အသင်းခေါင်းဆောင် ဂိုးသမား ကျော်ဇင်ထက်နှင့် ကွင်းလယ်ကစားသမား ကြည်လင်းတို့ကို ရန်ကုန်ယူနိုက်တက် အသင်းစာချုပ် သက်တမ်းတိုးရန်စီစဉ်

ရန်ကုန်ယူနိုက်တက်   အသင်းခေါင်းဆောင်  ဂိုးသမား   ကျော်ဇင်ထက်နှင့် ကွင်းလယ်ကစားသမား ကြည်လင်းတို့ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်ထားကြောင်း   ရန်ကုန်ယူနိုက်တက်အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျော်ဇင်ထက်နှင့် ကြည်လင်းတို့သည် အောက်တိုဘာလကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်သည့်အတွက် သက်တမ်းတိုးရန်စီစဉ်ခြင်း ဖြစ်သည်။

“ဒီနှစ်ထဲမှာ စာချုပ်သက်တမ်းကုန်မယ့် ကစားသမားတွေရှိတယ်။ ဒီထဲက လက်ရှိမှာတော့ ကျော်ဇင်ထက်နဲ့ ကြည်လင်းကို စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေပါတယ်။ သူတို့နှစ်ဦးစလုံးကလည်း   စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိပါတယ်။ ဒါကြောင့် နှုတ်အားဖြင့် သဘောတူထားပြီး  အသေးစိတ် အချက်အလက်ကို ဆွေးနွေးနေပါတယ်။ ဒီလအတွင်း   စာချုပ်ချုပ်ဆိုမှာပါ”  ဟု ၎င်းကပြောသည်။

အသက်  ၃၃  နှစ်အရွယ်  ဂိုးသမား ကျော်ဇင်ထက်သည်   ၂၀၀၉   ခုနှစ်က ကမ္ဘောဇအသင်း  (လက်ရှိ  ရှမ်းယူနိုက်တက်အသင်း)နှင့် ပရော်ဖက်ရှင်နယ်ကစားသမား ဘဝစတင်ခဲ့ပြီး   ၂၀၁၅   ခုနှစ်က ဇွဲကပင်ယူနိုက်တက် အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။

ထို့နောက်  ၂၀၁၇  ခုနှစ်က  ရန်ကုန်ယူနိုက်တက်အသင်းသို့   ရောက်ရှိခဲ့ပြီး လေးနှစ်ကြာ ကစားပြီးနောက် အသင်းနှင့် စာချုပ်သက်တမ်းတိုးရန်  စီစဉ်ခြင်းဖြစ်သည်။

ကျော်ဇင်ထက်သည် ရန်ကုန်ယူနိုက်တက်အသင်းနှင့်အတူ  အမှတ်ပေးချန်ပီယံဆုတစ်ကြိမ်နှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံဆုနှစ်ကြိမ် ရရှိထားသည်။

အသက်  ၃၁  နှစ်အရွယ်  ကြည်လင်းသည် ရန်ကုန်ယူနိုက်တက်အသင်း စတင်တည်ထောင်သည့် ၂၀၀၉  ခုနှစ်မှစ၍ ၁၀ နှစ်ကျော် ပါဝင်ကစားခဲ့သူဖြစ်ပြီး ၂၀၁၉ ဘောလုံးရာသီဝက်တွင်   ဇွဲကပင်ယူနိုက်တက်အသင်းသို့   ပြောင်းရွှေ့ခဲ့သည်။ သို့သော်   ၂၀၂၀    ဘောလုံးရာသီတွင် ရန်ကုန်ယူနိုက်တက်အသင်းသို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ကြည်လင်းသည်  ရာသီအစပွဲစဉ်များတွင်  ပွဲထွက်ခွင့်ရရန်  ရုန်းကန်ခဲ့ရသော်လည်း ဒုတိယအကျော့၌ ပွဲစဉ်အများစုတွင် ကစားခွင့်ရရှိခဲ့ပြီး အသင်းအတွက် ခြောက်ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သည်။    

ကိုရဲ