း ယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် အသင်းတစ်သင်းတည်းတွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသည့် မန်စီးတီးအသင်း ကစားသမားဟောင်း အဂူရို၏စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အသင်း တစ်သင်းတည်းတွင် သွင်းဂိုးအများဆုံး ကစားသမား အဖြစ် ဟယ်ရီကိန်းမတိုင်မီက အဂူရိုက မန်စီးတီး အသင်းတွင် ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် သွင်းဂိုး ၁၈၄ ဂိုးဖြင့် ရပ်တည်နေခြင်းကို ယခုအခါ ဟယ်ရီကိန်းက ၁၈၅ ဂိုးဖြင့် ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဟယ်ရီကိန်းသည် ၂၀၁၃ ခုနှစ်မှ စတင်ပြီး စပါးအသင်းနှင့်အတူ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ကစားခဲ့ပြီး ပရီးမီးယားလိဂ် သွင်းဂိုး ၁၈၅ ဂိုးအထိ ရှိလာခဲ့သည့်အပြင် ပြိုင်ပွဲစုံတွင်လည်း သွင်းဂိုး ၂၅၀ ပြည့် မြောက်ခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အသင်းတစ်သင်းတည်းတွင် သွင်းဂိုးအများဆုံး ကစားသမားစာရင်း၌ ဟယ်ရီကိန်းနှင့်အဂူရိုတို့ နောက်တွင် မန်ယူအသင်း ကစားသမားဟောင်း ရွန်းနီက ၁၈၃ ဂိုး၊ အာဆင်နယ်အသင်း ကစားသမားဟောင်း အွန်နရီ က ၁၇၅ ဂိုးနှင့် နယူးကာဆယ်အသင်း ကစားသမား ဟောင်း အလန်ရှီးယားက ၁၄၈ ဂိုးဖြင့် ရပ်တည်လျက် ရှိကြောင်း သိရသည်။
Ref;Opta.com