ရှမ်းပြည်နယ်တောင်ပိုင်းမှ ထွက်ရှိသည့် သစ်တော်သီးများ ဈေးကောင်းရရှိပြီး အဝယ်လိုက်နေ

ရှမ်းပြည်နယ်တောင်ပိုင်းမှ ထွက်ရှိသည့် သစ်တော်သီးများ ဈေးကောင်းရရှိပြီး အဝယ်လိုက်နေ

ရှမ်းပြည်နယ်တောင်ပိုင်းမှ ထွက်ရှိသည့် သစ်တော်သီးများ   ဈေးကောင်းရရှိပြီး အဝယ်လိုက်နေကြောင်း   ဟိုပုံးမြို့နယ်မှ သစ်တော်သီး  စိုက်ပျိုးရောင်းချသူများ၏ ပြောပြချက်အရ သိရသည်။

လတ်တလောတွင် သစ်တော်သီး ၁၉ ပိဿာဝင် ဆိုဒ်သေးတစ်ခြင်းလျှင် ငွေကျပ် ၁၂၀၀၀၊ ဆိုဒ်လတ်တစ်ခြင်းလျှင် ငွေကျပ်၂၆၀၀၀ နှင့် ဆိုဒ်ကြီးတစ်ခြင်းလျှင် ငွေကျပ် ၃၀၀၀၀ အထိရရှိနေကြောင်း သိရသည်။

“သစ်တော်သီးက   ဇွန်လလောက်က စပေါ်နေတာပါ။ ကျွန်တော်တို့ ဒီဘက်မှာ အသီးတုံးစပြုနေပါပြီ။ ခြံပြတ်ဝယ်တဲ့သူတွေတော့   နောက်လလောက်အထိ ရနိုင်ပါသေးတယ်။  သစ်တော်သီးက  သုံးလလောက်ပဲ ခူးလို့ရပါတယ်။ ဒီနှစ်ကစပေါ်ကတည်းက   အခုထိ   အရောင်းအဝယ် ကောင်းတယ်။ ဈေးလည်းရတယ်”ဟု ဟိုပုံးမြို့နယ်မှ  သစ်တော်သီး စိုက်ပျိုးရောင်းချသူ တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၌ သစ်တော်သီးကို တစ်နိုင်တစ်ပိုင်အပြင် ဧကအများအပြား စိုက်ပျိုးသူများလည်း ရှိကြောင်း၊မြန်မာနိုင်ငံ၌ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မန္တလေး တိုင်းဒေသကြီး   ပြင်ဦးလွင်မြို့နယ်အနီး ဝန်းကျင်ဒေသ၌ အများအပြား စိုက်ပျိုးလေ့ရှိသည်။

“သစ်တော်သီးကို အသီးအတိုင်း စားဖို့အတွက်ပဲ ဝယ်တာများပေမယ့် တာရှည်ခံအောင် တော်ဖီ၊ ဂျယ်လီနဲ့ ယိုတွေအနေနဲ့လည်း ပြုလုပ်ပြီး စားနိုင်ပါတယ်”ဟု တောင်ကြီးမြို့နယ်မှ သစ်တော်သီး စိုက်ပျိုးရောင်းချသူ ဒေါ်ထားထားကပြောသည်။

သစ်တော်သီးကို ဒီဇင်ဘာလမှ ဖေဖော်ဝါရီလလယ် အတွင်း စိုက်ပျိုးကြသကဲ့သို့ တောင်ပေါ်ဒေသများ၌ နွေရာသီ အစောပိုင်းတွင် စတင်စိုက်ပျိုးလေ့ ရှိကြကြောင်း၊ သစ်တော်သီးပင်များ၏ သက်တမ်းမှာ နှစ်ပေါင်း ၅၀ မှ ၇၅ နှစ်ဝန်းကျင်အထိ ရှိသော်လည်း အပင်အများစုမှာ သက်တမ်း ၁၀ နှစ်မှ ၁၅ နှစ်ဝန်းကျင် ကျော်ပါက အသီးသီးနှုန်း ကျဆင်းလာသောကြောင့် အပင်အသစ်များနှင့် ပြန်လည်အစားထိုးလေ့ ရှိကြကြောင်း သိရသည်။

ထို့ပြင် အပင်ကို စတင်စိုက်ပျိုးသည့် အချိန်မှ    သုံးနှစ်သက်တမ်း အကြာတွင် သစ်တော်သီး စတင်သီးလာမည်ဖြစ်သော်လည်း အပင်သက်တမ်း ငါးနှစ်မှ ခုနစ်နှစ်ရောက်မှသာ အသီးများများ ရရှိမည်ဖြစ်ကြောင်း သိရသည်။