မာရဝိဇယတည်ထားပူဇော် ကုသိုလ်တော်

ကမ္ဘာပေါ်တွင် ဗုဒ္ဓမြတ်စွာသာသနာ့အမွေကို မကွယ်မပျောက်အောင် ထိန်းသိမ်း စောင့်ရှောက်သည့်နိုင်ငံများစွာ ရှိသည့်အနက် မြန်မာနိုင်ငံသည်ထိပ်ဆုံးတွင်ရှိနေသည်။ ဗုဒ္ဓမြတ်စွာပွင့်တော်မူစဉ်ကတည်းက တည်ထားတော်မူသော ရွှေတိဂုံစေတီတော်ကြီးသည် နိုင်ငံတော်၏ မျက်နှာအဖြစ် ထင်ထင်ရှားရှား ဖူးမြော်နိုင်သည်။  ထို့အတူ ပျူခေတ်၊ ပုဂံခေတ်မှသည် ခေတ်အဆက်ဆက် တည်ထားတော်မူသော စေတီပုထိုးများကိုလည်း ယနေ့တိုင်အံ့သြဖွယ်ဖူးတွေ့နိုင်သည်။ သာသနာပြုမင်းအဆက်ဆက်တို့သည် နိုင်ငံတော်ကို စည်ပင်သာယာဝပြောအောင် စွမ်းဆောင်ကြိုးပမ်းသကဲ့သို့ ဘာသာသာသနာတော် ထွန်းကားပြန့်ပွားအောင်လည်း စွမ်းဆောင်ခဲ့ကြသည်။ ရှေးမင်းအဆက်ဆက်တို့၏ကောင်းမှုများကြောင့် မြန်မာနိုင်ငံအရပ်ရပ်တွင် ဘုရားပုထိုးစေတီများစွာကို ဖူးတွေ့နေရသည်မှာ ကြည်နူးဖွယ်ကောင်းလှသည်။

ပြည်ထောင်စုနယ်မြေ  နေပြည်တော်  ဒက္ခိဏသီရိမြို့နယ်  မာရဝိဇယဗုဒ္ဓဥယျာဉ်တော် အတွင်း၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ခုနစ်ရက်သားသမီး ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား တည်ထားကိုးကွယ်လျက် ရှိသည်။ မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ထွန်းလင်းတောက်ပ လျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအားအထောက်အကူဖြစ်စေရန် ရည်သန်လျက်တည်ဆောက်ပူဇော်လျက်ရှိသည်။ အဆိုပါ ဗုဒ္ဓဥယျာဉ်တော်အတွင်း မာရဝိဇယရုပ်ပွားတော်မြတ်ကြီးတည်ထားခြင်းနှင့်အတူ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျောက်စာတော် ဓမ္မစေတီတော်များ၊ သာသနာ့ဗိမာန်တော်၊ မုစလိန္ဒအိုင်အစရှိသည်ဖြင့် ထည့်သွင်း တည်ဆောက်လျက်ရှိသည်။

ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်ကြီးအဖြစ် ထုဆစ်ပူဇော်မည့်စကျင်ကျောက်တော်ကြီးကို Shwe Foundation  ၏ မေတ္တာရပ်ခံချက်အရ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ခုနစ်ရက်သားသမီး ဘုရားဒါယကာ၊ ဒါယိကာမတို့က သီတဂူဆရာတော်ဘုရားကြီး၊ ရွှေသုဝဏ်ဆရာတော် ဘုရားကြီးနှင့် ပါမောက္ခချုပ်ဆရာတော် ဘုရားကြီးတို့၏ သြဝါဒများနှင့်အညီ ခေတ်မီနည်းစနစ်များဖြင့် ထုဆစ်ပူဇော်နိုင်ရန် ဆောင်ရွက်ခဲ့သည်။  ၂၀၁၈ ခုနှစ်တွင်လေ့လာရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး စကျင်ကျောက်တော်ကြီးမှ ထွက်ရှိလာနိုင်သည့် အတိုင်းအတာ၊ ထုထည်နှင့် အပြစ်အနာအဆာရှိမှု အခြေအနေများကို သိရှိနိုင်ရန် ကျောက်တော်ကြီးအား တူးဖော် ၍ X-Ray ရိုက်စမ်းသပ်စစ်ဆေးခဲ့သည်။

ဆင်းတုတော်ကြီးအား နေပြည်တော်တွင် တည်ထားကိုးကွယ်နိုင်ရေး ပင့်ဆောင်ခဲ့ရာတွင် ထုထည် ပမာဏကြီးမားသောကြောင့် မူလဉာဏ်တော်အမြင့်ကို မထိခိုက်စေဘဲ အစိတ်အပိုင်းလေးပိုင်းခွဲ၍ လည်းကောင်း၊  ပလ္လင်တော်ကို အစိတ်အပိုင်းငါးပိုင်းခွဲ၍ လည်းကောင်း သယ်ယူခဲ့ရသည်။  စကျင်တောင်မှမြောင်မြစ်အထိ တူးမြောင်းဖောက်လုပ်ကာ Barge ရေယာဉ်ပေါ်သို့တင်ဆောင်ပြီး ယင်းမှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း မြင်းခြံမြို့နယ်ရှိ ဆီမီးခုံဆိပ်ကမ်းသို့ ပထမအဆင့်ပင့်ဆောင် ပူဇော်သည်။ ဆီမီးခုံဆိပ်ကမ်းတွင်အလေးချိန်လျှော့ချခြင်းများ လုပ်ဆောင်ခဲ့ပြီး ယင်းမှတစ်ဆင့် မန္တလေး-ရန်ကုန်အမြန်လမ်းအတိုင်း Modular Trailer များဖြင့် နေပြည်တော်သို့အခက်အခဲများကြားမှ ဆက်လက် ပင့်ဆောင်ပါသည်။

ထိုသို့စကျင်ကျောက်တုံးတော်ကြီးများ သယ်ယူခဲ့ခြင်းသည်  ရေလမ်းအရ ကမ္ဘာပေါ်တွင် အဝေးဆုံး သယ်ဆောင်ခြင်း၊ ကုန်းလမ်းအရ အဝေးဆုံးသယ်ဆောင်ခြင်းမှတ်တမ်းဝင်ခဲ့သည်။ ယခုဆင်းတုတော်ကြီး တည်ထား ကိုးကွယ်ပြီးစီးပါက မြန်မာတွင်သာမက ကမ္ဘာ့နိုင်ငံများတွင်ပါ စကျင်ကျောက်တော်ကြီးဖြင့် ထုဆစ်သည့် ဆင်းတုတော်ကြီးများအနက် အကြီးဆုံး၊ ဉာဏ်တော်အမြင့်မားဆုံး ဆင်းတုတော်ကြီး ဖြစ်လာပေမည်။ ဤသည်မှာ မြန်မာတို့အတွက် ဂုဏ်ယူဖွယ်ကောင်းလှသည့် သာသနာပြုလုပ်ငန်း ဖြစ်သည်။

ယခုအခါ ဗုဒ္ဓဥယျာဉ်တော်အတွင်း ကျောက်တုံးတော်ကြီးများကိုအဆင့်မြင့်နည်းပညာဖြစ်သည့် CNC Machine များဖြင့် ပုံဖော်ထုဆစ်လျက်ရှိသည်။ အကြမ်းထည်ထုဆစ်ပြီးစီးချိန်တွင် မြန်မာကျောက်ဆစ်ပညာရှင်များဖြင့် အချောထည်ထုဆစ်ခြင်း ဆောင်ရွက်မည်ဖြစ်သည်။ ဘုရားဖူးဧည့်သည်တော်များ အနေဖြင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာ ရှေ့မျက်နှာစာ၌ ပိဋကတ်ကျောက်စာတိုက်များအတွင်း ပိဋကတ်သုံးပုံပါဠိတော် အဋ္ဌကထာဋီကာကျမ်းစာများကိုပါ လေ့လာကြည်ညိုနိုင်သည်။

သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ ကျင်းပပြုလုပ်နိုင်သည့် သံဃာပေါင်း ၁၂၀၀ နှင့်လူပရိသတ်များစွာ ဝင်ဆံ့နိုင်မည့် သာသနာ့ဗိမာန်တော်ကြီးနှင့် မုစလိန္ဒအိုင်တို့ကို ထည့်သွင်း တည်ဆောက်လျက်ရှိသည်။  ယခုနှစ်ကုန်ပိုင်းတွင် အကြမ်းထည်ပြီးစီးမည်ဟုခန့်မှန်းထားပြီး ဗုဒ္ဓဥယျာဉ်တော် တည်ဆောက်ပြီးစီးချိန်တွင် ဂေါပကဆရာတော်ကြီးများ သီတင်းသုံးနေထိုင်နိုင်ရေး ကျောင်းဆောင်တော်များကိုလည်း ထည့်သွင်း တည်ဆောက်မည်ဖြစ်ပေရာ ဗုဒ္ဓဘာသာဝင်သူတော်စင်များ အနေဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းတွင် ပါဝင်လှူဒါန်းခြင်းဖြင့် ကုသိုလ်တော်ရယူကြရန် ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။  ။