တိုက်စစ်မှူး အန်တိုနီ မန်ယူအသင်းသို့ ပြောင်းရွှေ့ရေး အတွက် ၎င်း၏ အေးဂျင့်အဖွဲ့က ယခုရက်သတ္တပတ်အတွင်း အပြီးဆောင်ရွက်မည်

တိုက်စစ်မှူး အန်တိုနီ မန်ယူအသင်းသို့ ပြောင်းရွှေ့ရေး အတွက် ၎င်း၏ အေးဂျင့်အဖွဲ့က ယခုရက်သတ္တပတ်အတွင်း အပြီးဆောင်ရွက်မည်

အေဂျက်အသင်း တိုက်စစ်မှူး အန်တိုနီ၏ အေးဂျင့်အဖွဲ့က ၎င်းတို့အသင်း ကစားသမားကို မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခွင့် ရရှိရေးအတွက် ဆက်လက်ကြိုးပမ်းနေပြီး ယခုရက်သတ္တပတ်အတွင်း အပြီးသတ် ပြောင်းရွှေ့ခွင့်ရရှိရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းက လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် လိုအပ်ချက်များ ရှိနေသည့်အသင်း တိုက်စစ်ပိုင်းအတွက် အန်တိုနီကို ခေါ်ယူရန် ပြီးခဲ့သည့် ရက်သတ္တပတ်က  ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ ဖြင့် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့သော်လည်း အေဂျက်အသင်းက ပယ်ချခဲ့ခြင်းဖြစ်သည်။

အန်တိုနီ ကိုယ်တိုင်ကလည်း  မန်ယူအသင်းသို့ ပြောင်းရွှေ့ပြီး နည်းပြတန်ဟတ်နှင့် ပြန်လည် လက်တွဲလိုသည့်အတွက် အေဂျက်အသင်းထံ မန်ယူအသင်း သို့  ပြောင်းရွှေ့ကစားခွင့် ရရှိရန်  တောင်းဆိုထားကာ   အသင်းနှင့်လေ့ကျင့်ခန်း မဆင်းဘဲ  ဆန္ဒပြမှု လုပ်ဆောင်လျက်ရှိသည်။

လက်ရှိတွင် မန်ယူအသင်းနှင့်  အန်တိုနီ၏ အေးဂျင့်အဖွဲ့ကြား အပြောင်းအရွှေ့အတွက် သဘောတူညီမှုရှိထားပြီး  အေဂျက်အသင်းမှ  တာဝန်ရှိသူများနှင့် အန်တိုနီ၏ အေးဂျင့်အဖွဲ့တို့ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေကာ ပြောင်းရွှေ့ကြေး ယူရို သန်း ၉၀ ဖြင့် သဘောတူညီမှု ရရှိရန်နီးစပ်လျက်ရှိ နေပြီဖြစ်သည်။

မန်ယူအသင်းသည် နောက်ဆုံးအကြိမ်အဖြစ် ပြောင်းရွှေ့ကြေး ယူရို သန်း ၉၀ အထိပေးချေရန် အသင့်ဖြစ်နေသည့်အတွက် အန်တိုနီ၏ အေးဂျင့်အဖွဲ့က အေဂျက်အသင်းမှ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေပြီး ယခုရက်သတ္တပတ် အတွင်း အပြောင်းအရွှေ့ အပြီးသတ် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။  

Ref; Dailymail