နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးက တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ကျေးရွာများ ရေကောင်းရေသန့် ရရှိရေးအတွက် ရေဗြုန်ရေထွက် (သဘာဝရေထွက်) မှ ရေသွယ်ဖြန့်ဝေပေးခြင်း လုပ်ငန်းအား၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝန်ကြီးဌာန၏ ထောက်ပံ့ရန်ပုံငွေကျပ် ၁၅ ဒသမ ၀၀ သန်းဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။
ဖော်ပြပါလုပ်ငန်းသည်၂၀၁၄ ခုနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံအစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Terra People Asso-ciation (TPA) အဖွဲ့တို့ ပူးပေါင်း၍ ငွေကျပ် ၅၆၅ ဒသမ ၂၀၅ သန်းအကုန်ကျခံပြီး ရေအမြင့်တင်ခြင်း စနစ်ဖြင့် အင်းလေးဒေသရှိ ကျေးရွာများသို့ ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပေးခဲ့သည်။ အင်းလေးဒေသရှိ ကျေးရွာများကို ရေသွယ်ယူထားသည့် ၆ လက်မရေအောက်ပိုက်လိုင်းများ ပျက်စီးခြင်း၊ ရေဘား/လေဘားများ ပျက်စီးခြင်း၊ မော်တာနှင့်ရေတင်ပန့်များပျက်စီးနေပြီး ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ရေပေးဝေရေးကော်မတီအဖွဲ့၏ တင်ပြချက်အရ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (တောင်ကြီး)၏ အနီးကပ်ကြီးကြပ်မှုရေပေးဝေရေး ကော်မတီအဖွဲ့နှင့် ကျေးရွာလူထုများ ပူးပေါင်းပါဝင်မှုဖြင့် ရေတင်မော်တာနှင့်ပန့်များ ပြန်လည်ပြုပြင်ခြင်း၊ ရေအောက်ရှိ ၆ လက်မ ပိုက်လိုင်းများ ပြန်လည်ဖော်ထုတ်၍ စစ်ဆေးခြင်း၊ ပျက်စီးနေသည့်အပိုင်းအား ပိုက်အသစ်များဖြင့် အစားထိုးပြီး ပြုပြင်ပေးမှုကြောင့် ကန်ခေါင်းကျေးရွာနှင့် အင်းပေါခုံအုပ်စုရှ ိကျေးရွာများ စုစုပေါင်းကျေးရွာ ခုနစ်ရွာ အိမ်ခြေ ၄၆၀ ခန့် ရေရောက်ရှိ၍ အဆိုပါအိမ်ခြေများ ရေဗြုန်ရေထွက်မှ သွယ်ယူထားသည့် ရေကောင်းရေသန့်အား အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။