COVID-19 ရောဂါကုသရေးအတွင် အထောက်အကူပြု နိုင်စေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုးများ လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၁၄

 

 COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံများ၌ အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများနှင့် COVID-19  ရောဂါကုသရေးဌာနများအရောက် သွားရောက်လှူဒါန်းလျက်ရှိသည်။

 

  ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင်  ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်အနောက်ပိုင်း ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင် အိုး ၄၈ လုံးကို တပ်မတော် Oxygen Plant  များမှ အောက်ဆီဂျင်များဖြည့်သွင်းပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက သွားရောက်လှူဒါန်းသည်။

 

  တပ်မတော်အနေဖြင့် COVID-19 ရောဂါကုသရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက် ရာ၌ အောက်ဆီဂျင်လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်လှူဒါန်းသွားမည် သိရှိရပြီး လှူဒါန်းမှုနှင့်ပတ်သက်၍ ယခုလိုပဲကြားသိခဲ့ရပါတယ်-

“ယခုလက်ရှိ   တပ်မတော်အနေနဲ့လည်း ကျွန်တော်တို့ COVID-19 ကုသရေးအတွက်ကို အောက်ဆီဂျင်များ လှူဒါန်းနေတဲ့အတွက် ကျွန်တော်တို့ စက်ရုံအနေနဲ့ တစ်တပ်တစ်အားပါဝင်ရတဲ့အတွက် အထူးပင်ဝမ်းမြောက် ဂုဏ်ယူမိပါတယ်။  ကျွန်တော်တို့စက်ရဲ့  စက်တပ်ဆင်စွမ်းအား အနေနဲ့ကတော့ တစ်ရက်ကို အောက်ဆီဂျင် ၂၂၀ ကုဗပေ အလုံးရေ ၈၇၆ လုံးထုတ်လုပ်ပေးနိုင်ပြီး လက်ရှိမှာ အလုံး ၂၀၀ သာ  ထုတ်လုပ်ပေးတဲ့အတွက် ကျန်တဲ့အလုံး ၆၀၀ ကျော်ကို ၂၄ နာရီ ထုတ်လုပ်ပေးဖို့အတွက်  လူအင်အား၊ စက်အင်အား အသင့်ပြင်ဆင်ထားလျက် ရှိပါတယ်။

ဒီ COVID-19 ရောဂါအနေနဲ့ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးကနေ အမြန်ဆုံး ပပျောက်ပါစေ”ဟု  ဦးအောင်ဖြိုးမြင့် (စက်ရုံမှူး၊ အောက်ဆီဂျင်နှင့်  မီးသတ်ဆေးဘူးစက်ရုံ (မင်းဓမ္မ)က ပြောသည်။