ပြင်သစ်လီဂူးဝမ်း ပြိုင်ပွဲ၏ အမြန်ဆုံး သွင်းဂိုးကို ပီအက်စ်ဂျီအသင်းနှင့် လိုင်လီအသင်းတို့ ပွဲစဉ်တွင် တိုက်စစ်မှူး အမ်ဘတ်ပီ သွင်းယူနိုင်
၁၉၉၂ ခုနှစ်နောက်ပိုင်း ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲ၏ အမြန်ဆုံး သွင်းဂိုးကို ပီအက်စ်ဂျီအသင်းနှင့် လိုင်လီအသင်းတို့ ပွဲစဉ်တွင် ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး အမ်ဘတ်ပီက သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်မတိုင်မီက ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမားများ ဖြစ်သည့် အမ်ဘတ်ပီ၊ နေမာနှင့် မက်ဆီတို့ကြား ဆက်ဆံရေး မပြေလည်မှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသော်လည်း ပွဲကစားချိန်တွင် နေမာ၊ မက်ဆီနှင့် အမ်ဘတ်ပီတို့ အနေဖြင့် နားလည်မှုရှိရှိ အကောင်းဆုံး တွဲဖက်ကစားနိုင်ခဲ့ပြီး ၎င်းတို့သုံးဦးစလုံး ဂိုးသွင်းယူနိုင်ခဲ့ကာ ၇ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါပွဲစဉ်တွင် ကွင်းလယ်ဒိုင်လူကြီးက ပွဲစခရာ မှုတ်သည်နှင့် မက်ဆီ၏ ကွင်းလယ်မှ အကွက်မြင်မြင် ဖန်တီးပေးမှုမှ တစ်ဆင့် အမ်ဘတ်ပီက ပွဲချိန် ၈ စက္ကန့်တွင် လိုင်လီအသင်း ဂိုးသမားကိုကျော်ပြီး ဂိုးသွင်းယူ နိုင်ခဲ့ခြင်းဖြစ်သည်။
အမ်ဘတ်ပီမတိုင်မီက ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲ သမိုင်းတစ်လျှောက် အမြန်ဆုံး သွင်းဂိုးအဖြစ် ၁၉၉၂ ခုနှစ်က ကီယန်အသင်းနှင့် ကိန်းအသင်းတို့ ကစားသည့်ပွဲစဉ်တွင် ကီယန်အသင်း တိုက်စစ်ကစားသမား မိုက်ကယ်ရီအိုက ပွဲချိန် ၈ စက္ကန့်တွင် သွင်းယူပြီး စံချိန်တင်ထားခြင်းကို ယခုအခါ အမ်ဘတ်ပီက လိုက်မီ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။