COVID-19  ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများအား ဆက်လက်လက်ခံပြီး လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၁၄

တပ်မတော်အနေဖြင့် Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသနိုင်ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ COVID-19  ရောဂါဓာတ်ခွဲ အတည်ပြုလူနာများကို လက်ခံကုသပေးနိုင်ရန်အတွက် ကုသရေးနေရာများ ပြင်ဆင်ဆောင်ရွက်ထားရှိ လျက်ရှိပြီး စက်တင် ဘာ ၂၅ ရက်မှစတင်၍ အတည်ပြုလူနာများကို လူမျိုး၊ ဘာသာမရွေးလက်ခံကာ လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။  ယနေ့အထိ မှော်ဘီမြို့နယ်၊ တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ သံဃာတော် ၅၅ ပါး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံဆေး တပ်ရင်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာသာသနာ နွယ်ဝင်သီလရှင် ၄ ပါး၊ အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာ မဟာသာသနာ့ ဗိမာန်တော်တွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာသံဃာတော် ၉၁ ပါး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာအရပ်သား ၆၀၁ ဦးနှင့် ရဲမွန်မြို့၊ နယ်မြေခံသင်တန်းကျောင်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာအရပ်သား ၂၇၄ ဦးတို့ကို အသီးသီး ဆက်လက်လက်ခံကုသပေးလျက်ရှိပြီး အဆိုပါ ဓာတ်ခွဲအတည်ပြု လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်က စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့လက်ခံကုသမှုများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာ သည့် မှော်ဘီမြို့နယ်ရှိ နယ်မြေခံ ဆေးတပ်ရင်းမှ သာသနာနွယ်ဝင် သီလရှင် ၃၆ ပါးကို ယနေ့တွင် သက်ဆိုင်ရာမြို့နယ်များရှိ သီလရှင်ကျောင်းတိုက်နှင့် စာသင်တိုက်များသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင် ပေးကြသည်။

ထို့ပြင် သီးသန့်စောင့်ကြည့်ရမည့် သူများကိုလည်း လက်ခံလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ ၅၉၅ ဦး၊ ရွှေညောင်မြို့ တည်းခိုရေးစခန်း၌ သီးသန့် စောင့်ကြည့်ရမည်သူ ၆၅ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ၇၆ ဦးတို့ကို အသီးသီး လက်ခံထားရှိကြောင်းနှင့် စောင့်ကြည့်သူများအားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ သီးသန့်စောင့်ကြည့်ရမည့် သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်သူများ၏ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထိုသို့ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို တပ်မတော်က ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ ပိုးတွေ့လူနာတစ်ဦးနှင့် သီးသန့်စောင့်ကြည့်ထားသူ တစ်ဦး၏ စကားသံကို ယခုလိုကြားသိခဲ့ရပါတယ်-

“Quarantine Centre မှာဆိုလို့ရှိရင် ရဟန်းသံဃာတွေတင်မကဘူး   လူတွေအတွက်လည်း စီမံဆောင်ရွက်ပေးတာတွေ ဦးပဥ္ဇင်းတို့တွေ့ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုပေးတာတို့၊  အစားအသောက် နေရာထိုင်ခင်းစီမံပေးတာတို့     ကောင်းကောင်းမွန်မွန် ဆောင်ရွက်ပေးတာကို တွေ့ရတဲ့အတွက် ဒီ Quarantine Centre တွေဟာ ရဟန်းရှင်လူပြည်သူအားလုံးအတွက် အရမ်းအကျိုးများတဲ့ Quarantine Centre တွေဖြစ်တယ် ဆိုတာကို ဦးပဥ္ဇင်းအနေနဲ့ ပြောကြားလိုပါတယ်။ ဒီလိုမျိုးစီမံဆောင် ရွက်ပေးတဲ့ တပ်မတော်နဲ့ တပ်မတော်သား အားလုံးကိုလည်း ရဟန်းရှင်လူပြည်သူ အားလုံးကိုယ်စား ဦးပဥ္ဇင်းတို့က အရမ်းကို ကျေးဇူးတင်ပါတယ်"ဟု ဦးပဥ္ဇင်းတစ်ပါးက မိန့်ကြားသည်။

“လိုလေသေးမရှိအောင် အစစအရာရာ ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်။ ဒီမှာတာဝန်ကျနေတဲ့သူတွေ ကျန်းမာ ရေးဝန်ထမ်းတွေ   အကုန်လုံးကိုလည်း ဒီနေရာကနေပြီးတော့ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ပြီးတော့ ရုရှားစစ်သံရုံးက အစစအရာရာကူညီပေးတဲ့ အရာရှိကြီး တွေကိုလည်း   ကျေးဇူးတင်ပါတယ်”ဟု သီးသန့်စောင့်ကြည့်ထားသူ တစ်ဦးက ပြောသည်။