နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၂)သို့ တက်ရောက် အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၂)သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဩဂုတ် - ၂၂

 ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၂)ကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းမှုသည် ဦးတည်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်နိုင်ရန်ဖြစ်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းပြီး ပထမဆုံးအကြိမ်ကျင်းပပြုလုပ် သည့် အစည်းအဝေးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ၂၀၂၁ ခုနှစ် နိုင်ငံတော်တာဝန်စတင် ထမ်းဆောင်ချိန်မှစ၍ အစိုးရအဖွဲ့ကိုစတင်ဖွဲ့စည်းခဲ့ရာတွင် နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ် များ၊ အငြိမ်းစားဝန်ထမ်းများနှင့် တာဝန်ထမ်းဆောင်နေဆဲ နိုင်ငံ့ဝန်ထမ်းအကြီးအကဲ များ ပါဝင်ဖွဲ့စည်း၍ အစိုးရတစ်ရပ်၏ လုပ်ငန်းများပြန်လည်လည်ပတ်နိုင်ရေး အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံအတွက် လုပ်သင့်လုပ်ထိုက်သည့် ကိစ္စရပ်များ ဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်ပတ်သက်သည့် ဦးတည်ချက်များကို  ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊  အဆိုပါဦးတည်ချက်များ ကို အကောင်အထည်ဖော်ဆောင်ရွက်ချိန်တွင်လည်း အခက်အခဲများဖြစ်ပေါ်ခဲ့ကြောင်း။

မိမိတို့တာဝန်ယူချိန်တွင် ကိုဗစ် ၁၉ ဒုတိယလှိုင်း ဖြစ်ပွားမှုကို ကြုံတွေ့ခဲ့ရပြီး ဆေးဝါးနှင့် ဆရာဝန်အခက်အခဲများဖြစ်ပေါ်ခဲ့ကြောင်း၊ ဒုတိယလှိုင်းကာလအတွင်း ပိုးတွေ့လူနာ ၁၄၂၉၄၁ ဦးရှိခဲ့ကြောင်း၊ တတိယလှိုင်းဖြစ်ပွားခဲ့ချိန်တွင်လည်း ရောဂါ ဖြစ်ပွားမှုပိုမိုပြင်းထန်ခဲ့ပြီး ပိုးတွေ့လူနာ ၃၉၁၃၅၃ ဦး၊ သေဆုံးသူ ၁၆၀၉၅ ဦးရှိခဲ့ပြီး အပြင်းထန်ဆုံးကာလဖြစ်ခဲ့ကာ အစိုးရအဖွဲ့အနေဖြင့်အခက်အခဲများကြားမှကျော်ဖြတ် ခဲ့ရကြောင်း။

အဆိုပါကာလတွင် CDM ပြုလုပ်သည့် ဝန်ထမ်းများကြောင့် အစိုးရ၏ လုပ်ငန်း များထိခိုက်ခဲ့သကဲ့သို့ နိုင်ငံ့အခွန်ငွေများလည်း ပြည့်ဝစွာမရရှိခဲ့ဘဲ ပုံမှန်လုပ်ငန်း များဖြစ်သည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုသာ ဆောင်ရွက်၍ ခက်ခဲစွာဖြတ် ကျော်ခဲ့ရကြောင်း၊ စတုတ္ထလှိုင်း ဖြစ်ပွားသည့်ကာလအစမှ ယခုလ ၂၁ ရက်အထိ ပိုးတွေ့လူနာ ၇၉၉၈၃ ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ ၁၂၇ ဦးရှိခဲ့ကြောင်း၊ ယခင် ဒုတိယ လှိုင်းနှင့် တတိယလှိုင်းကာလများထက် များစွာကျဆင်းသွားခဲ့ကြောင်း၊ ထိုသို့ကျဆင်း စေရန်အတွက် ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် ပြည်သူလူထုများနှင့် အခက်အခဲ ဖြစ်ပွားချိန်တွင် အကူအညီများပေးခဲ့သည့် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ နှင့် မိတ်ဆွေနိုင်ငံတို့ကြောင့်ဖြစ်ပြီး ယင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ၎င်းတို့ကူညီ ပေးခဲ့မှုများကြောင့် မိမိတို့နိုင်ငံရှိ ပြည်သူများ ကိုဗစ် ဖြစ်ပွားမှုမှ များစွာလျော့ပါး စေခဲ့ကြောင်း၊ အခြားနိုင်ငံများအနေဖြင့်လည်း အထိုက်အလျောက် ကူညီမှုများရှိပါ ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၊ အခြားနိုင်ငံများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်နှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးဖြင့် ဆက်ဆံ ဆောင်ရွက်လျက်ရှိကြောင်း။

မည်သို့ပင်ဖြစ်စေ မိမိတို့အစိုးရအနေဖြင့် အခက်အခဲများကို အောင်မြင်စွာ ကျော်လွှား ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အစိုးရအဖွဲ့အား ပြင်ဆင်ဖွဲ့စည်းရာတွင် လုပ်ငန်း များအဆင်ပြေစေရန်နှင့် လူမှန်နေရာမှန်ဖြစ်စေရန်အတွက် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ယခင်ကာလများအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ပြည်ထောင်စု ဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့် အကြီးအကဲများအားလုံးကိုလည်း ကျေးဇူးတင်ရှိ ကြောင်း၊ ယခုအခါတွင်လည်း ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင် ပြီး ရှေ့လုပ်ငန်းစဉ်အတိုင်း အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် ရည်မှန်းချက်များကို အမြဲအကောင်အထည်ဖော် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း။

ငြိမ်းချမ်းရေးဖော်ဆောင်မှု

ဦးတည်ချက်များတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဟူ၍ ဦးတည်ချက်များ ချမှတ်ထားကြောင်း၊ နိုင်ငံရေးဦးတည်ချက်တွင် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမို ကရေစီစနစ်ကိုကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေးဆိုသည်ကို နိုင်ငံသားအားလုံး၊ တိုင်းရင်းသား အားလုံးက လိုလားကြကြောင်း၊ နိုင်ငံသားဆိုရာတွင် တိုင်းရင်းသားများမှ ပေါက်ဖွား လာသည့် နိုင်ငံသားများနှင့် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံတွင်ရောက်ရှိ နေထိုင်ပြီး နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသူများလည်းရှိကြောင်း၊ အဆိုပါ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ငြိမ်းချမ်းမှုရှိရန် မဖြစ်မနေလိုအပ်ကြောင်း၊ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) အတိုင်း အလေးထားလုပ်ဆောင်သွားရေး အတွက်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ NCA တွင် လက်မှတ်ရေးထိုးထားသည့်အဖွဲ့ ၁၀ ဖွဲ့ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် လက်နက် ကိုင်ပဋိပက္ခများချုပ်ငြိမ်းအောင် ဆောင်ရွက်ရန်အရေးကြီးကြောင်း၊ ယခုအခါ လက်နက်ကိုင်အဖွဲ့ အစည်းများနှင့်တွေ့ဆုံဆွေးနွေး ခြင်းများဆောင်ရွက်လျက်ရှိ ကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) တို့ပေါ်တွင်အခြေခံ၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါအဖွဲ့များနှင့် သဘောတူညီချက် များရရှိပြီး လက်မှတ်ရေးထိုးနိုင်သည်အထိ အကြိမ်ကြိမ် ထပ်မံဆွေးနွေးဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ နောင်တစ်ချိန် လွှတ်တော်များ ပြန်လည်ကျင်းပချိန်တွင် ငြိမ်းချမ်းရေး ညီလာခံကို ပြန်လည်ကျင်းပပြုလုပ်၍ လွှတ်တော်အမတ်များနှင့် သဘောတူညီချက် ရရှိပြီးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးဆောင်ရွက်၍ ထာဝရငြိမ်းချမ်းရေးရရှိရန် ရည်ရွယ် ဆောင်ရွက်နေခြင်းဖြစ် ကြောင်း။

မိမိတို့အနေဖြင့် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဥပဒေများ ရေးဆွဲရန်ကျန်ရှိနေသေးကြောင်း၊ ထို့ကြောင့် NCA လက်မှတ်ရေးထိုးပြီးချိန် တွင် ဆက်လက်ဆောင်ရွက်သွားနိုင်ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားအခွင့်အရေး၊ ဒေသအခွင့်အရေးများရရှိရန်အတွက် နိုင်ငံရေးစင်မြင့်လွှတ်တော်တွင် ဆွေးနွေးဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လိုပါကလည်း ဥပဒေနှင့် ညီညွတ်သည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး နိုင်ငံတော်မှ ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ လက်နက်ဆက်လက်ကိုင်ဆောင် လိုပါကလည်း တပ်မတော်တွင် ဝင်ရောက်တာဝန်ထမ်းဆောင်ခြင်း၊ နယ်ခြားစောင့်တပ်များတွင် ဝင်ရောက်တာဝန် ထမ်းဆောင်ခြင်းများ ဆောင်ရွက်ခွင့်ပေးမည်ဖြစ်ကြောင်း၊ သို့သော်ပြည်သူများ ထိခိုက် နစ်နာမှုများဖြစ်အောင် ဆောင်ရွက်ခဲ့သည်များရှိပါက နစ်နာသူများက တောင်းဆိုလျင် ဥပဒေနှင့်အညီဖြေရှင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆိုပါအချက်များကို ပြည်ထောင်စုဝန်ကြီးများ အနေဖြင့် အလျဉ်းသင့်သည့်အချိန်များတွင် ဆွေးနွေးတိုက် တွန်းပြောကြားကြစေလို ကြောင်း။

နိုင်ငံတကာဆက်ဆံရေး

လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ် တွဲနေထိုင်ရေးမူကြီး(၅)ရပ်ကို ကျင့်သုံးရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး၊ အာဆီယံအဖွဲ့ဝင်နှင့် BIMSTEC အဖွဲ့ဝင်နိုင်ငံလည်းဖြစ်ကြောင်း၊ အိမ်နီးချင်း ၅ နိုင်ငံရှိကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် အဆိုပါအဖွဲ့များ၏ ပဋိညာဉ်များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပြီး မည်သည့် စစ်အုပ်စုအဖွဲ့မှ ဝင်ရောက်ထားခြင်းလည်းမရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံများ နှင့် ရင်းနှီးစွာဆက်ဆံလျက်ရှိသကဲ့သို့ ရုရှားနိုင်ငံနှင့်လည်း ရင်းနှီးသည့်ဆက်ဆံမှု ရှိကြောင်း၊ ယခင်ကတည်းက အနောက်နိုင်ငံများနှင့်ရင်းနှီးသည့် ဆက်ဆံရေးများရှိခဲ့ ကြောင်း၊ မိမိတို့နိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးမူဝါဒသည် ခိုင်ခိုင်မာမာရှိကြောင်း၊ အာဆီယံအဖွဲ့၏ ပဋိညာဉ်အခြေခံမူတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နည်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေး လက္ခဏာများကို လေးစားလိုက်နာခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုမရှိခြင်း၊ တရားဥပဒေစိုးမိုးရေး၊ စီမံအုပ်ချုပ်မှု ကောင်းမွန်ရေး၊ ဒီမိုကရေစီအခြေခံမူများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် အစိုးရရှိမှုဟူသည့် အခြေခံသဘောတရားများကို လိုက်နာခြင်းဆိုသည့် အချက်များ ပါဝငကြောင်း၊ အဆိုပါအချက်များကို ပြန်ကြည့်ပါက လက်ရှိအခြေအနေကို ထင်ဟပ် နိုင်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးများအနေဖြင့် နိုင်ငံတကာနှင့်ဆက်ဆံရာ တွင် တုန့်ပြန်သင့်သည့်အချက်များကို ပြန်လည်တုန့်ပြန် ဆောင်ရွက်ရန်လိုအပ် ကြောင်း။

စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး

စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာမှုရှိစေရန်နှင့် တိုးတက်မှုရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းတစ်ခုတိုးတက်မှုမရှိပါက ပြန်လည်သုံးသပ်ရန် လိုကြောင်း၊ ၂၀၁၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ၃၂၅ မြို့နယ်၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်  ၃၂၃ မြို့နယ်၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ၃၁၅ မြို့နယ်ကျင်းပနိုင်ခဲ့ပြီး တစ်ကြိမ်နှင့်တစ်ကြိမ် မြို့နယ်အရေအတွက်များ နည်းပါးလာခဲ့ကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီ နှင့် ပတ်သက်သည့် အခက်အခဲများကြောင့် နည်းပါးခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရ ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အချို့သောမြို့နယ်များ၌ ရွေးကောက်ပွဲကျင်းပရန် ပြောကြားခဲ့သော်လည်း အချို့တာဝန်ခံဆောင်ရွက်သည့် အဖွဲ့ အစည်းများက အဆိုပါမြို့နယ်များ၌ ၎င်းတို့ပါတီအောင်နိုင်ရန်အခွင့်အရေးနည်းပါးပြီး အခြားယှဉ်ပြိုင်ဘက်ပါတီမှ အနိုင်ရရှိ နိုင်သည့်အတွက် ယခင်ကန့်ကွက်မှုများကို အကြောင်းပြ၍ ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပေါ်ခဲ့မှုများမှာ ဒီမိုကရေစီထက်၊ တိုင်းရင်းသားများ၏ အကျိုးထက် ပါတီ၏ အကျိုးစီးပွား၊ ၎င်းတို့အဖွဲ့၏ ရေရှည် အာဏာရရှိရေး၊ ၎င်းတို့အဖွဲ့ကို ကျောထောက် နောက်ခံပြုထားသူများ၏ အကျိုးစီးပွား ကိုဖော်ဆောင်ပေးရန်အတွက် ဦးစားပေးဆောင်ရွက်ခဲ့သည်ကိုပြီးခဲ့သည့် ရွေးကောက် ပွဲတွင်တွေ့ရှိခဲ့ရကြောင်း၊ ထိုသို့ဆောင်ရွက် ခဲ့ခြင်းများကြောင့် ဒီမိုကရေစီအမှန် တကယ် လိုလားသူများ၊ ပြည်ထောင်စုအကျိုးကို အမှန်တကယ်လိုလားသူများ၊ အမျိုးသားအကျိုးစီးပွားကို အခြေခံ၍တိုင်းပြည်  တည်ဆောက်ရေးဆောင်ရွက် နေသူ များအတွက် စိတ်ခံစားမှုများ များစွာဖြစ်ပေါ်ခဲ့ကြောင်း၊ အင်မတန်ဆိုးရွားသည့် သမိုင်း မှတ်တမ်းတစ်ခုဖြစ်ပြီး မည်သို့မျှ ဖျောက်ဖျက်၍မရကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရ အနေဖြင့် ဦးတည်ချက်များအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အောင်မြင် အောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

လူမှုစီးပွားမြှင့်တင်ရေးတွင် ပညာရေးကဏ္ဍသည်အရေးကြီး

နိုင်ငံရေးဟုဆိုရာတွင် စီးပွားရေးသည်လည်း ဆက်စပ်လျက်ရှိကြောင်း၊ အလား တူ လူမှုရေးကိစ္စများသည်လည်း နိုင်ငံရေးနှင့်ဆက်စပ်လျက်ရှိကြောင်း၊ နိုင်ငံရေးကိစ္စ တွင် အစိုးရ၊ ပါတီနှင့် ပြည်သူလူထုများတွင်တာဝန်ရှိကြောင်း၊ သို့သော် နိုင်ငံ၏စီးပွား ရေးကို အစိုးရမှ ဥပဒေပြဋ္ဌာန်း၍ အစိုးရမှ ဦးဆောင်ပြီးဆောင်ရွက်ခြင်းနှင့်ပုဂ္ဂလိက ကိုဆောင်ရွက်ခွင့်ပေးခြင်းများကိုဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် အစိုးရတွင် လုပ်ဆောင်ရန် တာဝန်ရှိကြောင်း၊ လူမှုစီးပွားတွင် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ရှိပြီး ပညာရေးတွင် အားနည်းမှုများ ရှိကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အတန်းပညာအားနည်းမှုများ ရှိသဖြင့် မိမိတို့အနေဖြင့် ပညာရေးမြှင့်တင်မှုများကို မလွဲမသွေလုပ်ဆောင်ရမည်ဖြစ် ကြောင်း၊ နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး ၃၀ ရာခိုင်နှုန်းသည်မြို့ပြတွင် နေထိုင်ကြကြောင်း၊ ကျေးလက်နေပြည်သူများအနေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အဓိကလုပ်ဆောင်ကြကြောင်း၊ ကျေးလက်နေ ကလေးငယ်များ၏ ပညာရေးသည် အားနည်းလျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားမြှင့်တင်ရေးအတွက် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများ မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။

ပညာသင်ကြားရေးတွင် မူလတန်းပညာရေးကို မသင်မနေရအဖြစ် အခြေခံ ဥပဒေ၌ ပြဋ္ဌာန်းထားကြောင်း၊ ပြောင်းလဲလာသော ခေတ်အခြေအနေနှင့် နည်းပညာ လိုအပ်ချက်အရ KG + 9 အထိ မသင်မနေရအဖြစ် သတ်မှတ်၍ ပညာရေးကိုမြှင့်တင် ပေးရန်အတွက် မိမိတို့တာဝန်ယူချိန် ကာလအတွင်း ဆောင်ရွက်နေကြောင်း၊ ပညာ သင်ကြားရေးနှင့်ပတ်သက်၍ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံး KG + 9 အထိသင်ကြားနိုင်ရေး နိုင်ငံတော်မှ မျှော်မှန်းဆောင်ရွက်နေကြောင်း၊ စာသင်ကျောင်း များအားလုံး ကျောင်းအင်္ဂါရပ်များနှင့် ကိုက်ညီအောင် ဆောင်ရွက်ပေးရန်လိုအပ် သကဲ့သို့ ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းဝတ်စုံများသည်လည်း တစ်ပြေးညီ ဖြစ်အောင်ဆောင်ရွက်ပေးရန်လိုကြောင်း၊

စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ပုံစံများကို ကလေးငယ်များ သိရှိနားလည်အောင် သင်ကြားဆောင်ရွက်ပေးရန်လိုကြောင်း၊ ယခင်သမ္မတဦးသိန်းစိန် လက်ထက်က ဂျပန်နိုင်ငံနှင့်ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးငယ်များအတွက် ဒီမိုကရေစီသင်ခန်းစာများ သင်ကြားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ကြကြောင်း၊ အဆိုပါသင်ခန်းစာများကို မြန်မာထုံးတမ်းစဉ်လာများနှင့် ကိုက်ညီအောင် ဆောင်ရွက် ၍ စာသင်ကျောင်းများတွင် ဒီမိုကရေစီနှင့်ပတ်သက်သည့် အသိများရှိအောင် ဆောင် ရွက်ပေးကြရန်လိုကြောင်း၊ ဒီမိုကရေစီဟုဆိုရာတွင် မိမိတို့နိုင်ငံ၏ အမျိုးသားရေးစရိုက် လက္ခဏာနှင့်ယဉ်ကျေးမှုကို ထိခိုက်မှုမရှိစေနိုင်သည့် ပညာရေးစနစ်မျိုး ဆောင်ရွက် နိုင်ရန်လိုကြောင်း၊ ဒီမိုကရေစီနိုင်ငံရေးကို သင်ကြားရန်မဟုတ်ဘဲ ဒီမိုကရေစီအလေ့ အကျင့်ကောင်းများကို သင်ကြားပေးနိုင်မည်ဆိုပါက ကောင်းမွန်သည့် ပညာရေးစနစ် တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ အချို့ပုဂ္ဂလိကကျောင်းများ တွင်လည်း နိုင်ငံရေးနှင့် သက်ဆိုင်သည်များကိုမသိမသာသင်ကြားနေကြသည်ကိုကြားသိရသဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ စာသင်ကျောင်းများ အားလုံးမှ ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားရာတွင် အတန်းတိုင်း အဆင့်တိုင်းတွင် သက်ဆိုင်ရာပညာရပ်များကို တတ်ကျွမ်းမှုရှိအောင် သင်ကြားပေး နိုင်ရန်လို ကြောင်း။

ပညာရေးဝန်ထမ်းများနှင့်ပတ်သက်၍ လစာစရိတ်နှင့် ခံစားခွင့်များ ပိုမိုပေးအပ် ထားကြောင်း၊ ဒေသခံများအနေဖြင့်လည်း မိမိတို့ဒေသအကျိုးအတွက် ပညာရေးဝန် ထမ်းများအပေါ် ကူညီမှုများပေးရန်လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ရံပုံငွေများ သုံးစွဲရာတွင်လည်း လက်တွေ့ကျသည့် ပညာရည်မြင့်မားရေးအတွက် အထောက်အကူ ပြုသည့် ကိစ္စရပ်များတွင်သာ အသုံးပြုကြရန်လိုကြောင်း။

စီးပွားရေးနှင့်ပတ်သက်၍

ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးကျဆင်းမှုများဖြစ်ပေါ်ခဲ့သဖြင့် စီးပွားရေး ပြန်လည်အားကောင်းအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ စီးပွားရေးတွင် ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဘဏ္ဍာရေးစနစ်နှင့် ဘဏ်စနစ်များ ကောင်းမွန်ရန်လို ကြောင်း၊ ကုန်ထုတ်လုပ်မှုရှိမှသာ ကုန်သွယ်မှုများဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုမှ လုပ်အားခများ ရရှိမည်ဖြစ်ပြီး ငွေကြေးလည်ပတ်မှုများရှိလာမည် ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ မှန်မှန်ကန်ကန် လည်ပတ်နိုင်စေရန်အတွက် ဘဏ္ဍာရေးစနစ်များ မှန်ကန်ရန်လိုကြောင်း၊ မိမိတို့စတင်တာဝန်ယူချိန်ကာလတွင် ဘဏ်စနစ်များပြိုလဲမှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ဘဏ်များအပေါ် တွင် ပြည်သူများယုံကြည်မှုရှိရန်လိုကြောင်း၊ စီးပွားရေးအားကောင်းအောင် ဆောင်ရွက် ရာတွင် ငွေကြေးစနစ်များကောင်းမွန်ရန်လိုကြောင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကယားပြည် နယ်တို့ရှိ အချို့ဒေသများမှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ကုန်ထုတ်လုပ်မှုများ ပုံမှန်နီးပါးအခြေအနေ သို့ရောက်ရှိနေပြီဖြစ်ကြောင်း၊ စစ်ကိုင်း တိုင်း အစွန်အဖျားပိုင်းသည် သွားလာရေးကန့်သတ်ချက်ရှိသဖြင့် PDF များ EAO များ စိတ်ဝင်စားကြောင်း၊ လက်နက်၊ ခဲယမ်းများ ပိုမိုစုဆောင်းလာသည်ကိုတွေ့ရကြောင်း၊ EAOများအနေဖြင့် ၎င်းတို့နယ်မြေပြင်ပတွင် တိုက်ပွဲများဖြစ်ပွားရန် ပိုမိုလိုလား ပုံဖော် နေသည်ကို တွေ့ရ၍ လုံခြုံရေးအသိ၊ သတိ နှင့် ဆောင်ရွက်ရန်လိုကြောင်း။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က စီးပွားရေးကဏ္ဍ မြှင့်တင်ရေးဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍ ပြောကြားရာတွင် “ကိုဗစ်ရောဂါ ကာကွယ်ရေးနဲ့ပတ်သက်ပြီးတော့ သုံးစွဲဖို့အတွက် စုထားတဲ့ငွေတွေ ရှိတယ်။ ဒါဟာ ၂၀၂၀ လောက်ကတည်းက စစုခဲ့တာပေါ့။ ဘီလီယံပေါင်း ၄၀၀ ကျော် လောက်ရှိတယ်။ အဲ့ဒီမှာ လည်း သုံးခဲ့တာလည်း ရှိပါတယ်။ ကိုဗစ်ရောဂါ ကုသရေးတို့ ကာကွယ်ရေးတို့၊ ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ အသုံးစရိတ်တွေလည်း ကျွန်တော် အများကြီးပေးခဲ့ပါတယ်။ ပြင်ဆင်မှုကာလတွေ၊ ဆေးရုံတွေ၊ ဘာတွေက အစ အများကြီး ထောက်ပံ့ပေးတယ်။ ဒါပေမယ့် ငွေတွေက တော်တော်များများရှိနေတယ်။ ဒါ သာမာန်ကျန်းမာရေး အသုံးစရိတ် မဟုတ်ပါဘူး။ ဒါ သီးခြားရှိတဲ့ ငွေတွေပါ။ ငွေဆိုတာကတော့ အိပ်နေတာ မကောင်းဘူး။ လည်ပတ်နေတာ အကောင်းဆုံးပဲ။ အဲ့ဒီတော့ ငွေဆိုတာကတော့ လည်ပတ်သုံးစွဲတာကတော့ ကောင်းတယ်။ ဒီလို ငွေတွေ အိပ်နေမယ့်အစားကို အကျိုးရှိတာ ဘာလုပ်မလဲ ဆိုတဲ့အခါကျတော့ စဉ်းစားတဲ့ အခါမှာ ခုနကပြောတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းမှာအသုံးချနိုင်ရင် ကောင်းမယ် ဆိုတဲ့ အတွေးလေးဝင်လာတယ်။ ဒါကြောင့် ကျွန်တော် တချို့ဝန်ကြီးတွေနဲ့ တိုင်ပင် ကြည့်တယ်။ ဒါလေး လုပ်ချင်တယ်။ ငွေတွေ ထုတ်သုံးလိုက်မယ်။ သူတို့ ဒါဆိုရင်တော့ ဘယ်လိုခေါင်းစဉ်နဲ့သုံးရင် ဖြစ်နိုင်မယ်ဆိုပြီး သူတို့က ဒါလေးတွေ အကြံပြုကြတယ်။ အဲ့ဒါနဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဆိုပြီးတော့ ပေါ်လာတာဖြစ်ပါတယ်။ ပြည်နယ် နဲ့ တိုင်းတွေလည်း အကုန်ပေးပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဒီငွေတွေက နိုင်ငံ တော်က ပေးရတဲ့ ငွေ ဖြစ်တဲ့အတွက်ကြောင့် ဒါတွေက မပျောက်ပျက်သွားဖို့တော့ လိုတာ ပေါ့။ မပျောက်ပျက်သွားဖို့ဆိုရင် ဒီပိုက်ဆံ ပြန်ဝင်လာဖို့ရာ အစိုးရကို တိုက်ရိုက်ဝင်တာရှိ တယ်။ အစိုးရ တိုက်ရိုက်မဟုတ်ဘဲနဲ့ ဒီငွေကို အသုံးချပြီးတော့မှ ပြည်သူ့ရဲ့ဘဝ မြင့်မားရေးအတွက်လည်း ဖြစ်လာခဲ့တဲ့ဟာမျိုးကိုလည်း ဖြစ်စေဖို့လို တယ်။ ဒါကြောင့် ကျွန်တော် နည်းလမ်းနှစ်ခုစဉ်းစားပြီးတော့မှ တစ်အချက်ကတော့ စိုက်ပျိုးရေးနဲ့လုပ်တဲ့ နိုင်ငံတော်ကို ပြန်ပြီးတော့ အထောက်အကူရမယ့်လုပ်ငန်း ဘာနဲ့မီမလဲဆိုပြီးတော့၊ စပါးစိုက်ပျိုးရေးနဲ့ ပဲ စိုက်ပျိုးရေး နှစ်ခုသွားတွေ့တယ်။ အဲ့ဒီတုန်းက ကျွန်တော် သုံးခု စဉ်းစားခဲ့တာပေါ့။ ဝါ ပါ ပါတယ်။ စပါးရယ်၊ ပဲရယ်၊ ဝါရယ် စဉ်းစားခဲ့တာ။ဒါပေမယ့် ဝါက အချိန်မမီဘူး။ ဝါက အခု စိုက်နေကြပြီ။ မိုးကြို ဝါတွေ စိုက်နေကြပြီဆိုတော့ မမီနိုင်ဘူး။ မမီနိုင်တော့ မီတဲ့လုပ်ငန်း ဘာရှိမလဲဆိုတော့ ပဲနဲ့စပါးရှိတဲ့အတွက်ကြောင့် နွေစပါးနဲ့ပဲတီစိမ်း ပဲနှစ်မျိုးကို ဆောင်ရွက် ခြင်းဖြစ် ပါတယ်။ အဲ့ဒါလည်း ပြည်နယ်နဲ့တိုင်းတွေမှာလည်း အကုန်လုံး အထောက်အကူ ရပါတယ်။ အဲ့ဒါအတွက် အခုကျွန်တော် ကိန်းဂဏန်းတွေ တောင်းကြည့်တယ်။ ဘယ်လောက်ထိ ဖြစ်နိုင်မလဲဆိုပြီးတော့၊ ပြည်နယ်နဲ့ တိုင်းတွေ တင်ပြချက်မှာတော့ ပြည်နယ်နဲ့ တိုင်းအားလုံးနီးပါးလောက်၊ တိုင်းအားလုံးပေါ့၊ တိုင်းကြီးတွေ အားလုံး လောက် ဒါအကုန်လုံး အထောက်အကူရတာကို သွားတွေ့တယ်။ အနည်းနဲ့အများ တော့ ကွာပါလိမ့်မယ်၊ သို့သော် တိုင်းကြီးတွေ အားလုံးက အထောက်အကူရတယ်။ ဒါတွေလည်း  ဝန်ကြီးချုပ်များ အစီအစဉ်နဲ့ လုပ်ပါဆိုပြီးတော့ ပေးလိုက်ပါတယ်။ နောက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွေကိုလည်း ကျွန်တော်တို့ပေးလိုက်တယ်။ ဒါတွေ လည်း သူတို့ကလည်းဘာလုပ်မလဲဆိုတော့ မြစိမ်းရောင်လုပ်ငန်းနဲ့ လုပ်ဖို့ဖြစ် ပါတယ်။ မြစိမ်းရောင် ကတော့တကယ်ဗျာ။ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနနဲ့ သမဝါယမ ဝန်ကြီးဌာနက အကောင်အထည်ဖော်တာ တော်တော်ကို အောင်မြင်မှုရှိတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အားရစရာ တော်တော်ကောင်းပါတယ်။ ဒါတွေက တောင်သူ တွေရဲ့ တစ်ကယ့်ဘဝ မြှင့်တင်ရေးကို အများကြီး အထောက်အကူပေးတယ်။ ကျွန်တော်ကတော့ အောင်မြင်အောင် လုပ်ပေးလိုက်တာ။ အမှန်ကတော့ ဒါ Force တစ်ခု ထည့်ပေးလိုက်တာ။ အားဆေးပေါ့ဗျာ။ ဆေးစကားပြောရင်တော့ Booster ထိုးပေးလိုက်တာ။ ဒီလိုပဲ ခုနကပြောတဲ့ ပဲတီစိမ်းနဲ့ နွေစပါးစိုက်တဲ့ဟာကျတော့လည်း ကျွန်တော်တို့က ဒီအပေါ်မှာ ကျွန်တော်တို့က နိုင်ငံတော်က ငွေစိုက်ထုတ်ပေး လိုက်တာ၊ ဒီငွေစိုက်ပေးပြီး ဒီငွေကိုပဲ အကျိုးအမြတ်ရှိအောင်လုပ်ပြီးရင် ဒါကိုပြန်ဆပ်။ ပြီးရင်ရတဲ့ အမြတ်ပေါ်ကနေပြီးတော့ စိုက်ပျိုးရေး၊ ချေးထားတဲ့ စိုက်ပျိုးရေး ထောက်ပံ့ငွေ၊ ချေးငွေယူတဲ့သူကတော့ အဲ့ထဲကနေ ၂၅ ရာခိုင်နှုန်း ပြန်ဆပ်။ ၇၅ ရာခိုင်နှုန်း ယူထား၊ သူကတော့ အကျိုးအမြတ်စားပေါ့လေ။ ပြီးရင် နောက်တစ်သီး ကျလို့ရှိရင် သူက ၂၅ ရာခိုင်နှုန်းပြန်ဆပ်၊ ၇၅ ရာခိုင်နှုန်း သူစား၊ အဲ့ဒီတော့ ၄ သီးစားပြီးလို့ရှိရင် သူ့ရဲ့အကြွေးတွေ အကုန်ကြေသွားမယ်။ ဒီလို ကျွန်တော် မျှော်မှန်းပြီးလုပ်ပေးတာပါ။ ဒါကြောင့် ဒါကိုလည်း ပြည်ထောင်စုဝန်ကြီးဌာနများရော၊ ပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ်များရော ပြည်နယ်ဦးစီးအဖွဲ့များရော ဒါတွေကို မှန်မှန် ကန်ကန်နဲ့ အောင်မြင်မှုရှိအောင် လုပ်ပေးကြဖို့ ကျွန်တော်ပြောလိုပါတယ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြောကြားမှု Video File ကို ပြသမည်ဖြစ်ပါသည်။

ကုန်ပစ္စည်းများထုတ်လုပ်နိုင်ရန်အတွက် အသေးစားအလတ်စား စီးပွားရေး လုပ်ငန်း(SME)များကို အားပေးသွားမည်ဖြစ်သကဲ့သို့ ဆန်စက်၊ ဆီစက်နှင့် ပဲခွဲစက် လုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် ၎င်းလုပ်ငန်းများနှင့်ဆက်စပ်လျက်ရှိ သည့် တောင်သူများနှင့် အလုပ်အကိုင်ဆောင်ရွက်ကြသူများအနေဖြင့်လည်း လူမှုစီးပွား ဘဝတိုးတက်လာမည်ဖြစ်ကြောင်း၊ အလားတူ မြို့ပေါ်နေပြည်သူများ အလုပ်အကိုင် ရရှိရေးအတွက်လည်း ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက် ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနက ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံအတွက် အမှန်တကယ်အကျိုးရှိမည့် ရင်းနှီးမြှုပ်နှံမှုများကို အားပေးဆောင်ရွက်သွားရန်လို ကြောင်း မှာကြားသည်။

ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ကုသ၊ ထိန်းချုပ် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆက်လက်ပြောကြားရာတွင် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက် မှုနှင့်ပတ်သက်၍ ဩဂုတ် ၂၁ ရက်အထိ တစ်နိုင်ငံလုံးတွင် ရောဂါစစ်ဆေးမှုအနေဖြင့် ၈ သန်း ၆ သိန်းကျော်ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိမှုအနေဖြင့် ၆ သိန်း ၁ သောင်းကျော်ရှိခဲ့ကာ သေဆုံးမှု ၁ သောင်း ၉ ထောင်ကျော်ရှိခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာန၊ တပ်မတော်နှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ စုပေါင်း၍ ၃၂ သန်း ၉ သိန်းကျော်ကို ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပေးပြီးဖြစ်ကာ တစ်ကြိမ်ထိုးနှံ ပြီးစီးသူ ၃ သန်း ၆ သိန်း ကျော်ရှိကြောင်း၊ Booster ဆေးထိုးနှံပြီးစီးသူ ၅ သန်းခန့်ရှိ ကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသူများလည်း ရှိကြောင်း၊ လုံခြုံရေးအရ ထိုးနှံရန် အခက်အခဲရှိသူများကို လုံခြုံရေးဆောင်ရွက်ပေး၍ ထိုးနှံပေးနိုင်သည်ဖြစ်သော်လည်း အချို့မှာမူ ကာကွယ်ဆေးထိုးနှံရန် ကြောက်ရွံ့နေမှု များလည်း ရှိကြောင်း၊ ကာကွယ်ဆေးရရှိ အောင်ဆောင်ရွက်ပေးရန်မှာ အစိုးရ၏ တာဝန်ဖြစ်ပြီး လူ့အသက်ထက်အရေးကြီးသည်မှာ မရှိသည့်အတွက် ကာကွယ်ဆေး ထိုးနှံကြစေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် တပ်မတော်ဆေးတပ်ဖွဲ့မှ ပညာရှင်များ၏ တွက်ချက်မှုအရ ဩဂုတ်လအတွင်း ဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်မား လာနိုင်ချေရှိသည့်အတွက် ရောဂါကာကွယ် ထိန်းချုပ် ရေး လုပ်ငန်းများနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ လိုက်နာစေရေး အတွက် လည်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထုတ်လုပ်မှုနှင့် ပတ်သက် ၍ Myancopharm ကိုလည်း တိုင်းပြည်၏လိုအပ်ချက်များအလိုက် ဆက်လက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ အမျိုးသားရေး မျှော်မှန်း ချက်နှင့် နိုင်ငံရေးမျှော်မှန်းချက်များ ချမှတ်၍ ပန်းတိုင်အဖြစ်ဆောင်ရွက်လျက်ရှိကာ ပန်းတိုင် မပျောက်စေရေးအတွက် အစိုးရအဖွဲ့တွင် အဓိကတာဝန်ရှိပြီး နိုင်ငံရေးပါတီ များ၊ နိုင်ငံသူ၊ နိုင်ငံသားများကလည်း ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ Moving Forward ဟူသည့်အတိုင်း ရှေ့သို့ဆက်လက်လှမ်းချီသွားရမည်ဖြစ်ကာ တာဝန်ရှိသူများ အားလုံးက မိမိထမ်းဆောင်ရသည့် နေရာဌာနအလိုက် လုပ်ငန်းအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး လုပ်ငန်းအောင်မြင်မှုရှိစေအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု၊ စီမံခန့်ခွဲမှုများ အားလုံး စနစ်ကျရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ အစိုးရ၏ အလုပ်သည် တိုင်းပြည်တွင်း ရှိသည့် ပြည်သူပြည်သားများအားလုံး သက်တောင့် သက်သာဖြင့် သွားလာနေထိုင် လုပ်ကိုင်စားသောက်နိုင်အောင် ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ တိုင်းပြည် တိုးတက်မှုရှိရမည်ဖြစ်ပြီး မိမိတို့၏ ရည်မှန်းချက်အတိုင်း အောင်မြင်အောင် လျှောက် လှမ်းနိုင်ရေးအတွက် တာဝန်ရှိသူများအားလုံးအနေဖြင့် ကြပ်ကြပ်မတ်မတ်ဖြင့် ညှိနှိုင်း တိုင်ပင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များ က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ခရိုင်အသစ် များတိုးချဲ့ ဖွင့်လှစ်ရာတွင် အဓိကကျ၍ မဖြစ်မနေ ဖွင့်လှစ်သင့်သည့် ခရိုင်ရုံးများကို ဖွင့်လှစ်သွားရန်ဖြစ်ပြီး အဓိကအားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းတို့တွင် လူမှုစီးပွားမြှင့်တင်ရေးအတွက် မဖြစ်မနေလိုအပ်သည့် ရုံးများဖွင့်လှစ်နိုင်ရေး ဆောင်ရွက် ပေးသွားကြရမည်ဖြစ်ကြောင်း၊ 

အလားတူ တရားရုံးချုပ်မှ တင်ပြလာသည့် ခရိုင်တရားရုံး၊ မြို့နယ်တရားရုံးများ အသစ်တည်ဆောက်ရေး နှင့်ပတ်သက်၍ အဆောက်အဦအသစ် ဆောက်လုပ်ခြင်းနှင့် ရှိပြီးသည့်အဆောက်အဦကို ပြန်လည်အသုံးပြုခြင်းဟူ၍ နှစ်ပိုင်းရှိကြောင်း၊ အသစ်တည် ဆောက်ရေးနှင့်ပတ်သက်၍ မြေနေရာရှိပြီးဖြစ်ပါက ဘတ်ဂျက်တွင် ထိုက်သင့်သည့် ပမာဏကို အချိုးကျထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း၊ အခြားနည်း လမ်းမှာ ရှိပြီးသည့်အဆောက်အဦကို ပြင်ဆင်ဖွင့်လှစ် သွားရန်ဖြစ်ကြောင်း။

စိုက်ပျိုးရေးနှင့်ပတ်သက်၍ ထုတ်ကုန်မြှင့်တင်ရေးလိုအပ်လျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံ၏ ထုတ်ကုန်တင်ပို့မှုတွင် ပဲတင်ပို့မှုများကြောင်း၊  သို့သော် ပဲအထွက်နှုန်း နည်းပါး နေကြောင်း၊ ထို့အတူ စပါးအထွက်နှုန်းလည်း နည်းနေသေးကြောင်း၊ အာဆီယံတွင် မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့သည် အဓိက စပါးတင်ပို့သည့် နိုင်ငံများဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် FAO အစီရင်ခံစာအရ စပါးစိုက်ဧကတွင် ဟက်တာ ၆ ဒသမ ၆၅ သန်းရှိကြောင်း၊ ထိုင်းနိုင်ငံသည် ၁၀ ဒသမ ၄ သန်း စိုက်ပျိုးကြောင်း၊ ဗီယက် နမ်နိုင်ငံသည် ၇ ဒသမ ၂ သန်း စိုက်ပျိုးကြောင်း၊ အထွက်နှုန်းကို ကြည့်ပါက မြန်မာ နိုင်ငံသည် ၂၅ သန်း၊ ထိုင်းနိုင်ငံသည် သန်း ၃၀ နှင့် ဗီယက်နမ်နိုင်ငံသည် ၄၂ ဒသမ ၇၅ သန်းထွက်ရှိကြောင်း၊ ဗီယက်နိုင်ငံသည် တစ်နှစ်လျှင် စပါးကို သုံးသီး စိုက်ပျိုးသည့် နိုင်ငံဖြစ်သည်ဟု သိရကြောင်း၊ မိမိတို့နိုင်ငံတွင် နွေစပါးကို တစ်ဧက တင်း ၁၀၀ နှုန်းနှင့် မိုးစပါးကို တစ်ဧကတင်း ၈၀ နှုန်း ထွက်ရှိအောင် ပန်းတိုင်ရည် မှန်းချက်ပေးထားပြီး သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ‌တောင်သူလယ်သမား များ အနေဖြင့် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ စပါးအထွက်နှုန်းတိုးပြီး နိုင်ငံတကာ သို့ ပိုမိုတင်ပို့ရောင်းချနိုင်ပါက တိုင်းပြည်၏ ဝင်ငွေပိုမိုရှိနိုင်ပြီး တောင်သူလယ်သမား များလည်း များစွာအကျိုးရှိမည် ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်ဧက အထွက်နှုန်း တိုးတက်ရေးသည် အဓိကကျပြီး အရေးကြီးကြောင်း။

ထို့ပြင် ရသင့်ရထိုက်သည့် အခွန်အခများ ရရှိရန်နှင့် အခွန်ကောက်ခံသည့် နယ်ပယ်ကို ချဲ့ထွင် ရန်လိုကြောင်း၊ တရားမဝင်ကုန်သွယ်မှုများ မရှိအောင် ထိန်းချုပ်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် သေချာစွာ စိစစ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခွန်တိမ်းရှောင်မှုများမှ အခွန်ငွေများ ရရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ငွေကြေးတန်ဖိုး မြင့်တက်ရေးကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တစ်ဖက်မှ ရသင့်ရထိုက်သည့် အခွန်အခများ ရရှိအောင် လုပ်ဆောင်ပြီး တစ်ဖက်မှလည်း တိုင်းပြည်ဝင်ငွေ တိုးပွား အောင်လုပ်ဆောင်၍ တိုင်းပြည်စီးပွားရေးတည်ငြိမ်အောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် ယင်းအခြေအနေကို အောင်မြင်အောင်ဆောင်ရွက် နိုင်မည် ဆိုပါက မိမိတို့၏ လုပ်ဆောင်မှုသည် မှတ်ကျောက်တင်ခံရနိုင်မည်ဖြစ်ကြောင်း၊  ပြည်ထောင်စုအဆင့်နှင့် ဝန်ကြီးဌာနအလိုက် တာဝန်ရှိသူများအနေဖြင့် စိတ်သစ်လူ သစ်ဖြင့် အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။