ယခုလအတွင်း အချဉ်ပေါင်း ထုတ်လုပ်ရန် စပျစ်အစိမ်းများ ဝယ်လိုအား များနေ
ယခုလအတွင်း အချဉ်ပေါင်းထုတ်လုပ်ရန် စပျစ်အစိမ်းများ ဝယ်လိုအားများနေ၍ ဈေးကောင်း ရရှိနေကြောင်း မန္တလေးတိုင်းဒေသကြီးမှ စပျစ်စိုက်ပျိုးရေးနှင့် နည်းပညာဖြန့်ဝေသူ ဦးလှိုင်ထွန်း၏ ပြောဆိုချက်အရ သိရသည်။
လတ်တလောတွင် စပျစ်သီးကိုင်းယူချိန် ဖြစ်သောကြောင့် ဈေးကွက်သို့ တင်ပို့သည့် စပျစ်ကို နည်းပါးစွာ ထုတ်လုပ်လျက်ရှိသော်လည်း အသီးထွက်ရှိမှု များသည့်ခြံများမှ အသီးစိမ်းများ ဆွတ်ခူးရောင်းချပေးနေခြင်း ဖြစ်သည်။
“တချို့ကျတော့လည်း စပျစ်သီးအစိမ်း တွေကို ခူးပြီးရောင်းကြပါတယ်။ စပျစ်သီး အစိမ်းကို အချဉ်ပေါင်း ဈေးကွက်အတွက် အဓိကရောင်းချနေတာပါ။ သူ့ရဲ့အရသာနဲ့ အာဟာရပိုင်းက အချဉ်ပေါင်းထုတ်လို့ရတဲ့ အနေအထားမျိုး ရှိပါတယ်။ စပျစ်အစိမ်းကို တင်းအခြင်အတွယ်နဲ့ ရောင်း ကြတာပါ”ဟု ဦးလှိုင်ထွန်းကပြောသည်။
ဈေးကွက်အတွင်း စပျစ်အစိမ်း တစ်တင်းလျှင် ငွေကျပ် ၇၀၀၀ မှ ၁၀၀၀၀ ဝန်းကျင်ရှိပြီး တစ်ရက်လျှင် ပိဿာချိန် ၅၀၀ မှ ၁၀၀၀ ဝန်းကျင်အထိ ရောင်းချ ရကြောင်း သိရသည်။
“အချဉ်ပေါင်းကို တချို့က တစ်နိုင်တစ် ပိုင်ထုတ်ကြသလို တချို့လည်း အများ အပြားထုတ်ကြတာရှိတယ်။ ပွဲရုံတင်ပို့ကြတာလည်း ရှိတယ်။ များသောအားဖြင့် မန္တလေးဘက်က အဝယ်များပါတယ်။
ဝယ်ယူတဲ့သူ၊ စပျစ်အစိမ်း ထွက်ရှိမှုအတိုင်းအတာနဲ့ လုပ်သားတွေရဲ့ ဆွတ်ခူးနိုင်မှု ပေါ် မူတည်ပြီး ဝယ်နေကြတာပါ။ စပျစ်ခြံတိုင်းတော့ မရောင်းချနိုင်သေးဘူး။ အနည်း အကျဉ်းလောက်ပဲ ရှိသေးတယ်” ဟု ဦးလှိုင်ထွန်း ကပြောသည်။
လက်ရှိတွင် မိုးကာလဖြစ်သောကြောင့် စပျစ်သီးဈေးကွက် အေးလျက်ရှိပြီး အရည် အသွေးကောင်းစပျစ်များ စတင်ထွက်ရှိလေ့ရှိသည့် မတ်လနှင့်ဧပြီလတို့တွင် ထွက် ရှိသော အသီးများမှာ ဈေးကောင်း ရလေ့ ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ စပျစ်ကို ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ပခုက္ကူ၊ ရေနံချောင်း၊ ရမည်းသင်း၊ ပျော်ဘွယ် စသည့် မြို့နယ်တို့၌ အများ အပြား စိုက်ပျိုးလျက်ရှိပြီး စပျစ်စိုက်ပျိုးသည့် ဒေသများ၌ ရေကို လိုအပ်ချက်ရှိသည့်အတိုင်း ပေးသွင်းနိုင်ပါက အကျိုးဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ကြောင်း သိရသည်။