မင်းဘူး(စကု)မြို့နယ်၌ ဆီထွက်သီးနှံဧက ၆၇၀၀၀ ကျော် စိုက်ပျိုးထား

မင်းဘူး(စကု)မြို့နယ်၌ ဆီထွက်သီးနှံဧက ၆၇၀၀၀ ကျော် စိုက်ပျိုးထား

    မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်၌   ဆီထွက်သီးနှံများ ဖြစ်သော  နှမ်း၊ နေကြာနှင့် မြေပဲ ဧက ၆၇၀၀၀  ကျော်စိုက်ပျိုးထားပြီး စိုက်ဧက ပြည့်မီစေရေးအတွက် ဆက်လက်ဆောင် ရွက်မည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးဇော်လင်း၏ ပြောပြချက်အရ သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ ဆီထွက်သီးနှံ စိုက်ပျိုးမှုအနေဖြင့်   မြေပဲလျာထားဧက ၁၆၅၂၆ ဧကအနက် စိုက်ပျိုးပြီး ၈၁၅၃ ဧက၊ နေကြာလျာထားဧက ၅၂၇၅ ဧက အနက်  စိုက်ပျိုးပြီး  ၁၆၉၃  ဧက၊ နှမ်းလျာထားဧက ၅၈၇၅၉ ဧကအနက် စိုက်ပျိုးပြီး ၅၇၄၀၅  ဧကဖြစ်၍ စုစုပေါင်း ၆၇၂၅၁ ဧက စိုက်ပျိုးပြီးဖြစ်သည်။

ဆက်လက်၍ လျာထားချက် ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဒေသခံ တောင်သူများနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်ရှိ  ကျေးရွာများမှာ မြေအောက်ရေထွက်ရှိသော ကျေးရွာများဖြစ်ကြ၍ သီးနှံများစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းသောကြောင့် မင်းဘူးမြို့ရှိ ပွဲရုံများသို့ တစ်ရက်လျှင် နှမ်းအတင်းရေ   ၂၀၀၀  ကျော်  လာရောက်ရောင်းချလျက် ရှိသကဲ့သို့   မြေပဲနှင့်နေကြာများကိုလည်း အများအပြား လာရောက်ရောင်းချလျက် ရှိကြောင်း သိရသည်။