ကြီးထွားဖွံ့ဖြိုးသောအရွယ် ကလေးငယ်များတွင် ရုပ်ပိုင်းဆိုင်ရာနှင့် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အာဟာရ ပြည့်ဝမှုသည် အလွန်အရေးကြီးသည်။ ထိုအရွယ်တွင် အာဟာရဓာတ်စုံလင်အောင် စားသောက်သင့်ပြီး အသင့်လျော်ဆုံးအာဟာရဓာတ်များမှာ အသားဓာတ်၊ ကယ်ဆီယမ်၊ သံဓာတ်နှင့်ဗီတာမင်များ (အေ၊ ဘီ၊ စီ) အုပ်စု စသည်တို့ ဖြစ်ကြသည်။ ကာဗိုဟိုက်ဒရိတ်နှင့် အဆီဓာတ်တို့က စွမ်းအင်ကို ဖြည့်တင်းပေးသည်။ ထို့ပြင် အသားဓာတ်ကလည်း <ကက်သား၊ အရိုးနှင့် တစ်သျှူးများတည်ဆောက်မှုအတွက် အရေးပါသည်။ ထို့ကြောင့် ကလေးများကြီးထွားဖွံ့ဖြိုးမှုအတွက် အသားဓာတ်ကိုလည်း မရှိမဖြစ်လိုအပ်သည်။
ဥအမျိုးမျိုး (ပြုတ်၊ ကြော်၊ ချက် ကလေးနှစ်သက်သလို ကျွေးမွေးနိုင်ပါသည်)
နွားနို့တွင် ကယ်ဆီယမ်နှင့်ဖော့စဖိတ်ဓာတ်ပြည့်ဝစွာ ပါဝင်သည်။
မြေပဲနှင့် ပဲအမျိုးမျိုးတွင် အသားဓာတ်နှင့်လူကို ကောင်းကျိုးပြုစေသောမပြည့်ဝဆီ ပါဝင်နေပါ သည်။
စတော်ဘယ်ရီကဲ့သို့သော ဘယ်ရီသီးအမျိုးမျိုးတွင် ဗီတာမင်စီကြွယ်ဝစွာ ပါဝင်သည်။
မုန်လာဥနီ၊ ရွှေဖရုံသီး၊ ခရမ်းချဉ်သီး၊ သင်္ဘောသီး၊ လိမ္မော်သီး စသည့်ဝါလိမ္မော်နီ အရောင်ရင့်သော သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက်မှ အာဟာရစုံ ပေးစွမ်းနိုင်သဖြင့် ၎င်းတို့ကို နေ့စဉ်စားပေးသင့်သည်။
ငါးအမျိုးမျိုးနှင့် အဆီနည်းသောအသားများမှ သံဓာတ်နှင့် အသားဓာတ်ရရှိစေသည်။
ကိုယ်ခံအားကောင်းစေမည့် အစားအစာများ
ကလေးတို့ နေ့စဉ်စားသောက်သော အစားအစာများထဲတွင် ကာဗိုဟိုက်ဒရိတ်၊ အသားဓာတ်နှင့် အဆီဓာတ်ချို့တဲ့ခြင်းအပြင် ဗီတာမင်နှင့်သတ္တုဓာတ်များ ချို့တဲ့ခြင်းကလည်း ကိုယ်ခံအားနည်းခြင်းကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် ကိုယ်ခံအားစနစ် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန်အတွက် ပြည့်စုံမျှတသော အာဟာရများကို စားသောက်ရန် လိုအပ်သည်။ ဗီတာမင်အေ၊ ဖောလစ်၊ ဗီတာမင်ဘီ-၆ နှင့် ဘီ-၁၂၊ ဗီတာမင်စီ၊ ဗီတာမင်ဒီ၊ ဇင့် နှင့် အမိုင်နိုအက်စစ်များသည် ကိုယ်ခံအားစနစ်အတွက် အရေးကြီးသော ဗီတာမင်နှင့် သတ္တုဓာတ်များဖြစ်ကြသည်။ အုတ်ဂျုံနှင့်ပြုလုပ်သော အစားအစာများ၊ ဗာဒံစေ့၊ မြေပဲစသည့် အခွံမာသီး အစေ့အဆန်များ၊ ပင်လယ်ငါးများ၊ ကန်စွန်းဥ၊ ပန်းသီး၊ အချဉ်ဓာတ်ပါသော သစ်သီးများ၊ ဘယ်ရီသီးအမျိုးမျိုး၊ နို့အမျိုးမျိုး၊ ဒိန်ချဉ်နှင့် ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်တို့ကဲ့သို့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များက ကိုယ်ခံအားကောင်းမွန်စေနိုင်သည်။
ကလေးတို့ ကိုယ်ခံအားကောင်းမွန်စေရန်အတွက် အထက်ဖော်ပြပါ အစားအသောက်များအပြင် အသက်အရွယ်အပိုင်း အခြားအလိုက် ကာကွယ်ဆေးများ အပြည့်အဝထိုးနှံသင့်သည်။ တစ်ကိုယ်ရေ သန့်ရှင်းရေးကိုလည်း အထူးဂရုစိုက်သင့်ပြီး ဆပ်ပြာနှင့် စက္ကန့် ၂၀ကြာ သေသေချာချာလက်ဆေးခြင်းဖြင့် ရောဂါအမျိုးမျိုး ကူးစက်မှုမှ ထိရောက်စွာကာကွယ်နိုင်သည်။ ထို့ပြင် အသက်အရွယ်အပိုင်းအခြားအလိုက် အိပ်စက်ရန်လိုအပ်ပြီး အိပ်ရေး၀၀အိပ်စက်ခြင်းက ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးမှုအတွက်သာမက ကိုယ်ခံအားကောင်းစေသည်။
ကလေးများအတွက် ဇင့်ဓာတ်
ဇင့်ဓာတ်သည် ကလေးတို့ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးသော သတ္တုဓာတ်ဖြစ်သည်။ အာရုံကြောစနစ်၊ မျိုးပွားအင်္ဂါများ၊ ကိုယ်ခံအားစနစ် စသည်တို့ဖွံ့ဖြိုးမှုအတွက် အထူးလိုအပ်သည်။
ဇင့်ဓာတ်ချို့တဲ့သောကလေးများတွင် ကြီးထွားဖွံ့ဖြိုးမှုနှေးကွေးခြင်း၊ ကလေးညှက်ခြင်း၊ မကြာခဏ အအေးမိဖျားနာခြင်း၊ ရောဂါပိုးဝင်ရောက်ခြင်း(တုပ်ကွေး၊ အဆုတ်ရောင်ရောဂါများ၊ အသက်ရှူလမ်းကြောင်း ရောဂါများ)၊ အပြင်းအထန်ဝမ်းလျှောခြင်း၊ အာရုံစူးစိုက်မှုနည်းခြင်း၊ မှတ်ဉာဏ်မကောင်းခြင်း၊ စာသင်ကြားရ ခက်ခဲခြင်း စသည်တို့ ဖြစ်ပေါ်စေသည်။ ကလေးများအတွက် အသင့်လျော်ဆုံးဇင့်ဓာတ်ကို အနီရောင်အသားများ၊ အကြေးခွံပါသော ငါးအမျိုးမျိုး၊ အာလူး၊ အစိမ်းရောင်ပဲသီးအမျိုးမျိုး၊ အခွံမာသီး၊ အစေ့အဆန်များ၊ မှို၊ ကွေကာအုပ်နှင့် ကောက်နှံအမျိုးမျိုး၊ တိရစ္ဆာန်ထွက်နို့အမျိုးမျိုး စသည်တို့မှရရှိနိုင်သည်။
ကလေးများအတွက် ဗီတာမင်စီ
ဗီတာမင်စီသည် သွေးနီဥဆဲလ်၊ အရိုးနု၊ အရိုးနှင့် တစ်သျှူးများ၊ ကြွက်သားများ တည်ဆောက်ပြုပြင်မှုအတွက် ကူညီပေးသည်။ ကလေးများတွင် သွားဖုံးကို ကျန်းမာစေသည်။ သွေးကြောများကြံ့ခိုင်စေသည့်အတွက် ကလေးများ ပြေးလွှားဆော့ကစားစဉ် လဲကျခြင်း၊ ထိခိုက်ခြင်းဖြစ်သောအခါ သွေးခြည်ဥဒဏ်ရာရခြင်းကို သက်သာစေသည်။ ထို့ပြင် ဗီတာမင်စီက ထိခိုက်ဒဏ်ရာများနှင့် အနာများကို မြန်မြန်သက်သာစေနိုင်ခြင်း၊ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ရောဂါပိုးများမှကာကွယ်ပေးခြင်း စသည်ဖြင့် ကောင်းကျိုးပြုသည်။ ထိုမျှမက ဗီတာမင်စီက ကလေးတို့နေ့စဉ် စားသုံးလိုက်သော အစားအစာများထဲမှ သံဓာတ်စုပ်ယူမှုကို အားကောင်းစေပြီး အာရုံကြောစနစ်ကိုလည်း ကောင်းစွာထောက်ပံ့ပေးနိုင်သည်။ ကလေးများအတွက် အသင့်လျော်ဆုံး ဗီတာမင်စီဓာတ်ကို အချဉ်အရသာရှိသောသစ်သီးမျိုးစုံ၊ ပန်းငရုတ်ပွ၊ သင်္ဘောသီး၊ ကီဝီသီး၊ ပန်းဂေါ်ဖီစိမ်း၊ သခွားမွှေးသီး၊ မာလကာသီး၊ ခရမ်းချဉ်သီး စသည်တို့မှ ရရှိနိုင်သည်။
ကလေးများအတွက် ကယ်ဆီယမ်
ကယ်ဆီယမ်သည် ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများအတွက် မရှိမဖြစ်လိုအပ်သော သတ္တုဓာတ် ဖြစ်သည့်အလျောက် ကြီးထွားဖွံ့ဖြိုးဆဲ ကလေးများအတွက် အထူးလိုအပ်သည်။ ထို့ပြင် ကလေးများ၏ အရိုးနှင့်
သွားများကြီးထွားသန်မာမှုနှင့် နှလုံး၊ ကြွက်သား၊ အာရုံကြောများ တည်ဆောက်မှုတို့အတွက် အရေးပါသောဓာတ် ဖြစ်သည်။ ကယ်ဆီယမ်ချို့တဲ့နေသော ကလေးတွင် သွားများကျိုးပဲ့လွယ်ခြင်း၊ ခြေလက်များထုံကျဉ်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ကြွက်တက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အရိုးပျော့ရောဂါဖြစ်ခြင်း၊ ကြီးထွားဖွံ့ဖြိုးမှု နှေးကွေးခြင်းတို့ကို ဖြစ်ပေါ်စေသည်။
ကလေးများအတွက် အသင့်လျော်ဆုံး ကယ်ဆီယမ်ဓာတ်ကို နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုး၊ အစိမ်းရောင် အရွက်ဖားဖား ဟင်းသီးဟင်းရွက်များ၊ ပဲပုပ်စေ့နှင့် ပဲပုပ်ဆီ၊ ငါး၊ ကုလားပဲ၊ သဖန်းသီး၊ သစ်ကြားသီး၊ နှမ်းစေ့၊ ပဲနီလေးအပါအဝင် ပဲစေ့အမျိုးမျိုးတို့မှ ရရှိနိုင်သည်။
ကလေးများအတွက် အိုမီဂါ-၃
အိုမီဂါ-၃ကိုနေ့စဉ်စားပေးခြင်းဖြင့် ကလေးများ၏ ဦးနှောက်စွမ်းရည်ကို ဖွံ့ဖြိုးတိုးတက်စေသည်။ စောစောစားနိုင်လေ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ပိုမိုအကျိုးရှိလေဖြစ်ရာ ငယ်စဉ်ကပင် အိုမီဂါ-၃ ဖြည့်စွက်စာ အာဟာရများ သို့မဟုတ် အိုမီဂါ-၃ ပါဝင်သောအစားအစာများ ကျွေးမွေးသင့်သည်။ ကလေးများအတွက် အသင့်လျော်ဆုံး အိုမီဂါ-၃ကို အဆီပါသော ငါးများ၊ ငါးကြီးဆီ၊ ပန်းဂေါ်ဖီစိမ်း၊ ကညွတ်၊ ဘယ်ရီသီးအမျိုးမျိုး၊ သန့်ရှင်းလတ်ဆတ် သော သဘာဝသစ်သီးဖျော်ရည်များ၊ ဒိန်ချဉ်၊ ဗာဒံစေ့ စသည်တို့မှရရှိနိုင်သည်။
ကလေးများအတွက် အာလူးနှင့်ငှက်ပျောသီးသင့်ကလေးအား ဘဝတစ်သက်တာ ကြီးထွားဖွံ့ဖြိုးစေလိုပါလျှင် ကဆီဓာတ်ကြွယ်ဝသောအာလူးကို ကျွေးမွေးသင့်သည်။ စွမ်းအင်ပြည့်ဝစေခြင်း၊ ဗီတာမင်စီ ပြည့်ဝစွာပါဝင်ခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းကို အထောက်အကူပြုခြင်း၊ ဗိုင်းရပ်ပိုးမွှားများကို သေစေနိုင်သော သတ္တိရှိခြင်း၊ အသားအရေကို ကျန်းမာသန့်စင်စေခြင်း၊ အသည်းကိုကာကွယ်ပေးခြင်း စသည်ဖြင့် အာလူးက ကိုယ်တွင်းကိုယ်ပရောဂါများကို ပုံစံအမျိုးမျိုးဖြင့် ကောင်းကျိုးပြုပေးနိုင်သည်။
ထို့အတူ သင့်ကလေးအား အစာအာဟာရအဖြစ် ငှက်ပျောသီးတစ်လုံး နေ့စဉ်ကျွေးသင့်သည်။ ငှက်ပျောသီးသည် ဈေးနှုန်းသက်သက်သာသာနှင့် အလွယ်တကူရနိုင်သော သရေစာတစ်မျိုးဖြစ်သည့်
အပြင် အာဟာရဓာတ်ပြည့်ဝစွာ ပါဝင်သည်။ ငှက်ပျောသီးတစ်လုံးစားပေးရုံမျှဖြင့် ကယ်လိုရီ၊ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ဗီတာမင်ဒီ၊ ဗီတာမင်ကေ၊ ဖောလိတ်၊ ကယ်ဆီယမ်၊ သံဓာတ်၊ ဖော့စဖောရပ်၊ ကြေးနီဓာတ်၊ မဂ္ဂနီစီယမ်၊ စီလီနီယမ် စသည်တို့ကို တစ်ပြိုင်နက်တည်း ရရှိစေမည်။ ထို့ပြင် အမျှင်ဓာတ်များပြားစွာ ပါဝင်သောကြောင့် အူလမ်းကြောင်းကျန်းမာရေးအတွက် အထောက်အကူပြုသည်။ ။
ပေါက်ပေါက်