ကျွန်တော်တို့ကမ္ဘာကြီး ပူလောင်နေရပြီလား

ကျွန်တော်တို့ကမ္ဘာကြီး ပူလောင်နေရပြီလား

    လူသားတွေ အားလုံးသာမက သက်ရှိသတ္တဝါတွေ အားလုံးပါ မှီခိုနေထိုင်ကြရတဲ့ တစ်ခုတည်းသော နေရာကတော့ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးပါပဲ။

အခုဆိုရင် ကျွန်တော်တို့ရဲ့ကမ္ဘာကြီးဟာ အင်မတန်မှကို  ပူလောင်နေရပြီလားလို့ မေးခွန်း ထုတ်ရမလောက်အထိကို ဖြစ်လာပါပြီ။

ကျွန်တော်တို့ရဲ့စကြဝဠာ အဖွဲ့အစည်းမှာ တစ်ခုတည်းသော အလင်းရောင်ကို နေကရရှိတာဖြစ်ပါတယ်။  နေကထွက်ပေါ်လာတဲ့ ရောင်ခြည်တန်းက  အင်မတန်မှ အန္တရာယ် များလှပါတယ်။

ဒီလိုအန္တရာယ်များလှတဲ့ ရောင်ခြည်တန်းက မိမိတို့သက်ရှိတွေအပေါ် တိုက်ရိုက် မကျရောက်စေဖို့ အကာအကွယ် ပေးထားတာက ကမ္ဘာကြီးရဲ့အိုဇုန်းလွှာပါ။

အခုတော့အိုဇုန်းလွှာလည်း လူသားတွေရဲ့ မဆင်ခြင်မှုကြောင့်  တဖြည်းဖြည်း ပါးလာပါပြီ။ ကျွန်တော်တို့ရဲ့ကမ္ဘာကြီး လည်း  တဖြည်းဖြည်းနဲ့ အပူလောင်လာပါပြီ။

ကမ္ဘာကြီးအပူလောင်မှုကြောင့် မျက်မြင်ဒိဋ္ဌကြုံတွေ့လာရတာကတော့ အင်မတန်မှ ဆိုးဝါးလွန်းတဲ့   ရာသီဥတုဖြစ်စဉ်တွေ ကမ္ဘာ့နေရာ အနှံ့အပြားမှာ ဖြစ်ပွားလာတာပါပဲ။

အဲဒီရာသီဥတုဖြစ်စဉ်တွေကြောင့် အပူလှိုင်းဖြတ်တာတွေ၊ ရုတ်တရက်ရေကြီးတာတွေ၊ မိုးခေါင်ရေရှားတာတွေ၊ တောမီးလောင်တာတွေ၊ မုန်တိုင်း တိုက်တာတွေသည်လည်း ကမ္ဘာတစ်ဝန်းမှာ   ဖြစ်ပေါ်လာပါတော့တယ်။

ပြီးခဲ့တဲ့သီတင်းပတ် တစ်ပတ်တည်း အတွင်းမှာကိုပဲ  ဖြစ်ပျက်သွားတာတွေကို ပြန်ကြည့်ရင် ဥရောပတိုက် တစ်ဝန်းမှာ ပျက်စီးဆုံးရှုံးမှု များပြားတဲ့ တောမီးလောင်မှုတွေ ဖြစ်ပွားတယ်။

တရုတ်နိုင်ငံမှာ မကြုံစဖူးထူးခြားလောက်အောင် အပူချိန်မြင့်တက်တယ်။ အဲဒီဖြစ်စဉ်က တရုတ်နိုင်ငံအတွက် နှစ်ပေါင်း ၆၀ အတွင်း အဆိုးဆုံးသော အပူလှိုင်းဖြစ်ပေါ်မှုဖြစ်တဲ့ အထိကို စံချိန်တင်ရပါတယ်။

တောင်အာရှဒေသ တစ်ဝန်းမှာရှိတဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာဆိုရင်လည်း ရေကြီးမှုဖြစ်လိုက်တာ ပြည်သူထောင်ပေါင်းများစွာ သေဆုံးရတဲ့ အထိသာမက ၁၀ စုနှစ်ပေါင်းများစွာအတွင်း အဆိုးဆုံးအဖြစ် စံချိန်တင်ရတဲ့အထိကို ဖြစ်လာတာ တွေ့ရပါတယ်။

ဒေသတစ်ခုချင်းစီအလိုက် ပြောရမယ်ဆိုရင်တော့ အိန္ဒိယနိုင်ငံဟာ ရက်ပေါင်း ၂၀၀ကြာ အပူလှိုင်းဖြစ်ပေါ်မှုကို ရင်ဆိုင်ကြုံတွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ အပူလှိုင်းဖြစ်ပေါ်မှုကို ၃၆ ရက်သာကြုံရတဲ့အတွက် အခုလိုကြုံတွေ့မှုဟာ အင်မတန် ကြီးမားတယ်လို့ ဆိုရမှာပါ။

နိုင်ငံတစ်ဝန်းမှာရှိတဲ့ ပြည်နယ်အများအပြားမှာတော့ ရေကြီးမှုတွေ ဖြစ်နေပေမယ့်လည်း  တချို့ပြည်နယ်တွေက  မိုးခေါင်ရေရှားမှုဒုက္ခကို    ခါးစည်း ခံစားနေရပြန်ပါတယ်။

ရေကြီးမှုအနေနဲ့ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့လက အာသံနဲ့ မီဂါလာယာပြည်နယ်တို့မှာ ရေကြီးမှုက နှစ်ပေါင်း ၁၂၂ နှစ်အတွင်း အဆိုးဝါးဆုံး ဖြစ်တယ်လို့ကို ဆိုနိုင်ပါတယ်။

တောင်အာရှဒေသ တစ်ခုဖြစ်တဲ့ ပါကစ္စတန်နိုင်ငံမှာ မုတ်သုံရာသီ အတွင်း ပုံမှန်မိုးရွာသွန်းမှု ပမာဏထက် ၆၀ ရာခိုင်နှုန်းကျော်ပိုတဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ကြုံဆုံနေရပါတယ်။

ဒီလိုမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးမှုနဲ့ မြေပြိုမှုတွေဖြစ်ပွားရာကနေ လူတစ်သန်းကျော်ဟာ သဘာဝဘေး ဒုက္ခရောက်နေပြီး လူ ၈၀၀ ကျော် သေဆုံးထားတာကိုလည်း စိတ်မကောင်းဖွယ်ရာ မြင်တွေ့ရပါတယ်။

အလားတူပဲ အာဖဂန်နစ္စတန်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ဆိုးဝါးလှတဲ့ ရေကြီးမှုတွေကို ရင်ဆိုင်နေရတာကြောင့် ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ ခိုကိုးရာမဲ့ နေပြန်ပါတယ်။

တရုတ်နိုင်ငံကတော့ ရုတ်တရက်ရေကြီးမှု၊ မိုးခေါင်ရေရှားမှုနဲ့ နှစ်ပေါင်း ၆၀ အတွင်း အဆိုးဆုံးသော အပူလှိုင်းဖြစ်ပေါ်မှုဆိုတဲ့ ဘေးဒုက္ခ သုံးမျိုးစလုံးကို တစ်ချိန်တည်း တစ်ပြိုင်တည်း ခံစားနေရတာပါ။ အပူချိန် မြင့်တက်လိုက်တာမှ  ပြည်နယ် ရှစ်ခုမှာ နေ့အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်ကို ရောက်ရှိတဲ့အထိပါပဲ။

အပူလှိုင်းဖြစ်ပေါ်မှုကြောင့်  မိုးခေါင်ရေရှားမှုကို ကြုံတွေ့ရတဲ့  အထင်ရှားဆုံးဥပမာက  တရုတ်နိုင်ငံရဲ့ ထင်ရှားလှတဲ့ ယန်ဇီမြစ်ရဲ့တချို့နေရာတွေမှာ မြစ်ရေခန်းမှု ဖြစ်ပွားခြင်းပဲဖြစ်ပါတယ်။ ဒီလိုမြစ်ရေခန်းမှုကြောင့် ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်တွေပေါ်ထွက် လာရတာကိုလည်း မြင်တွေ့ရပါယ်။

အခုတော့ တရုတ်နိုင်ငံက အပူလှိုင်းဖြစ်ပေါ်မှုအတွက်  ဖြေရှင်းမှု တစ်ခုအနေနဲ့ နည်းပညာနဲ့ တိမ်ပျိုးပြီး  မိုးရွာသွန်းစေတဲ့ နည်းလမ်းကို  ဆောင်ရွက်ဖို့ လုပ်နေပါတယ်။

အလယ်အာရှဒေသမှာရှိတဲ့ ကာဂျစ်စတန်နဲ့ တာ့မင်နစ္စတန်နိုင်ငံ တို့သည်လည်း အပူချိန်မြင့်တက်မှုဒဏ်ကို ရှောင်လွှဲခြင်းငှာ မစွမ်းသာပါဘူး။ အကျိုးဆက်ကတော့  နိုင်ငံတစ်ဝန်းမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေနဲ့ ရင်ဆိုင်လိုက်ရတာပါပဲ။

အမေရိကန်နိုင်ငံမှာတော့ တစ်ချိန်က အပူချိန်အလွန်မြင့်တက် လွန်းတာကြောင့် သေမင်းတမန် တောင်ကြားလို့ နာမည်ကြီးတဲ့နေရာက စံချိန်တင်လောက်တဲ့ ရေကြီးမှုကိုကြုံတွေ့ထားရပါတယ်။

အဲဒီဒေသမှာ အလွန်ဆိုးဝါးတဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပွားပြီး ကားလမ်းတွေနဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးကာ မော်တော်ကားတွေဆိုရင်လည်း ရေစီးနဲ့အတူ မျောပါသွားပါတယ်။

တစ်ချိန်တည်းမှာပဲ ကယ်လီဖိုးနီးယားနဲ့ အော်ရီဂွန်ပြည်နယ်တို့မှာ တောမီးလောင်မှုတွေ ပြန်ဖြစ်နေပြန်ပါတယ်။ ကယ်လီဖိုးနီးယား တောမီးကတော့  ကမ္ဘာမှာ တကယ့်ကို နာမည်ကြီးပါပဲ။  နှစ်စဉ်နှစ်တိုင်းဖြစ်နေကျပါ။

ဒီနှစ်မှာတော့ ကယ်လီဖိုးနီးယား တောမီးကြောင့် သစ်တောမြေဟက်တာ ၁၄၀၀၀ မီးလောင်ပျက်စီး ဆုံးရှုံးပြီး ဒေသခံပြည်သူ ၆၀၀၀ ကျော် နေရာရွှေ့ပြောင်း နေထိုင်နေရပါတယ်။

ဥရောပဘက်ခြမ်းကို ကြည့်မယ်ဆိုရင်လည်း ဗြိတိန်နိုင်ငံဟာ သမိုင်းမှာစံချိန်တင်လောက်တဲ့ ၄၀ ဒီဂရီစင်တီဂရိတ်ရှိ အပူလှိုင်းဖြစ်ပေါ်မှုနဲ့ ရင်ဆိုင်နေရတာကို တွေ့ရပြန်ပါတယ်။

ဒီလိုအပူလှိုင်း ဖြစ်ပေါ်မှုကြောင့် နိုင်ငံတစ်ဝန်းမှာ နေအိမ် အဆောက်အအုံတွေ မီးလောင်မှုနဲ့ကြုံတွေ့ရသလို တချို့နေရာတွေမှာဆိုရင်  မိုးခေါင်ရေရှားမှု အခြေအနေအထိကို ဖြစ်ပေါ်လာပါတယ်။

အနောက်ဥရောပ ဒေသမှာဆိုရင် နိုင်ငံပေါင်း ၁၉ နိုင်ငံက  တောမီးလောင်မှု အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီ ၁၉ နိုင်ငံထဲကမှ ပေါ်တူဂီ၊ စပိန်နဲ့ ပြင်သစ်နိုင်ငံတို့က တောမီးလောင်မှုဒဏ်ကို အဆိုးဆုံး ခံစားနေရတာပါ။

ဥရောပတောမီးဆိုင်ရာ ပြန်ကြားရေး စနစ်ကနေ ရရှိတဲ့ အချက်အလက်တွေ အရတော့  သစ်တောမြေဟက်တာပေါင်း ၆၅၉၅၄၁ ဟက်တာမီးလောင် ဆုံးရှုံးသွားပြီလို့ သိရပါတယ်။

ဒီလိုမျိုး ဆိုးဝါးလှတဲ့ ရာသီဥတုဖြစ်စဉ်တွေဖြစ်ပေါ် လာရတာဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနဲ့ လုံးလုံးလျားလျား ဆက်စပ်နေတာပါ။

ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာ့နေရာဒေသအသီးသီးမှာ မတူညီတဲ့ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်လာပြီး အဲဒါရဲ့အကျိုးဆက်ကြောင့် ကမ္ဘာ့အပူချိန်ကလည်း ပိုလို့သာ မြင့်တက်လာပါလိမ့်မယ်လို့ ၂၀၂၁ ခုနှစ်ထုတ် ကမ္ဘာ့ရာသီဥတု  ပြောင်းလဲမှုဆိုင်ရာ အစီရင်ခံစာမှာ   ဖော်ပြထားပြီးသားဖြစ်ပါတယ်။

သုတေသနပညာရှင်တွေရဲ့ လေ့လာမှုတွေအရတော့ အခုလိုမျိုး ရာသီဥတုတွေ ဆိုးဝါးလာခြင်းမှာ လူသားတွေကြောင့် ဖြစ်ပေါ်ရမှုက ၇၁ ရာခိုင်နှုန်းအထိ ပါဝင်နေတယ်လို့ဆိုပါတယ်။

ဆိုးဝါးတဲ့ရာသီဥတု ဖြစ်စဉ်ဖြစ်ပွားမှုနဲ့ အလားအလာရှိတဲ့ အခြေအနေ ၅၀၄ ခုကိုစိစစ်မှုများ လုပ်ဆောင်ရာမှာ လူသားတွေရဲ့ ပယောဂကြောင့်ဖြစ်တာက ၇၁ ရာခိုင်နှုန်း ပါဝင်နေတာကို တွေ့ရတာဖြစ်ပါတယ်။

ဒီတော့ အခုလိုဆိုးဝါးလှတဲ့ ရာသီဥတု ဖြစ်စဉ်တွေကိုပြန်ကြည့်ရင် ကမ္ဘာကြီး ပူလောင်နေမှုကြောင့်ဆိုတာ ထင်ရှားပါတယ်။

ဒီလိုမျိုး ကမ္ဘာကြီး ပူလောင်အောင်လည်း ကျွန်တော်တို့လူသားတွေကပဲ လုပ်ဆောင်နေကြတာပါ။

ဒါဆိုရင် ပူလောင်နေတဲ့ ကမ္ဘာကြီးကို ကျွန်တော်တို့ဘက်က ကုစားပေးနိုင်တာ ဘာရှိမလဲ။

ကမ္ဘာပေါ်ကို နေရောင်ခြည် တိုက်ရိုက်မကျအောင် ကာကွယ်ပေးထားတဲ့ အိုဇုန်းလွှာ အခုထက်ပိုပြီး မပါးလာအောင် သစ်ပင်တွေ စိုက်ပျိုးခြင်း၊ ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို  သုညအထိ လျှော့ချခြင်း အစရှိတဲ့ အကြောင်းတရားတွေကို လုပ်ဆောင်ပေးမှသာ ကမ္ဘာကြီးအနေနဲ့ ပူလောင်မှုဒဏ်ရာကနေ သက်သာရာရတဲ့ အကျိုးတရားကို  ရရှိမှာဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။

ထက်မြတ်