လုပ်ကွက်ငယ် တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရေး အတွက် အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် (Contract Farming)

လုပ်ကွက်ငယ် တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရေး အတွက် အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် (Contract Farming)

မြန်မာနိုင်ငံတွင်  အကျိုးတူ လယ်ယာစနစ်ကို ယခင်ကတည်းက ဆောင်ရွက်ခဲ့သည်များ ရှိသလို လက်ရှိတွင်လည်း ဆောင်ရွက်နေဆဲဖြစ်ပါတယ်။

သို့ရာတွင် အစိုးရ-ပုဂ္ဂလိက- တောင်သူများအကြား အချင်းချင်း ထိန်းကျောင်း လိုက်နာရမည့် လုပ်ငန်းစဉ် (Standard Operating Procedure- SOP)များ စနစ်တကျ ချမှတ်ကျင့်သုံးမှု မရှိသဖြင့် အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် (Contract Farming-CF) မှာ ပြောပလောက်အောင် အားကောင်း လာသည်ကို မတွေ့ရပေ။ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့လည်း အားပေးမှု နည်းသေးတာ တွေ့ရပါတယ်။ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အချို့သော သမဝါယမအသင်းများက ၎င်းတို့ရဲ့အစီအစဉ်နဲ့ နှစ်စဉ်  CFစနစ်ကို ဆောင်ရွက်နေကြပြီး စပါးဧက တစ်သိန်းခန့်သာ ဆောင်ရွက်နိုင်ကြောင်း လေ့လာသိရှိရပါတယ်။

စိုက်ပျိုးရေးဦးစီးဌာနမှ CF  ဆောင်ရွက်မယ့် လုပ်ငန်းစဉ်၊ Procedure သာ ရေးဆွဲပေးထားပြီး Contractor  နဲ့ တောင်သူများ ဆောင်ရွက်တဲ့ Agreement သဘောတူညီချက် စာချုပ်ချုပ်ဆိုရာတွင် လည်းကောင်း၊ ငွေကြေးထောက်ပံ့မှု အနေဖြင့် လည်းကောင်း ယခင်ကာလမှာ များစွာဆောင်ရွက်ပေးနိုင်မှု မရှိသေးတာကို တွေ့ရပါတယ်။

အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် (Contract Farming-CF)ဆိုတာ မျိုးစေ့မှအစ နည်းပညာ အပါအဝင် သွင်းအားစုများ ပံ့ပိုးပေး၍  စိုက်ပျိုး ထုတ်လုပ်စေပြီး ဈေးကွက်ရောက်သည် အထိ ပုဂ္ဂလိကနဲ့ တောင်သူများ သဘောတူညီချက် ရယူအကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး အစိုးရမှ လိုအပ်သော သွင်းအားစုအတွက် သက်သာသောနှုန်းဖြင့် ချေးငွေထုတ်ချေးခြင်းဖြင့် အစိုးရ-ပုဂ္ဂလိက-တောင်သူ အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။

ယခုနိုင်ငံတော်အစိုးရက ထောက်ပံ့ပေးမယ့် Contract Farming (CF)ကတော့ နွေစပါးဧက၈ ဒသမ ၅ သိန်း၊ ပဲတီစိမ်း ဧက ငါးသိန်းဆောင်ရွက်ရန်ဖြစ်ပါတယ်။ အဓိကကတော့ တောင်သူများ လိုအပ်နေတဲ့ မျိုး၊ သွင်းအားစု၊ ဓာတ်မြေသြဇာအတွက် နိုင်ငံတော်မှ နွေစပါး တစ်ဧကလျှင် ကျပ် နှစ်သိန်းနှုန်းဖြင့် ၁၇၀  ဘီလီယံ၊ ပဲတီစိမ်း တစ်ဧကလျှင် ကျပ် ၁ ဒသမ ၂ သိန်းနှုန်းဖြင့် ၆၀ ဘီလီယံ စုစုပေါင်း ငွေကျပ် ၂၃၀ ဘီလီယံကို အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ထုတ်ချေး မတည်ပေးခြင်း ဖြစ်ပါတယ်။ ဘယ်တုန်းကမှ ယခုလိုသက်သာသော အတိုးနှုန်းဖြင့် ဆောင်ရွက်ပေးမှုမျိုး မရှိခဲ့ပါဘူး။

ယခုဆောင်ရွက်မယ့် Contract Farming (CF) Model  ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အဓိကတာဝန်ယူ ဆောင်ရွက်မှာဖြစ်ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက လိုအပ်သည်များကို ပံ့ပိုးကူညီသွားမှာဖြစ်ပါတယ်။

ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များက အနီးကပ် ကြီးကြပ်ပံ့ပိုးပေးရမှာဖြစ်ပါတယ်။  ဒေသအလိုက် ရေရရှိရေး၊ မြေအခြေအနေနှင့် ယခင်ဆောင်ရွက်နိုင်မှု အခြေအနေ အချက်အလက်များကို အခြေခံပြီး နွေစပါးနှင့် ဆောင်းပဲတီစိမ်း ဆောင်ရွက်နိုင်မယ့် ဒေသတွေမှာ တစ်ဆက်တစ်စပ်တည်း သို့မဟုတ် သင့်သလိုဆောင်ရွက်လိုသော တောင်သူများကို စည်းရုံးပြီး သမဝါယမအသင်းများဖွဲ့စည်းခြင်း၊   ဆောင်ရွက်လိုသည့် Contractor များကို ဖိတ်ခေါ်ခြင်း၊ ဆောင်ရွက်မည့် နည်းလမ်း၊ Design ပုံစံအတည်ပြု ရေးဆွဲခြင်း တို့ကိုဆောင်ရွက်ရမှာဖြစ်ပြီး  ဆောင်ရွက်မယ့် Contractor များမှ ၎င်းတို့ဆောင်ရွက်လိုတဲ့ ဒေသများနဲ့ ဆောင်ရွက်မယ့် ဧက၊ ဆောင်ရွက်မယ့်ပုံစံများကို ရေးဆွဲအဆိုပြု တင်ပြရမှာဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ဦးဆောင်ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အပါအဝင် ဌာနဆိုင်ရာများမှ စိစစ်ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

Contractor နဲ့တောင်သူများနဲ့လည်း သွင်းအားစု အတွက်မျိုးစေ့၊ ဓာတ်မြေသြဇာပေးအပ်မယ့် ပုံစံ၊ နည်းပညာပေးမယ့်ပုံစံ၊ စပါး/ပဲ ထွက်ရှိလာပါက ပြန်ရောင်းပေးရမယ့်ပုံစံ   စတာတွေကိုကြိုတင် ဆွေးနွေး သဘောတူညီချက်ရယူပြီး Contractor  များ၊ တောင်သူ၊ သက်ဆိုင်ရာဌာန (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန) သုံးဦးပါဝင် လက်မှတ်ရေးထိုးသင့်ပါတယ်။ ရန်ပုံငွေအနေနဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန(စီမံ/ဘဏ္ဍာ)မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေး ဦးစီးဌာနသို့  ပေးအပ်မှာဖြစ်ပြီး   စိုက်ပျိုးရေး ဦးစီးဌာနမှတစ်ဆင့် Contractor (Contract Farming )ဆောင်ရွက်မည့် အစုအဖွဲ့များ၊ ဆန်စက်/ဆီစက် လုပ်ငန်းရှင်များ)များနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်သင့်ပါတယ်။ အဲ့ဒီနောက်မှာ Contractor  များအနေနဲ့ Supplier (သွင်းအားစု အရောင်းဆိုင်များ)တစ်ဆင့်ခံ၍ဖြစ်စေ၊ တောင်သူအစုအဖွဲ့/သမဝါယမ ကုန်ထုတ်အသင်းများနှင့် တိုက်ရိုက်ဖြစ်စေ သဘောတူစာချုပ်ချုပ်ဆိုပြီး မျိုး၊ သွင်းအားစုနဲ့ ဓာတ်မြေသြဇာထောက်ပံ့ ပေးရမှာဖြစ်ကာ တောင်သူများမှ စပါး/ပဲကို စာချုပ်ပါ စည်းကမ်းသတ်မှတ်ဈေးနှုန်းနဲ့ Contractor  များကို ပြန်ရောင်းရမှာဖြစ်ပါတယ်။ ကြိတ်ခွဲထုတ်လုပ်ပြီး ပြည်တွင်းပြည်ပ ဈေးကွက်သို့ ရောင်းချရမှာဖြစ်ပြီး Contractor များမှ  စိုက်မွေးဆည်၊ စိုက်မွေးဆည်မှ စီမံ/ဘဏ္ဍာသို့ ပြန်ဆပ်ရမှာဖြစ်ပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက နည်းပညာနှင့် လိုအပ်သော စီမံခန့်ခွဲမှုများကို  Focal အနေဖြင့် တာဝန်ယူဆောင်ရွက်ရမှာဖြစ်ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက သွင်းအားစုများ ထောက်ပံ့နိုင်ရေး ကူညီပေးခြင်း၊ တောင်သူများအား သမဝါယမအသင်း အစုအဖွဲ့များ ဖွဲ့စည်းပေးခြင်း၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် သမဝါယမအသင်းများ စာချုပ်ချုပ်ဆို ဆောင်ရွက်ရာတွင် စာချုပ်ပါ ကိစ္စရပ်များအား ကူညီကြီးကြပ်ပေးခြင်း၊ သမဝါယမ ဦးစီးဌာနနှင့် တိုက်ရိုက်စာချုပ် ချုပ်ဆိုထားသော သမဝါယမအသင်း စပါး/ပဲ ရောင်းဝယ်ရာတွင် ကြီးကြပ် ပေါင်းစပ်ပေးခြင်း စသည်တို့ကို ကူညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

ဒီလိုလုပ်တော့ ဘယ်လိုအကျိုးကျေးဇူး တွေရမှာလဲဆိုရင်...

-တောင်သူများက သက်သာသော အတိုးနှုန်း    ၁ ရာခိုင်နှုန်းဖြင့် လိုအပ်သောမျိုးစေ့၊ သွင်းအားစု၊  မြေသြဇာရမှာဖြစ်ပြီး နည်းပညာကို Contracto များနှင့် စိုက်ပျိုးရေး ဦးစီး ဌာနမှ ရရှိမှာဖြစ်သလို ခိုင်မာတဲ့ ဈေးကွက်လည်း ရရှိမှာဖြစ်ပါတယ်၊

- Contractor များအနေဖြင့် CF ဆောင်ရွက်ရန်သွင်းအားစုအတွက် နိုင်ငံတော်မှ ထောက်ပံ့သော ငွေကို သီးနှံပေါ်ချိန် စပါး/ပဲဝယ်ရန် မတည်ငွေအဖြစ် ရရှိမှာဖြစ်ပါတယ်။ ၎င်းမတည်ငွေဖြင့်  စပါး/ ပဲ ကြိတ်ခွဲရောင်းချပြီး အကျိုးအမြတ်ပြန်လည်ရရှိမှာဖြစ်ပါတယ်၊

-နည်းပညာနဲ့ သွင်းအားစု အသုံးပြုနိုင်ခြင်းကြောင့်    သီးနှံအထွက်တိုးခြင်းမှ ဝင်ငွေတိုးပွား လာစေဖို့ အထောက်အကူပြုမှာဖြစ်ပါတယ်၊

- Contract Farming ဧက ပိုမိုဆောင်ရွက်နိုင်သဖြင့် နွေစပါးနဲ့ပဲတီစိမ်း အထွက်နှုန်းတိုးပြီး ဝင်ငွေ ပိုမိုရရှိနိုင်မှာဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ ဖြစ်လာနိုင်ခြေရှိတဲ့  Risk  တွေကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမှာဖြစ်ပါတယ်။ သဘာဝဂေဟ ရာသီဥတု ဖောက်ပြန်လို့ ဆုံးရှုံးနိုင်ခြေ၊ အကြောင်းအမျိုးမျိုးကြောင့် ပြန်မဆပ်တာတွေစတဲ့  Risk  တွေကို ကြိုတင်စဉ်းစား ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အစိုးရနဲ့ Contractor များအကြား ချေးငွေပြန်ဆပ်ရာတွင် သေချာမှုအတွက် လိုအပ်သော အာမခံများ ထားရှိရန် လိုအပ်ပါတယ်။

Contractor နဲ့ တောင်သူကြားမှာလည်း နှစ်ဖက်သဘောတူ၊ နှစ်ဖက်အကျိုးရှိမယ့် Win-Winဖြစ်မယ့် သဘောတူညီချက်တွေကို တိုင်ပင်ဆွေးနွေး ဖော်ထုတ်ဖို့လိုပါတယ်။

စပါး/ပဲပေါ်ချိန် ဖြစ်ပေါ်လာမယ့် ဈေးကွက်ကလည်း အရေးကြီးပါတယ်။ လိုအပ်ရင် Government to Government (G-G) ချိတ်ဆက်မှုနဲ့ ပြည်ပသို့ တင်ပို့ရောင်းချပေးရမယ့်(Export) ပမာဏကို ညှိနှိုင်း ရယူထားတာမျိုးတွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဈေးတက်ရင် ဘယ်လိုလုပ်မလဲ၊ ဈေးကျရင် ဘယ်လိုလုပ်မလဲ ဆိုတာတွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ နှစ်ဖက်အကျိုးရှိမယ့် Contract Farming စာချုပ်တွေ ချုပ်သင့်ပါတယ်။ စာချုပ်ပါအတိုင်း ဆောင်ရွက်အောင်တော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့်  မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်(MRF)တို့က ကြီးကြပ်ညှိနှိုင်း ဖြေရှင်းပေးရမှာဖြစ်ပါတယ်။ စပါး/ပဲပေါ်တဲ့အချိန်ဟာ မိုးဦးကျကာလနဲ့ ကြုံရမှာမို့ သီးနှံမပျက်စီးရေး အတွက် Warehouse? အခြောက်ခံစက်စတဲ့ ရိတ်သိမ်းချိန်လွန် ကာလ (Post  Harvest)) လိုအပ်ချက်တွေကိုလည်း ကြိုတင် စဉ်းစားပြင်ဆင်ထားသင့်ပါတယ်။ ရာသီဥတုကြောင့် ဆုံးရှုံးမှုအတွက် သီးနှံအာမခံ ထားမယ့်အစီအစဉ်ကို လည်း တောင်သူများ နားလည်အောင်ရှင်းပြရပါမယ်။

ဘာကြောင့် လိုအပ်တယ်၊ ဘယ်လိုလုပ်မယ်၊ ဘယ်လိုအကျိုး ရှိမယ်စသဖြင့် ပွင့်ပွင့်လင်းလင်း သဘောတူညီမှု ယူထားသင့်ပါတယ်။     

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် (MRF)) တို့မှလည်း  ပုဂ္ဂလိကကဏ္ဍမှ ဆောင်ရွက်မယ့် ဆန်စက်/ဆီစက်လုပ်ငန်းရှင်များ၊ ဆန်/ပဲ Exporter များကို စုစည်းပြီး ဒီအချိန်မှာ တတ်နိုင်သမျှ စုစည်းဆောင်ရွက်ကြဖို့ ပြင်ဆင်ရပါမယ်။ ဆောင်ရွက်စဉ်လည်း ကြီးကြပ်ပေးရပါမယ်။  တာဝန်ယူ၊ တာဝန်ခံနိုင်အောင်လည်း  ကြိုတင်ပြင်ဆင် စီမံရပါမယ်။ ယခု ဆောင်ရွက်မယ့် Modelကနေ  သင်ခန်းစာယူပြီး ပိုကောင်းတဲ့ လုပ်ငန်းပုံစံ Model ၊ Design တွေ ရေးဆွဲပြီး နောင်ကာလများမှာ အစိုးရ-ပုဂ္ဂလိက-တောင်သူ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေဖော်ထုတ် အစဉ်ဆောင်ရွက်နေရမှာဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ အောင်မြင်ဖို့ အတွက် မျိုးကောင်းမျိုးသန့် အပြည့်အဝ ရရှိရေးဟာလည်း လွန်စွာအရေးကြီးပါတယ်။ အထွက်နှုန်းကောင်းပြီး ဈေးကွက်ဝင်မျိုးဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့် မျိုးရရှိရေးဟာ  ပထမအရေးကြီးပါတယ်။

နွေစပါး၊ ဆောင်းပဲဖြစ်လို့ ရေရှိရေးဟာလည်း အလွန်အရေးကြီးပါတယ်။ ဆည်ရေရသောဧရိယာများ၊ အခြားနည်းဖြင့် ရေရရှိနိုင်သော ဒေသများ၊ ဖြစ်နိုင်ခြေရှိသော ဧရိယာများကို ရွေးချယ်ဆောင်ရွက်ဖို့လည်း အရေးကြီးပါတယ်။ သွင်းအားစုအတွက်တော့ နိုင်ငံတော်ချေးငွေက ရမှာဖြစ်လို့ ထိုက်သင့်သလောက် အဆင်ပြေနိုင်ပါတယ်။ သွင်းအားစုအမှန် သုံးစွဲရေးအတွက်တော့ Supplier များနဲ့ချိတ်ဆက်၍   တောင်သူစိတ်ကြိုက်ဖြစ်ပြီး အရည်အသွေး ပြည့်မီတဲ့  မြေသြဇာများ ရရှိရေး ဆောင်ရွက်ရမှာဖြစ်ပြီး   အမှန်သုံးစွဲရေးကိုလည်း  ဌာနဆိုင်ရာများနဲ့ Contractorများက  ကြီးကြပ်ပူးပေါင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။

Contractorများနဲ့ တောင်သူများကြား သဘောတူစာချုပ်ချုပ်ဆိုရာမှာ စာချုပ်ပါအချက်အလက် သဘောတူညီမှု၊ Contractor ဘက်က ဆောင်ရွက်ရမယ့်တာဝန်၊ တောင်သူဘက်က ဆောင်ရွက်ရမယ့် တာဝန်စသဖြင့် ရှင်းရှင်းလင်းလင်း တောင်သူများ သိဖို့လိုပါတယ်။

ဖြစ်နိုင်ခြေ Risk က သီးနှံပေါ်ချိန်မှာ ဈေးတက်ဈေးကောင်းလျှင် တောင်သူမှ  စာချုပ်ပါစည်းကမ်းအရ  သတ်မှတ်နှုန်းနဲ့ Contractor များကို ရောင်းရမှာ မရောင်းချင်ဘဲ၊ မရောင်းဘဲ ပြင်ပတခြားပွဲစားကို ရောင်းတာမျိုး ဖြစ်နိုင်ပါတယ်။ ဈေးနှုန်းကျပါကလည်း တောင်သူရော၊ ကုန်သည်ပါ ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် ဈေးကျချိန်မှာ သိုလှောင်ထားခြင်း၊ ဈေးကွက် ဖော်ဆောင်ခြင်းများ ဆောင်ရွက်ထားသင့်ပါတယ်။ အဲ့ဒီလိုပြဿနာဖြစ်လာရင် ဖြေရှင်းပေးဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနဲ့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့က ပါဝင်ကြီးကြပ် ပေးဖို့လိုအပ်ပါတယ်။  ဖြေရှင်းမယ့် လုပ်ငန်းစဉ်၊ နည်းလမ်းများ ကြိုတင်စီမံချမှတ် ထားရှိသင့်ပါတယ်။

တောင်သူတစ်ဦးချင်းနဲ့ ဆက်ဆံတာထက် တောင်သူအစုအဖွဲ့များ၊  သမဝါယမအသင်းများဖွဲ့ပြီး အမှုဆောင်ကော်မတီဝင် တောင်သူ ခေါင်းဆောင်များမှ တစ်ဆင့် ချိတ်ဆက်ခြင်းများ  ဆောင်ရွက်သင့်ပါတယ်။  ဒါ့ကြောင့် အကျိုးတူ ကန်ထရိုက် လယ်ယာစနစ်((CF)ဆောင်ရွက်လိုတဲ့ တောင်သူများကို အစုအဖွဲ့ သို့မဟုတ် တောင်သူသမဝါယမ အသင်းများ

စုဖွဲ့ခြင်း၊ စည်းရုံးပညာပေးခြင်းများ ပြုလုပ်ပေးရမယ့် အခန်းကဏ္ဍဟာ  အလွန်အရေးကြီးပါတယ်။ ဥပမာ-ဆည်ရေလွှတ်ချိန်လောက်မှာ တောင်သူတစ်ဦးချင်းကို မပြောနိုင်ပါက ကျေးရွာအလိုက် ကော်မတီတွေ၊ တာဝန်ရှိသူတွေကိုသာ အကြောင်းကြားနိုင်မှာဖြစ်ပါတယ်။

စက်မှုလယ်ယာများမှာ စုပေါင်းထွန်ယက်ခြင်း၊ တစ်ဆက်တစ်စပ်တည်း ထွန်ယက်ရန်စီမံခြင်း၊ ရိတ်သိမ်းချိန်မှာလည်း တစ်ဆက်တစ်စပ်တည်း ရိတ်သိမ်းရန် စီမံခြင်းဟာ ကုန်ကျစရိတ် သက်သာပြီး စီမံခန့်ခွဲမှု လွယ်ကူစေပါတယ်။ ဒီလိုစီမံဖို့ အစုအဖွဲ့၊  အသင်းအဖွဲ့စနစ်ပုံစံ ဆောင်ရွက်မှသာ အောင်မြင်မှာဖြစ်လို့ အောက်ခြေ အနိမ့်ဆုံး အဆင့် တောင်သူအစုအဖွဲ့၊ သမဝါယမအသင်းများ ဖွဲ့စည်းပညာပေး ဆောင်ရွက်ခြင်းဟာ အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် (င်္ဃ) အောင်မြင်ခြင်းအတွက် အဓိက အရေးကြီးကြောင်း သုံးသပ်ရပါတယ်။

စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေး အတွက် ဆောင်ရွက်ရာမှာ လုပ်ကွက်ငယ် တောင်သူများ  ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို သေချာစွာ သိရှိနားလည်ပြီး ဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ လုပ်ကွက်ငယ် တောင်သူအများစုအနေနဲ့က ငွေကြေးအရင်းအနှီး၊ ထုတ်လုပ်မှုနည်းပညာ၊ သတင်းအချက်အလက်လက် လှမ်းမီမှု အကန့်အသတ်၊ ထွက်ကုန်အရည်အသွေးပိုင်း ဆိုင်ရာလိုအပ်ချက်၊ ဈေးကွက်အခွင့်အလမ်းရရှိနိုင်မှု၊ ဈေးကွက် မတည်ငြိမ်မှုစတဲ့ စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ ContractFarmingဆောင်ရွက်တဲ့အခါ ငွေကြေးစီးဆင်းမှုက တောင်သူတွေဆီ တိုက်ရိုက်ရောက်ရှိတာမျိုး မဟုတ်ပေမယ့် လုပ်ငန်းရှင် (Contractor)တွေ၊ သွင်းအားစု အရောင်းဆိုင်

တွေနဲ့ သမဝါယမအသင်း အဖွဲ့တွေဆီ ငွေကြေးစီးဆင်းပြီး တောင်သူတွေက လိုအပ်တဲ့သွင်းအားစုတွေ ရရှိမှာဖြစ်တဲ့အတွက် လုပ်ကွက်ငယ်တောင်သူ အများစုရဲ့လိုအပ်ချက်ဖြစ်တဲ့  သွင်းအားစုများကို တိုက်ရိုက် ဖြေရှင်းပေးနိုင်ဖို့၊ တည်ငြိမ်တဲ့ဈေးကွက် ဖော်ဆောင်နိုင်ဖို့အတွက် အကျိုးတူ ကန်ထရိုက်လယ်ယာစနစ်လို့ ခေါ်တဲ့  ဒီ Contract Farming စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ ကြိုးစားသင့်ပါကြောင်း  တိုက်တွန်းအပ်ပါတယ်။

ယခုကဲ့သို့   နိုင်ငံ့စီးပွားမြင့်မားရေးနှင့် လုပ်ကွက်ငယ် တောင်သူများ၏ လူမှုစီးပွားဘ၀ မြင့်မားရေးအတွက် ပြည်ပဈေးကွက် အလားအလာရှိသော ဆန်စပါးအတွက် ငွေကျပ် ၁၇၀ ဘီလီယံနှင့်ပဲတီစိမ်းအတွက် ငွေကျပ် ၆၀ ဘီလီယံ  စုစုပေါင်း ၂၃၀ ဘီလီယံကျပ်ကို အတိုးနှုန်း  ၁  ရာခိုင်နှုန်းဖြင့် ContractFarming စနစ်မှာ သွင်းအားစု အတွက် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ပံ့ပိုးခြင်းမှာ ဘယ်တုံးကမှမရှိခဲ့ပါ။ “လသာတုန်း ဗိုင်းငင်”ဆိုသလို အခွင့်သာတုန်းမှာ အစိုးရ-ပုဂ္ဂလိက-တောင်သူလယ်သမား ပြည်သူများ စေတနာဖြင့် ကြိုးစား ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။  သတိဉာဏ်ပညာဖြင့် စီမံဆောင်ရွက်သင့်သည်များကို စနစ်တကျစီမံ ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း အကြံပြု တင်ပြလိုက်ရပါတယ်။   ။

ခန့်ဇော်(ကျေးလက်)