WLC ပထမဆုံး အမျိုးသမီး ချန်ပီယံလုပွဲအဖြစ် ဆိုရိစ်မန်ဖရက်ဒီနှင့် မိုင်ရှာကက်ဇ်တို့ ရင်ဆိုင်မည်

ကမ္ဘာ့အဆင့် မြန်မာ့ရိုးရာလက်ဝှေ့ပွဲများ စီစည်နေသည့် အကြီးဆုံးအဖွဲ့အစည်း ဖြစ်သော WLC သည် သက်ဆိုင်ရာမှ ခွင့်ပြုချက်ရရှိလျှင် သြဂုတ် ၂၈ ရက်တွင် ပရိသတ်မပါသည့် နိုင်ငံတကာပွဲ ကျင်းပရန် စီစဉ်ထားသည်။

WLC ၏ (၁၂) ကြိမ်မြောက် ပြိုင်ပွဲတွင် ခေါင်ပွဲအဖြစ် ပြင်သစ်လက်ဝှေ့မယ် ဆိုရိစ်မန်ဖရက်ဒီနှင့် စပိန် လက်ဝှေ့မယ် မိုင်ရှာကက်ဇ်တို့ ဘင်တန်ဝိတ်တန်းအမျိုးသမီး ကမ္ဘာ့ချန်ပီယံ ခါးပတ်လုပွဲ ရင်ဆိုင်ကြရ မည် ဖြစ်ကာ ဒုတိယခေါင်ပွဲတွင် ပရိသတ် အချစ်တော် စိုးမင်းအောင်က ဉဇဘက်ကစ္စတန် ကစားသမား အာသာတီနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆိုပါတွဲဆိုင်းများကို ထိုင်းနိုင်ငံ၌ ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။

WLC: Hideout Battle ကို သြဂုတ် ၂၈ ရက်တွင် ကျင်းပဖြစ်လျှင် CANAL+ မှ ထုတ်လွှင့်ပြသမည် ဖြစ်ပြီး UFC Fight Pass မှလည်း ထုတ်လွှင့်ပြသမည် ဖြစ်ကာ ယခုပွဲကို စံချိန်တင်အဖြစ် နိုင်ငံပေါင်း ၁ဝဝ ကျော်တွင် ထုတ်လွှင့်ပြသဖွယ်ရှိသည်။

ဆိုရိစ်မန်ဖရက်ဒီသည် WLC အမျိုးသမီးပွဲစဉ်များတွင် အလဲထိုးနိုင်ပွဲရယူနိုင်သည့် ပထမဆုံးကစား သမားဖြစ်ပြီး ကမ္ဘောဒီးယား ကစားသမား အဲယာနက်နှင့် ဗီယက်နမ်ကစားသမား ထရန်သီလျူအာ တို့ကို အနိုင်ရထားသူဖြစ်သည်။ ပြင်သစ်နိုင်ငံ၌ မွေးဖွားပြီး လက်ရှိတွင်  ထိုင်းနိုင်ငံ၌ နေထိုင်ကာ ပထမဆုံး အမျိုးသမီးကမ္ဘာ့ချန်ပီယံဖြစ်လာရန် လေ့ကျင့်ကြိုးပမ်းနေသူဖြစ်သည်။

မိုင်ရှာကက်ဇ်သည် တိုက်ခိုက်ရေး အားကစားလောက၏ တိုးတက်မှု အလျင်မြန်ဆုံး ကစားသမား တစ်ဦးဖြစ်ပြီး ကမ္ဘာတစ်လွှားတွင် ပွဲ ၂ဝ ယှဉ်ပြိုင်ကာ ၁၇ ပွဲ အနိုင်ရထားသူဖြစ်သည်။ ကမ္ဘာအနှံ့ ပြိုင်ပွဲ များတွင် အတွေ့အကြုံရင်ကျက်သူ မိုင်ရှာကက်ဇ်မှာ မြန်မာ့ရိုးရာ လက်ဝှေ့မယ်အဖြစ် ကူးပြောင်းယှဉ် ပြိုင်ရန် စိတ်အားထက်သန် နေသူဖြစ်သည်။

စိုးမင်းအောင်သည် ဘင်တန်ဝိတ် ၅၁-၅၄ ကီလိုတန်းတွင် ကမ္ဘာ့အကောင်းဆုံး စာရင်းဝင်သူဖြစ်ပြီး နောက်မဆုတ်တန်း ရင်ဆိုင်တတ်သည့် ပုံစံကြောင့် နာမည်ကျော်သူဖြစ်သည်။ WLC နှင့် ပွဲဦးထွက်တွင် ပြိုင်ဘက်ကို အလဲထိုးအနိုင်ယူကာ အဖွင့်လှခဲ့သူဖြစ်သည်။

Max FC ကစ်ဘောက်ဆင် ကမ္ဘာ့ ချန်ပီယံဟောင်းဖြစ်သည့် အာသာတီမှာ ကိုရီးယားသွေးနှောသည့် ဉဇဘက်ကစ္စတန် ကစားသမားဖြစ်ပြီး ၎င်း၏ယဉ်ပြိုင်ရင်ဆိုင်ပုံမှာ မြန်မာ့ရိုးရာ လက်ဝှေ့နှင့် သင့်လျော်ကိုက်ညီသော အနေအထားတွင် ရှိကြောင်း သိရသည်။