ရေငန်ပုစွန်မွေးမြူရေး လုပ်ငန်းများ တိုးချဲ့ လုပ်ဆောင်နိုင်ပါက ပြည်ပဝင်ငွေများ ပိုမိုရရှိလာမည်
တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြိတ်ကျွန်းစုဒေသတွင် ရေငန်ပုစွန် မွေးမြူရေး လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလာသည့် အတွက် ပုစွန်မွေးမြူရေး လုပ်ငန်းများ တိုးချဲ့ လုပ်ဆောင်လာနိုင်ပါက သဘာဝအတိုင်း ဖမ်းဆီးရေးကို တစ်စိတ်တစ်ပိုင်း လျှော့ချနိုင်သည့်အပြင် ပြည်ပဝင်ငွေများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း သိရသည်။
မြိတ်ကျွန်းစုဒေသတွင် ရေငန်ပုစွန် မွေးမြူခြင်း လုပ်ငန်းကို ၂၀၁၄ ခုနှစ်က စတင်လုပ်ကိုင်ခဲ့ရာ ယခုအခါပုစွန်မွေးမြူရေး လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းမှုများ ရရှိနေပြီဖြစ်သောကြောင့် ထွက်ရှိလာသည့် ရေငန်ပုစွန်များကို ပြည်ပပို့ကုန်တစ်ခု အနေဖြင့် တင်ပို့ရောင်းချလျက်ရှိသည်။
လက်ရှိတွင် ရေငန်ပုစွန် မွေးမြူခြင်းကို ကျွန်းစုမြို့နယ်အတွင်းရှိ ကတ္တလူးကျွန်း၊ မစမ်းပါးကျွန်း၊ ကျားကြီးအော်ကျွန်း၊ ကော့သောင်းမြို့ရှိ သူဌေးကျွန်းနှင့် မြိတ်မြို့နယ်တို့တွင် လုပ်ကိုင်လျက်ရှိသည်။
မြိတ်ကျွန်းစုဒေသအတွင်း ရေငန်ပုစွန်မွေးမြူခြင်း လုပ်ငန်းမှ ထွက်ရှိလာသည့် ရေငန်ပုစွန်များကို ပြည်ပပို့ကုန်တစ်ခု အနေဖြင့် ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ အဓိကတင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။