ပုသိမ်မြို့မှထုတ်လုပ်သော ပုသိမ်ထီးများကို အာရှနှင့် ဥရောပနိုင်ငံတို့မှ စိတ်ဝင်စားပြီး မှာယူလျက်ရှိ

ပုသိမ်မြို့မှထုတ်လုပ်သော ပုသိမ်ထီးများကို အာရှနှင့် ဥရောပနိုင်ငံတို့မှ စိတ်ဝင်စားပြီး မှာယူလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်မြို့မှ ထုတ်လုပ် ရောင်းချလျက်ရှိသော  မြန်မာ့ရိုးရာ လက်မှုပညာပုသိမ်ထီးများကို အာရှ နှင့်ဥရောပနိုင်ငံတို့က အထူးစိတ်ဝင်စားပြီး မှာယူလျက် ရှိကြောင်း သိရသည်။

အဆိုပါ ပုသိမ်ထီးများကို ပန်းချီပညာဖြင့် ကနုတ်ပန်းရေးခြယ် အလှဆင်၍ အမြတ်တနိုး တန်ဖိုးထားကာ ကျက်သရေဆောင် ပစ္စည်းတစ်ခုအဖြစ် အသုံးပြုကြပြီး ရဟန်း ဆောင်းထီး၊ သီလရှင်ဆောင်းထီး၊ အမျိုးသမီး အလှဆောင်းထီး၊  စားပွဲတင်ထီး၊ ဟိုတယ်အလှဆင်ထီး၊ အိမ်တော်ရာထီး၊ အိမ်တော်ရာ  ရိုးရာမပျက် ခေတ်မီထီး၊ ကမ်းခြေသုံး ထီးတို့အပြင် မင်္ဂလာဆောင်အတွက်   လက်ဆောင်ထီးများကိုလည်း ထုတ်လုပ် ရောင်းချလျက်ရှိရာ အလှဆင်ထီးများအား အာရှနှင့် ဥရောပနိုင်ငံတို့မှ ပိုမို မှာယူလျက်ရှိသည်။

ပုသိမ်ထီးပြုလုပ်ရာတွင် ပုသိမ်မြို့နယ် ချောင်းသာ၊ ငွေဆောင်၊ ရှောပြာ၊ ရေကြည်နှင့် ငါးသိုင်းချောင်းတို့မှ အများဆုံး ထွက်ရှိသော သရဂူဝါးကို အဓိက သုံးစွဲရကြောင်း၊ ထီးကောင်းတစ်လက်ရရှိရန် ဝါးကောင်းရန် လိုအပ်ကြောင်း၊ ဝါးသက်တမ်း ကိုးနှစ်ရှိမှသာလျှင် ထီးအတွက် အကောင်းဆုံးဖြစ်ကြောင်း၊ ဝါးများကို ပိုးမစားစေရန် ကင်ပွန်းချဉ်ရွက်၊ မန်ကျည်းရွက်တို့ဖြင့်ပြုတ်ကာ ထီးခေါင်းများအတွက် လက်ပံသား၊ ဒီးဒူး၊ ပိတောက်သားတို့ကို အသုံးပြုကာ သံထည်ပစ္စည်း လုံးဝမပါဘဲ ဝါး၊ သစ်သားများဖြင့်သာ ပြုလုပ်ကြပြီး ပြည်တွင်းဖြစ် ရောင်စုံပိတ်စတို့ကို အသုံးပြု၍ တည်ရည်သုတ်လိမ်းကာ မြန်မာ့အနုပညာဖြင့် ဆေးဆိုးခြင်း၊  ပန်းချီရေးဆွဲခြင်း တို့ဖြင့်သာ အလှ ဆင်ထားသောကြောင့် ပြည်ပနိုင်ငံသားများ က အထူးကြိုက်နှစ်သက် သဖြင့် ပြည်တွင်းသာမက  ပြည်ပနိုင်ငံများသို့ပါ  တင်ပို့ရောင်းချနေရကြောင်း ပုသိမ်မြို့ ရွှေစာ ပုသိမ်ထီး လုပ်ငန်းရှင်  ဒေါ်လှလှဝင်းထံမှ သိရသည်။