ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်
နေပြည်တော် ဩဂုတ် ၂၄
ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များအဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ သရက်တောကျောင်းတိုက်သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ သဲအင်းဂူ ကျောင်းတိုက်သို့လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ အော်သာယာတောရ ကျောင်းတိုက်သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မဟာဝိဇိတာရုံ ကျောင်းတိုက်သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ဝါးရုံတောသာသနပါလ ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်ရှိ ဝေဠုဝန်ကျောင်းတိုက် သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီး ဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာနေပြည်တော်ကောင်စီနယ်မြေ နှင့် တိုင်းဒေသကြီး/ပြည်နယ် တို့ရှိတာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသတင်းရရှိပါသည်။