ပုလောမြို့နယ်၊ မြန်မာ့ပင်လယ်ပြင်၌ ရေနစ်မြုပ်နေသည့် လှေတစ်စင်းပေါ်မှလှေသားများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  အောက်တိုဘာ  ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မလိကျွန်း၏ အရှေ့တောင်ဘက် ရေမိုင် ၁၂ မိုင်ခန့်အကွာ၌ ကင်းမွန်မီးထွန်းလှေတစ်စင်း  နစ်မြုပ်နေကြောင်း သတင်းအရ အောက်တို ဘာ ၁၂ ရက် နံနက် ၇ နာရီ ၂၅ မိနစ်ခန့်တွင် သွားရောက်စစ်ဆေးရာ နစ်မြုပ်လှေပေါ်မှ လှေသား အမျိုးသားခုနစ်ဦးအနက်မှ ခြောက်ဦးအား  အောင်မြင့်မိုရ်- ၅၄ အမည်ရှိ  ကင်းမွန်မီးထွန်း လှေတစ်စင်းမှ ကယ်ဆယ်ထားသည်ကို တွေ့ရှိရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ လှေသားများအား စစ်ရေယာဉ်ပေါ်သို့  ရွှေ့ပြောင်းတင်ဆောင်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် စားသောက်ဖွယ်ရာများ ကူညီထောက်ပံ့ပေးအပ်ခဲ့ကာ မလိကျေးရွာရှိ တာဝန်ရှိသူများထံသို့  လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ နစ်မြုပ်လှေမှာ ပုလောမြို့နယ်၊ တိုရွာကျေးရွာနေ ဦးတင်ညီဦး ပိုင်ဆိုင်သော တိုးတက်ဦး- ၁ အမည်ရှိ ကင်းမွန်မီးထွန်းလှေဖြစ်ပြီး ၎င်းလှေမှ ပျောက်ဆုံးနေသော လှေသားတစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အောင်မြင့်မိုရ်- ၅၄ အမည်ရှိ ကင်းမွန် မီးထွန်းလှေနှင့်အတူ ကူညီရှာဖွေခြင်းများ  ဆက်လက် ဆောင်ရွက်ပေးလျက် ရှိကြောင်း  သတင်းရရှိသည်။