၂၀၂၂ ခုနှစ် မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား အမျိုးသား တံခွန်စိုက် လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ
နေပြည်တော် သြဂုတ် ၂၉
၂၀၂၂ ခုနှစ် မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အမျိုးသား တံခွန်စိုက် လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့အားကစားရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးမျိုးလှိုင်နှင့် ဒေါက်တာစိုးဝင်း၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ အရာရှိကြီးများ၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးနှင့် တာဝန်ရှိ သူများ တက်ရောက်အားပေးကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကီလိုတန်းအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆု ရရှိခဲ့ကြသူများကို ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က အမျိုးသမီးအကောင်းဆုံး အားကစားသမားဆု ရရှိခဲ့သော အေးငြိမ်းထူး (အား/လူငယ်)ကို လည်းကောင်း၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးက အမျိုးသား အကောင်းဆုံး အားကစားသမားဆု ရရှိခဲ့သော စောဘွယ်ကလို(ပြည်ထဲရေး)ကို လည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေ ကျပ်တစ်သိန်းစီ ပေးအပ်ချီးမြှင့်သည်။
လူငယ်လူရွယ်များ လက်ဝှေ့အားကစားနည်းကို ပိုမိုစိတ်ပါဝင် စားလာစေပြီး လက်ဝှေ့ အားကစားနည်း ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် စိတ်ဓာတ်၊ စွမ်းရည်၊ သတ္တိနှင့် ပြည့်စုံ၍ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့ကိုယ်စားပြု သွေးသစ် အားကစား သမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်တို့ ကြီးမှူးကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။