ဘောလခဲမြို့၌ ဆီထွက်သီးနှံ မိုးနှမ်းများ စတင်ရိတ်သိမ်း နှမ်းစိုက်တောင်သူများ ဈေးကောင်းရရှိရန် မျှော်မှန်း
ကယားပြည်နယ် ဘောလခဲမြို့အတွင်း ဆီထွက်သီးနှံ မိုးနှမ်းများ စတင်ရိတ်သိမ်းလျက်ရှိရာ နှမ်းစိုက်တောင်သူများမှ ဈေးကောင်းရရှိရန် မျှော်မှန်းလျက်ရှိသည်။
ကယားပြည်နယ်ရှိ မြို့နယ်များတွင် နှမ်းကို စီးပွားဖြစ် စိုက်ပျိုးကြသော်လည်း ဘောလခဲခရိုင်တွင် ဧကအများဆုံး စိုက်ပျိုးကြသည်။ ဆီထွက်သီးနှံဖြစ်သည့် မိုးနှမ်းများကို တောင်သူများက စီးပွားဖြစ် စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် အောင်မြင်ဖြစ်ထွန်းလျက် ရှိသည်။
“ဒီနှစ် နှမ်းအထွက်နှုန်း ကောင်းတယ်။နှမ်းဈေးကောင်းဖို့ပဲ လိုတယ်။ ယခုနှစ် သြဂုတ် ၁၈ ရက်က မန္တလေးပေါက်ဈေးက နှမ်းနက်(စမုန်)တစ်အိတ်ကိုငွေကျပ်၂၂၀၀၀၀ မှ ၂၆၅၀၀၀၊ နှမ်းဖြူတစ်အိတ်ကို ငွေကျပ် ၂၂၀၀၀၀ မှ ၂၂၅၀၀၀၊ နှမ်းဖြူ(ဂျပန်)တစ်အိတ်ကို ငွေကျပ် ၂၇၈၀၀၀ မှ ၂၈၀၀၀၀၊ နှမ်းညိုတစ်အိတ်ကို ငွေကျပ်၂၂၀၀၀၀ မှ ၂၂၇၀၀၀ လို့သိရတယ်။
နယ်တွေမှာတော့ ပေါက်ဈေးမသိရသေးဘူး”ဟု နှမ်းစိုက်တောင်သူတစ်ဦးက ပြောသည်။
ကယားပြည်နယ်တွင် နှမ်းစိုက်ဧက ၂၃၂၁၂ ဧကရှိပြီး စိုက်ပျိုးဧက အများဆုံး ဖြစ်သည့် ဘောလခဲခရိုင်၌ ၁၉၇၁၉ ဧက စိုက်ပျိုးထားကြောင်း ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။