မင်္ဂလာအတိတ် အောင်နိမိတ်

မင်္ဂလာအတိတ် အောင်နိမိတ်

ကံတရား၏ နိယာမ

မိမိတို့နိုင်ငံသား အများစုသည် ဗုဒ္ဓသာသနာတော်၏ အဆုံးအမများတွင်   မွေ့လျော်ပျော်ပိုက်ကြသူများ ဖြစ်သည့်အားလျော်စွာ ကံ တရားကို လေးလေးနက်နက်ယုံကြည်ကြသူများဖြစ်သည်။  ကံတရားနှင့် ပတ်သက်၍ အများနားလည်စေရန် တင်ပြရသည်ရှိသော် ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဟူသော အဆိုစကားရပ်မှာ ထင်သာမြင်သာ အရှိဆုံးဟု ထင်မိပါသည်။

မိမိတို့လူ့အဖွဲ့အစည်း အတွင်းမှ ဖြစ်ပျက်နေသည့် အဆိုးအကောင်း အကြောင်းအချက်များကို လေ့လာဆန်းစစ်မည် ဆိုလျှင်လည်း မိမိတို့ပြုမူအားထုတ်သည့် အကြောင်းအချက်များအပေါ်မူတည်လျက် အဆိုးနှင့်အကောင်း အကျိုးကျေးဇူးများ   ခံစားကြရသည်ကို အထင်အရှားတွေ့မြင်ကြရမည်ဖြစ်သည်။ ထို့ကြောင့်ပင် ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ ဆိုးတာလုပ်ရင် ဆိုးတာဖြစ်မယ် ဟု  သုံးသပ်ပြောဆိုသည့် စကားရပ်ကို အမြဲလိုလိုကြားနေကြရခြင်းပင် ဖြစ်သည်။

ကံတရား၏ စွမ်းအင်နိယာမ သဘောတရားကို ပညာသတိဖြင့် လေးနက်ကျယ်ပြန့်စွာ ဆင်ခြင်သုံးသပ်မည် ဆိုပါမူ မိမိအပါအဝင် ယနေ့လက်ရှိ လူသတ္တဝါအားလုံးတို့၏ အဆိုးအကောင်းတို့မှာ   အတိတ်နှင့်ပစ္စုပ္ပန်တွင်  မိမိတို့ ကိုယ်တိုင်ပြုမူခဲ့ကြသည့် အကျိုးအကြောင်းများပင် ဖြစ်ကြောင်း တွေ့ရသည်ဟု ဆိုပေသည်။

ဆင်ဖြူတော်တို့၏ ဘုန်းတန်ခိုးအစဉ်အလာ

စာရေးသူမှာ  ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည့် အားလျော်စွာ ဆင်ဖြူရတနာတို့၏ အတိတ်နိမိတ်တို့ကို အပြည့်အဝ ဆိုသည်ထက် ပိုမိုယုံကြည်သူဖြစ်သည်။ ဗုဒ္ဓဝင်လာဇာတ်ကြီးဆယ်ဘွဲ့မှ ဒသမမြောက်ဇာတ်တော်ဖြစ်သည့် ဝေဿန္တရာ ဇာတ်တော်လာအကြောင်း အချက်များကို  လေ့လာမှတ်သားထားရှိခဲ့ဖူးသည်။ ယင်းဇာတ်တော်မှ ဆင်ဖြူတော်၏ ဘုန်းတန်ခိုးစွမ်းရည်ကိုလည်း လေးနက်စွာယုံကြည်မိသည်။

သိဝိတိုင်း၊ စေတုတ္တရာပြည်မှ သိဉ္စည်းမင်းကြီး၏ သားတော်  ဝေဿန္တရာမင်းသားမှာ အလှူအတန်း ရက်ရောသူဖြစ်သည်။ အသက် ငါးနှစ်အရွယ်တွင် အဖိုးတစ်သိန်းထိုက်သော   လည်ရွဲတန်ဆာကိုပင် အထိန်းတော်များအား စွန့်ကြဲသူဖြစ်သည်။ တစ်ချိန်တွင် အိမ်နီးချင်းတိုင်းပြည်တစ်ခု ဖြစ်သည့် ကလိင်္ဂရာဇ်ပြည်တွင်    မိုးခေါင်ရေရှားငတ်မွတ်ခေါင်းပါးခြင်း ကပ်ဘေးဆိုးကြီးဆိုက်လေသည်။   ထိုတိုင်းပြည်ရှိ

အမတ်များက ကလိင်္ဂရာဇ်မင်းကြီးထံ ဝေဿန္တရာမင်းထံမှ ရတနာဆင်ဖြူတော်ကို အလှူခံရရှိပါက ကြုံတွေ့နေရသည့် ကပ်ဘေးဆိုးကြီးမှ လွတ်မြောက်နိုင်ကြောင်း လျှောက်တင်အကြံပြုကြသည်။

ကလိင်္ဂရာဇ်မင်းကြီးလည်း   အမတ်များ၏ အကြံအစည်အတိုင်း ဝေဿန္တရာမင်းထံမှ ဆင်ဖြူတော်ကို အလှူခံရန်  ပုဏ္ဏားရှစ်ယောက်အား   တာဝန်ပေး စေလွှတ်ခဲ့သည်။    အလှူအတန်းရက်ရောသည့် ဝေဿန္တရာမင်းကလည်း   ဆင်ဖြူတော်နှင့်တကွ ဆင်ဖြူတော်တွင်ဆင်ယင်ထားသည့် အဖိုးထိုက်ရတနာများကို သာမက   ဆင်ဖြူတော်ကို ထိန်းသိမ်းသည့် ဆင်ထိန်းနှင့်တကွ ဆင်အဖွဲ့သားအားလုံးကို ရေစက်ချလှူဒါန်းပေးခဲ့သည်။

ဆင်ဖြူတော်၏ အစွမ်းသတ္တိကြောင့် ကလိင်္ဂရာဇ်တိုင်းပြည်တွင် မိုးလေမှန်ကန်ပြီး ငတ်မွတ်ခေါင်းပါးခြင်း ကပ်ကြီးမှ လွတ်မြောက်သွားခဲ့ကြသည်။ မြန်မာရာဇဝင်၌လည်း ဆင်ဖြူတော်ပေါ်ထွန်းခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များစွာ ရှိခဲ့သည်။ ထဲထဲဝင်ဝင် လေ့လာကြမည်ဆိုပါက မြန်မာ့သမိုင်းစဉ်၌ ဆင်ဖြူတော်ပ ေါ်ထွန်းခဲ့ချိန်များတွင် ဆင်ဖြူတော် ပေါ်ထွန်းခြင်းနှင့်အတူ ဘုန်းတန်ခိုးထွန်းတောက်ခဲ့ကြသည့်    ရေမြေ့အရှင်များနှင့် နိုင်ငံတော်များ အကြောင်းကို စိတ်ဝင်စားဖွယ်တွေ့ရှိကြရမည်ဖြစ်သည်။

မင်္ဂလာအတိတ်

၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့နှင့် ၁၇ ရက်နေ့ထုတ် သတင်းစာများတွင်    ရတနာဆင်ဖြူတော် (အထီး)ကလေးပေါ်ထွန်းကြောင်းနှင့် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း သတင်း ဖတ်ရှုခဲ့ရသည်မှာ လွန်စွာပင်ဝမ်းသာပီတိဖြစ်မိခဲ့သည်။ ယင်းမှာ မိမိတို့နိုင်ငံတော်ကို လက်ရှိဦးစီး ဦးဆောင်ပြုနေသည့် နိုင်ငံတော် အကြီးအကဲနှင့် နိုင်ငံသူ နိုင်ငံသားတို့အတွက် တန်ဖိုးရှိလှသော မင်္ဂလာအတိတ်ကောင်း၊  နိမိတ်ကောင်းတစ်ခုပင် ဖြစ်သည်။

ကံတရား၏နိယာမနှင့် ရတနာဆင်ဖြူတော်

ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဟူသောအဆိုစကားရပ်နှင့်    ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်၊ ဆိုးတာလုပ်ရင် ဆိုးတာဖြစ်မယ် ဟူသည့် သုံးသပ်ပြောဆိုသည့် စကားရပ်တို့ကိုလည်း အထက်တွင်တင်ပြခဲ့ပြီးဖြစ်သည်။ မိမိတို့ နိုင်ငံသား အများစုသည် ကံကံ၏အကျိုးကို ယုံကြည်လျက် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တည်းဟူသော ဗြဟ္မစိုရ်တရားလေးပါးဝါဒနှင့် သူ့အသက်ကိုသတ်ခြင်း၊ သူတစ်ပါး ပစ္စည်းကို  ခိုးယူခြင်း၊ ကာမဂုဏ်အရာ၌ မှားယွင်းစွာပြုမူခြင်း၊ မဟုတ်မမှန်ပြောဆိုခြင်း၊ သေရည်သေရက်တို့ကို ယစ်မူးသောက်စားခြင်း တည်းဟူသော အကျင့်တို့မှ ရှောင်ကြဉ်မှုပြုသည့် ငါးပါးသောအကျင့်သီလတို့ကို ယုံကြည်ဆောက်တည်ကြသူများဖြစ်သည်။

ထို့ပြင် ယနေ့နိုင်ငံတော်အကြီးအကဲ၏ သာသနာတော်အပေါ်နှင့် နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားတို့အပေါ် ထားရှိပြုမူနေသည့်   စိတ်ရင်းစေတနာမှန် တစ်နည်းအားဖြင့် ကံ တရားကိုလည်း သတိထားအမှတ်ရနေမိသည်။ ယနေ့နိုင်ငံတော်အကြီးအကဲမှာ တပ်မတော်အကြီးအကဲအဖြစ် စတင်တာဝန်ယူလာရချိန်ကတည်းက သာသနာတော်အရေး၊ နိုင်ငံတော်နှင့် ပြည်သူ့အရေးကိစ္စရပ်များတွင်    စိတ်ဝင်တစားဖြင့် ထက်ထက်သန်သန် ဆောင်ရွက်လျက် ရှိသည်များမှာ မိမိတို့ပြည်သူများ   မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။  မြန်မာနိုင်ငံ အရှေ့ခြမ်းဒေသများတွင် သာသနာတော်ထွန်းကားရေး ဆောင်ရွက်ခဲ့သည်များအပြင် နိုင်ငံတော်အတွင်းမှ ရှေးဟောင်းစေတီပုထိုးများနှင့် သက်တမ်းမြင့်သာသနိက အဆောက်အအုံများကို ထိန်းသိမ်းသည့် အလှူဒါနများစွာ၊ ရေခြားမြေခြား တစ်ပါးသော တိုင်းပြည်များအထိပါ သွားရောက်ဆောင်ရွက်ခဲ့သည့် ကုသိုလ်များစွာကို တွေ့ရှိရမည်ဖြစ်ပါသည်။

နိုင်ငံတော်အကြီးအကဲ၏   သာသနာပြုအလှူတော်များ များစွာအနက်မှ တစ်စိတ်တစ်ဒေသဖြစ်သည့် နေပြည်တော် ကောင်စီနယ်မြေ၊   အေလာမြို့၊ ဂိုဏ်းထောက်ဘုန်းတော်ကြီးကျောင်းအနီးမှ မြစ်ရေ ကမ်းပါးအတွင်း မျောပါလုဆဲဆဲရှေးဟောင်းစေတီနှစ်ဆူကို မိုးထဲရေထဲတွင် နေ့ရောညပါ ထိန်းသိမ်း စောင့်ရှောက်ရသည့် အလှူတွင်လည်းကောင်း၊ ထားဝယ်မြို့၏ ကျက်သရေဆောင် ရွှေတောင်စား စေတီတော်ကြီး၏ အင်္ဂါထောင့်တွင် ကပ်လှူပူဇော်ထားသည့် မဟာဝိဇယ ခေမသီတလ နိဗ္ဗုတဃောသ မဟာခေါင်းလောင်းတော်ကြီးကို သွန်းလုပ်လှူဒါန်းခဲ့သည့် အလှူတော်တွင် လည်းကောင်း၊ လက်ရှိလှူဒါန်းနေဆဲ ဖြစ်သည့် မြန်မာတွင်မက ကမ္ဘာ့နိုင်ငံများတွင်ပါ စကျင်ကျောက်တော်ကြီးဖြင့် ထုဆစ်သည့် ဆင်းတုတော်ကြီးများအနက် အကြီးဆုံး၊ ဉာဏ်တော် အမြင့်မားဆုံး ဆင်းတုတော်ကြီး ဖြစ်လာမည့် မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်း လုပ်ငန်းစဉ်၌ လည်းကောင်း တစ်နည်းတစ်ဖုံ ကုသိုလ်ပါ ဝင်ခွင့်ရသော မိမိပင်လျှင် အတိုင်းမသိဝမ်းမြောက်ပီတိဖြစ်ခဲ့သဖြင့် ကောင်းမှုကုသိုလ်များစွာကို တက်ကြွထက်သန်စွာ ဆောင်ရွက်ခဲ့သူ နိုင်ငံတော် အကြီးအကဲအတွက် ထိုသို့သော ကံ ကံ၏ အကြောင်းတရား များကြောင့်ပင် ရတနာဆင်ဖြူတော်ကလေး  ပေါ်ထွန်းလာခဲ့ခြင်းဟုလည်း အလေးအနက်ယုံကြည်မိပါသည်။

မင်္ဂလာအတိတ် အောင်နိမိတ်မုဒိတာ

ဗုဒ္ဓဝင်ဇာတ်တော်လာဖြစ်စဉ်များကို ထောက်ထား၍ ဖြစ်စေ၊ မြန်မာသမိုင်းရာဇဝင်များရှိ ဖြစ်စဉ်ဖြစ်ရပ်များကို သုံးသပ်နှိုင်းယှဉ်၍ဖြစ်စေ ရတနာဆင်ဖြူများ ပေါ်ထွန်းလာခြင်းမှာ မိမိတို့နိုင်ငံတော်၊ မိမိတို့လူ့အဖွဲ့အစည်း အားလုံးအတွက် အေးချမ်းသာယာမည့်နိမိတ်၊ ဘုန်းတန်ခိုးကျက်သရေမင်္ဂလာတိုးပွားမည့် အတိတ်ကောင်း၊ နိမိတ်ကောင်းပင်ဖြစ်သည်။ ထို့ကြောင့်ပင် ရတနာဆင်ဖြူတော်ကလေး၏ တစ်လပြည့် မင်္ဂလာမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ကျန်းမာပျော်ရွှင်ပါစေကြောင်းနှင့် အမိမြန်မာနိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားအားလုံးလည်း ငြိမ်းချမ်းရေး ရည်မှန်းချက်များ၊ အနာဂတ်နိုင်ငံတော် တည်ဆောက်ရေး ရည်မှန်းချက်များ၊ ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ အောင်မြင်ပြည့်ဝပြီး ဘုန်းတန်ခိုးကျက်သရေမင်္ဂလာ ပြည့်ဝနိုင်ပါစေကြောင်း ဆုမွန်ခြွေအပ်ပါသည်။  ။

ယောနကလုလင်မောင်