ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အာဟာရပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ဆေးရုံသုံး ပစ္စည်းများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၁၄

   

ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၌ ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အာဟာရ ဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ် များအလိုက် တပ်မတော်သားများက သွားရောက် ပေးအပ်လှူဒါန်းလျက်ရှိသည်။

   

ထိုသို့ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ် ပြည်သူ့ဆေးရုံ၊ ကချင်ပြည်နယ်၊ ပူတာအိုမြို့ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေး အထူးကုဆေးရုံကြီး၊ ရပ်စောက်မြို့ ပြည်သူ့ ဆေးရုံ၊ ကယားပြည်နယ်၊ ဘောလခဲမြို့၊ ဖရူဆိုမြို့နှင့် ရှားတောမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲအိမ်တိုက်နယ်ဆေးရုံ၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ ချင်းပြည်နယ်၊ ကျီခါးတိုက်နယ်ဆေးရုံ၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံ၊ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမတိုက်နယ်ဆေးရုံ၊ မင်းလှမြို့နယ် ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့ ပြည်သူ့ဆေးရုံများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦး လက်ဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်) တီးမစ်(စ်)စသည့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

   

၎င်းအပြင် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေး ဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် တပ်မတော်က လှူဒါန်းသည့် အထောက်အကူပြု ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများ ဖြစ်သည့် Surgical  Mask  ၁၀၀၀၀ ခု၊ N-95 Mask  ၂၀၀ ခု၊ Face Shield ၂၀၀ ခု၊ Examination Glove   ၄၀၀ ခု၊ Hand  Gel  ၁၀၀ ဘူး၊ Hand Sanitizer  ၁၀၀ ဘူးနှင့် Personal Protective Equipment (PPE)  ဝတ်စုံ ၁၀၀ စုံတို့ကို ကယားပြည်နယ်၊ ဖရူဆိုမြို့နှင့် ရှားတောမြို့တို့ရှိ ပြည်သူ့ဆေးရုံ များသို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များက အောက်တိုဘာ ၁၃ ရက်တွင် သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။