အစာကြေလွယ်တဲ့အစာ လေပွစေတဲ့အစာ
ကမ္ဘာ့နိုင်ငံ အများအပြားရှိ တိုင်းရင်းဆေးပညာမှာ အစာအာဟာရဟာ ဆေးတစ်ပါးအဖြစ် ပါဝင်ပါတယ်။ အစာကြေလွယ်တဲ့အစာ၊ လေပွစေတဲ့အစာ၊ ဝမ်းချုပ်စေတဲ့အစာ၊ လေခံစေတဲ့အစာစသဖြင့် ခွဲခြားပြီး ညွှန်းပေးလေ့ရှိပါတယ်။ ဝမ်းဗိုက်ပြည့်အင်ပြီး တင်းကျပ်ကျပ်ဖြစ်ကာ လေပွတာ ခံစားနေရတာကြောင့် မအီမသာ ဖြစ်နေသလား။ ဆေးပညာရှင်တွေက လေပွတာ မဖြစ်အောင် ကာကွယ်နည်းကို လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်တယ်လို့အကြံပြုပါတယ်။ လူတိုင်းလေပွပြီး ဝမ်းဗိုက်တင်းကျပ်ကျပ် ဖြစ်တာကို တစ်ကြိမ်မဟုတ်တစ်ကြိမ် ခံစားရနိုင်ပါတယ်။ ဝမ်းချုပ်လို့ လေပွတာ၊ လေပွစာစားလို့ ဝမ်းချုပ်တာ သုံးသပ်ပေးကြပါတယ်။
ဝမ်းတစ်လုံးကောင်းရင်ခေါင်းမခဲဘူး ဆိုတာကြောင့် ဝမ်းမချုပ်သင့်ပါဘူး။ အမျှင်ဓာတ်အစားနည်းတာ၊ ရေသောက်နည်းတာနဲ့ လှုပ်ရှားမှုမရှိတာကြောင့် ဝမ်းချုပ်စေပြီး လေပွတာကို ဖြစ်စေတယ်လို့ မေရိုးဆေးသိပ္ပံ(Mayo Clinic)မှ သုတေသီမိုက်ကယ်ဂျင်ဆင်(Michael Jensen)က ဆိုတယ်။ ဝမ်းချုပ်တာကြောင့် လေပွတာမဖြစ်အောင် အမျှင်ဓာတ်ပေါလျှံတဲ့ကောက်နှံ အစားအစာ(ဂျုံ၊ ထမင်း)၊ သစ်သီး၊
ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုးနဲ့ အစေ့အဆန်တွေစားပေးသင့်ပါတယ်။အမျိုးသမီးတွေအတွက် တစ်နေ့အမျှင်ဓာတ် ၂၅ ဂရမ်နဲ့ အမျိုးသားအတွက် ၃၈ ဂရမ်စားသုံးသင့်တယ်။
ရေကိုတစ်နေ့(၆-၈)ခွက်(သို့)ရေသန့်(၂-၃)လီတာသောက်သင့်ပါတယ်။ နေ့စဉ်လေ့ကျင့်ခန်းနာရီဝက်မှတစ်နာရီကို အပြေး၊ လမ်းလျှောက်၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူးပြုလုပ် သင့်ပါတယ်။
ကာဗွန်ဖြည့်သွင်း အချိုရည်များ လျှော့သောက်သင့်ပါတယ်။ ကာဗွန်ဖြည့်သွင်းထားတဲ့ အချိုရည်သောက်တဲ့အခါ ဝမ်းဗိုက်ထဲမှာ လေတွေကျန်နေပြီး လေပွတာဖြစ်စေတယ်။ ကာဗွန်ဖြည့်သွင်းထားတဲ့ အချိုရည်ကို သောက်မယ့်အစား ရှောက်၊ သံပရာနဲ့ သခွားရနံ့ဖြည့်စွက်ထားတဲ့ ရေသောက်သင့်ပါတယ်။ ပင်စိမ်းခတ်ထားတဲ့ လက်ဖက်ရည်သောက်ပေးတာက လေပွတာ သက်သာစေပါတယ်။
လက်တို့(Lactose)နဲ့ဓာတ်မတည့်မှုမှ ရှောင်ကြဉ်သင့်ပါတယ်။
အစားအစာတွေနဲ့ ဓာတ်မတည့်တာကြောင့် လေပွတာကိုဖြစ်စေတယ်။
လူတစ်ယောက်နဲ့တစ်ယောက်လက်တို့(Lactose)ဓာတ်တည့်၊ မတည့်မတူညီနိုင်ဘူး။ မိသားစုဆရာဝန်နဲ့ မေးမြန်းတာထက် ကိုယ့်ဘာသာထင်မြင်ချက်နဲ့ နို့နဲ့နို့ထွက်ပစ္စည်းရှောင်ကြဉ်တာ မပြုသင့်ပါဘူး။ လက်တို့ (Lactose)ပါဝင်လို့ နို့နဲ့နို့ထွက်ပစ္စည်း မတည့်ဘူးဆိုရင် လက်တို့ပါဝင်မှုနည်းတဲ့ ဒိန်ချဉ်သောက်သင့်ပါတယ်။
အချိုဖြည့်စွက်ထားတဲ့ အစားအစာတွေ ရှောင်သင့်ပါတယ်။ သဘာဝမဟုတ်တဲ့အချိုဓာတ်ဖြည့်စွက်ထားတဲ့ အစားအသောက်တွေကို အလွန်အကျွံ စားသောက်တာကြောင့် လေပွတာ ဖြစ်စေတယ်။ တစ်နေ့ကို သဘာဝမဟုတ်တဲ့ အချိုဓာတ်ဖြည့်စွက်ထားတဲ့ အစားအသောက်တွေကို(၂-၃)ကြိမ်ထက်ပိုမစားပေးသင့်ဘူးလို့ ကျွမ်းကျင်သူက ဆိုတယ်။
အစာအမြန်စားခြင်းကိုရှောင်သင့်ပါတယ်။ အစာကိုသိပ်ကြေညက်အောင် မဝါးဘဲအမြန်မျိုချတာကြောင့် လေဝင်တာ၊ လေပွတာဖြစ်စေတယ်။အစာစားတဲ့အခါ တဖြည်းဖြည်းနဲ့ ကြေညက်အောင် ဝါးစားသင့်ပါတယ်။ ထမင်းစားချိန်က အနည်းဆုံးနာရီဝက်ပေးသင့်တယ်။ ဖြည်းဖြည်းနဲ့ အစာကြေညက်အောင် ဝါးစားတာက လေပွတာကိုကာကွယ်ပေးတဲ့အပြင် ဆာလောင်မှုကို တင်းတိမ်စေတာကြောင့် ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပြုပြန်တယ်။
ဆား(အငန်)လျှော့စားသင့်ပါတယ်။ အဆင်သင့်ပြုလုပ်ရောင်းချတဲ့ အစားအစာတွေမှာ ဆားလွန်ကဲစွာပါဝင်ပြီး အမျှင်ဓာတ်မပါဝင်သလောက် နည်းပါးတာကြောင့် လေပွတာကိုဖြစ်စေတယ်။ အဆင်သင့်ပြင်ဆင်ရောင်းချတဲ့ အသင့်အမြန်စားစနပ်(Snaps)တွေဖြစ်တဲ့ ဟမ်ဘာဂါ၊ ဆင်းဒဝှစ်၊ ပီဇာ၊ အာလူးချောင်းကြော်၊ လမ်းဘေး ထမင်းဟင်းတို့မှာ အချိုမှုန့်၊ ကြက်သားမှုန့် အငန်ဓာတ်ကဲပါတယ်။ ဆားစားသုံးမှုက တစ်နေ့ကို(၁၅၀၀-၂၃၀၀)မီလီဂရမ်ထက်မပိုသင့်ပါဘူး။ သွေးတိုးနိုင်ပါတယ်။
အစာနည်းနည်းနဲ့ မကြာခဏစားသင့်ပါတယ်။ တစ်နေ့ကိုမနက်စာ၊ နေ့လယ်စာ၊ ညစာဆိုပြီး အနပ်ကြီးသုံးနပ်ကို အဝစားမယ့်အစား နည်းနည်းနဲ့ အကြိမ်ရေများများ စားပေးသင့်ပါတယ်။ ဒီလိုစားလို့ သွေးတွင်းသကြားဓာတ် တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်ပြီး ဆာလောင်မှုကို ထိန်းချုပ်နိုင်စွမ်းလည်း ရှိပါတယ်။
ပဲအမျိုးမျိုးနဲ့ဟင်းသီးဟင်းရွက်အချို့နည်းနည်း မကြာခဏစားပေးသင့်ပါတယ်။ ကိုယ်က ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း၊ ပဲပင်ပေါက်၊ ဂေါ်ဖီထုပ်တွေ စားလေ့စားထမရှိဘဲစားရင် လေပွတာဖြစ်စေတယ်။ အဆိုပါ အစားအစာတွေက အာဟာရဓာတ်ကြွယ်ဝတာကြောင့် စားပြီးလေပွရင် အစာကြေ လေနိုင်ဆေး သောက်သင့်တယ်။
လေပွခြင်းမှ ကာကွယ်ပေးနိုင်တဲ့ အစာတွေစားသင့်ပါတယ်။ လေ့လာမှုအရ ပင်စိမ်းခတ်ထားတဲ့ လက်ဖက်ရည်၊ ချင်း(ဂျင်း)၊ နာနတ်သီး၊ တရုတ်နံနံပင်နဲ့ ဒိန်ချဉ်တွေ သောက်သုံးပေးတာက လေပွတာကို မဖြစ်အောင် ကာကွယ်တယ်။
တစ်ဖက်မှာ အစာကြေလွယ်တဲ့ အစားအစာတွေ စားပေးသင့်ပါတယ်။ အစာအိမ်ရောဂါ ရှိသူတွေ၊ အစာခြေစနစ် ပြဿနာရှိသူတွေ၊ အချို့အစားအစာတွေကြောင့် လေပွတာ၊ လေချဉ်တက်တာ၊ ဝမ်းဗိုက်အောင့်တာမျိုး ဝေဒနာတွေ ခံစားရတတ်ပါတယ်။ အစာအိမ်ရောဂါရှိသူတွေ စားသင့်တဲ့ အစာတွေ ဖြစ်သင့်ပါတယ်။
ချက်ပြုတ်ထားတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့စည်သွတ်ဘူးများဟာ အစာကြေလွယ်တဲ့ အစာပဲဖြစ်တယ်။ အမျှင်ဓာတ်နည်းပါးတယ်။ အစာခြေစနစ်သက်သာစေတယ်။ သစ်သီးဝလံတွေမှာ အမျှင်ဓာတ်များစွာ ပါဝင်ပေမယ့် ချက်ပြုတ်လိုက်ရင်(သို့)စည်သွတ်ဘူးပြုလုပ်လိုက်ရင် အမျှင်တွေပြိုကွဲသွားတယ်။ အခွံနွှာပြီး အစေ့ထုတ်လိုက်ရင်လည်း အမျှင်ပါဝင်မှုလျော့ကျသွားပါတယ်။ ဟင်းသီးဟင်းရွက်မှာ အမျှင်ဓာတ်ပါဝင်ပေမယ့် ချက်ပြုတ်လိုက်တဲ့အခါ အမျှင်ဓာတ်အချို့ပြိုကွဲသွားပါတယ်။
ဆန်အဖြူစားသင့်တယ်။ ဆန်ဟာ ကာဗိုဟိုက်ဒရိတ်ဖြစ်ကာ သူ့ဆီက ကာဗိုဟိုက်ဒရိတ်၊ သံဓာတ်နဲ့စွမ်းအင် ရရှိတယ်။ အမျှင်ပါဝင်မှုများတဲ့ ဆန်လုံးညို၊ ကောက်ညှင်းငချိပ်၊ ဆန်အနီတွေမစားသင့်ပါဘူး။ အမျှင်များလို့ အစာမကြေတတ်ဘူး။
ကြက်ဥစားသုံးသင့်ပါတယ်။ ကြက်ဥကဝယ်ယူရလွယ်ကူပြီး နည်းလမ်းမျိုးစုံချက်ပြုတ်နိုင်တဲ့ အစားအစာ ဖြစ်တယ်။ အစာအိမ်ပြဿနာရှိသူတွေ အနေနဲ့ ကြက်ဥကိုပြုတ်စားတာ၊ မွှေကြော်စားတာမျိုး ပြုလုပ်သင့်တယ်။
ချက်ပြုတ်ရာမှာ ဆီအနည်းငယ်ထည့်သင့်တယ်။ ကြက်ဥအကာက အနှစ်ထက်အဆီပါဝင်မှုနည်းပါးလို့ ပိုပြီးအစာကြေလွယ်ပေမယ့် အနှစ်ကလည်း အစာအိမ်ကိုပြဿနာများမပေးနိုင်ပါဘူး။ ကြက်ဥပြုတ်စား တာကြောင့် ပရိုတင်း၊ ကယ်စီယမ်၊ အခြားအာဟာရတွေရရှိနိုင်ပါတယ်။
ကြက်သားစားသင့်ပါတယ်။ ကြက်သားမှာအမျှင်ဓာတ်မပါဝင်ပေမယ့် သတ္တုဓာတ်၊ ဗီတာမင်ဘီ၊ ပရိုတင်းနဲ့ပိုတက်စီယမ်တွေပေါကြွယ်ဝစွာ ပါဝင်ပါတယ်။ အိုမီဂါ(၃)က ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပြီး အစားအစာ(သို့)ဖြည့်စွက်ဆေးဝါးမှာသာရရှိနိုင်ပါတယ်။ ကြက်သားလိုပဲ ဆယ်လ်မွန်ငါး၊ တူနာငါး အဆီမထည့်ဘဲ ကင်စားရမှာ ဖြစ်ပါတယ်။
သေသေချာချာကျက်သွားမှသာ စားသင့်တယ်။ အစိမ်းအတိုင်းစားတာ အရသာရှိပေမယ့် အစာကြေဖို့ ခက်ခဲနိုင်ပါတယ်။
ကျောက်ကျော၊ ဂျယ်လီတို့အချိုတည်းနိုင်ပါတယ်။ ကျောက်ကျော၊ ဂျယ်လီမှာ အမျှင်(သို့)အဆီမပါဝင်တဲ့အပြင် ခန္ဓာကိုယ်ကိုလည်းရေဓာတ် ဖြည့်ပေးနိုင်ပါတယ်။ သူ့ဆီက ပရိုတင်းနဲ့စွမ်းအင်လည်း ရရှိနိုင်တယ်။
အစပ်၊ အပူစာတွေရှောင်ရှားသင့်ပါတယ်။ ရေဓာတ်ပြည့်ဝစွာရရှိအောင်ရေ(၂-၃)လီတာသောက်သင့်ပါတယ်။ စွပ်ပြုတ်နဲ့ လက်ဖက်ရည်ကြမ်းသောက်သင့်ပါတယ်။ ကော်ဖီ၊ ဆိုဒါပါတဲ့ ဖျော်ရည်နဲ့အချိုရည်တွေ မသောက်သင့်ပါဘူး။ အနီရောင်အသားနဲ့ဆီကြော်စာလိုမျိုး အဆီပါဝင်မှု များလွန်းတဲ့ အစာတွေရှောင်သင့်တယ်။ အစာကြေလွယ်တဲ့ အစာတွေက လေမပွစေဘဲ အာဟာရဓာတ်ပိုမိုရရှိကာ စိတ်ကိုလန်းဆန်း တက်ကြွစေနိုင်ပါတယ်။ ။
ဒေါက်တာလွင်သန့်