၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းက တတိယဆု ဆွတ်ခူးရရှိ

၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းက တတိယဆု ဆွတ်ခူးရရှိ

နေပြည်တော်  စက်တင်ဘာ  ၁

မြန်မာ့ဘောလုံး အားကစားလောက အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်း မြှင့်တင်နိုင်စေရန်နှင့် မျိုးဆက်သစ် ဘောလုံး အားကစားသမား များစွာပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် ဝန်ကြီး ဌာနပေါင်းစုံ  အသက် ၂၅ နှစ်အောက် (အမျိုးသား)  ဘောလုံးပြိုင်ပွဲကို ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ တတိယလုပွဲ ပွဲစဉ်အဖြစ် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ  တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ပယ်နယ်တီ အဆုံးအဖြတ် ကန်သွင်းခဲ့ကြရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက ၃ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး  တတိယဆုအား ဆွတ်ခူးရရှိသည်။

အဆိုပါပြိုင်ပွဲသို့   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဗိုလ်မှူးချုပ်လူမွန်၊ ဦးအောင်ကျော်ထွန်း၊  ဦးအောင်မြိုင်၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း၊ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးတင့်မြတ်သူ၊  ဒေါက်တာကျော်မိုးဦး၊ လူငယ်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊  အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာများမှ  တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးသည်။

စက်တင်ဘာ  ၂ ရက်(ယနေ့) ညနေ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ဗိုလ်လုပွဲပွဲစဉ်အဖြစ် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီး ဌာန အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ရာ  ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့  လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သတင်း ရရှိသည်။