နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ဥက္ကဋ္ဌ၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) ဒုတိယဥက္ကဋ္ဌတို့ ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ ဆွေးနွေး
နေပြည်တော် ‘သြဂုတ် ၂၃
နိုင်ငံတော်၏ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)ဥက္ကဋ္ဌ၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ ခွန်သူရိန်၊ ဒုတိယဥက္ကဋ္ဌ ခွန်ထွန်းတင်၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU )ဥက္ကဋ္ဌ ကျာဆော်လမွန်၊ အထွေထွေ အတွင်းရေးမှူး ကျာယာကုတ်၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP) ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ခိုင်စိုးမြတို့ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ် ကြီးရာပြည့်နှင့် တက်ရောက်လာကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကိုယ်စား ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ ခွန်သူရိန်တို့က နှုတ်ခွန်းဆက် အမှာစကား ပြောကြားကြသည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ဇယား ၁ ပြည်ထောင်စု ဥပဒေပြုစာရင်းနှင့် ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြု စာရင်းတို့နှင့် ပတ်သက်၍ ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က ကဏ္ဍအလိုက်ရှင်းလင်းတင်ပြပြီး၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ (ဇယား ၂)အား ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်က ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသူများမှ မိမိတို့၏ သဘောထားများ၊ လိုလားချက် များကို အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့သည်။ ဒုတိယနေ့ဆွေးနွေးပွဲကို သြဂုတ် ၂၄ ရက်တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။